From :
.. ပြည်မြန်မာ
မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိက
သတင်းပညာသင်ကျောင်း အနေဖြင့် Myanmar Journalism Institute (MJI) ကို
ဇူလိုင်လ ၁၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကနဦး အစီအစဉ်အဖြစ် Part-Time
Diploma in Journalism ကို သင်ကြားပေးမည်ဖြစ်ကြောင်း MJI, Board of
Director အဖွဲ့မှ ၁၄-၆-၂၀၁၄ ရက်က သိရသည်။ အဆိုပါ ပုဂ္ဂလိက ပညာသင်ကျောင်းကို
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းမီဒီယာ အဖွဲ့အစည်းများ
ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး Print, Audio, Video, Onilne Journalism
ပညာရပ်များကို UNESCO အဖွဲ့က ချမှတ်ပေးသော သင်ရိုးညွှန်းတမ်းများနှင့်အညီ
သင်ကြားပေးသွားမည်ဟု ဆိုသည်။ “MJI က သတင်းပညာနဲ့ ပတ်သက်တဲ့
ဒီပလိုမာသင်တန်းတွေ ဆက်တိုက်ဖွင့်မှာပါ။ လောလောဆယ်တော့ Part-Time Diploma
စဖွင့်မယ်။ ၁၂ လမှာ Print, Audio, Video, Online ဆိုတဲ့ Module လေးခုကို
တစ်ခု ၃ လ သင်ရမယ်။ တစ်ခုပြီးတိုင်း Certificate ထုတ်ပေးမယ်။
အားလုံးပြီးရင် နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ ရမယ်။ မီဒီယာလောကမှာ
ရှိနေတဲ့ Working Journalist တွေကို ရည်ရွယ်ပြီး ဖွင့်တာကြောင့် လုပ်သက်
နှစ်နှစ်အထက် မီဒီယာသမားတွေ တက်နိုင်တယ်။ ပညာအရည်အချင်း
ကန့်သတ်မှုမရှိပါဘူး” ဟု MJI, Board of Director အဖွဲ့ဝင် ဦးသီဟစောက
ပြောသည်။ Part-Time Diploma ကို လုပ်သက်နှစ်နှစ်ရှိ မီဒီယာများ
တက်ရောက်နိုင်ပြီး သင်တန်းကြေးမှာ Module တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀၀
နှုန်းဖြင့် ဒီပလိုမာ တစ်တန်းလျှင် ၈၀၀၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း
ဇူလိုင် ၁၄ ရက်တွင် ဖွင့်လှစ်မည့် ပထမဆုံး သင်တန်းတွင် သင်တန်းသား ၁၅ ဦး
လက်ခံ၍ Full Scholarship ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောသည်။
ပြည်တွင်းပြည်ပ ပညာရှင်များ သင်ကြားမည်ဖြစ်ပြီး တစ်လလျှင် တစ်ပတ်နှုန်း
သင်တန်းသို့ လာရောက်ရမည် ဖြစ်ကာ e-Learing စနစ်ဖြင့် အဓိကသင်ယူရမည်ဟု
သိရသည်။ MJI ကို နောက်ပိုင်းတွင် ကောလိပ်အဆင့်အဖြစ် တိုးမြှင့်ရန်နှင့်
နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံ ဒေသ
အတော်များများတွင် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင်
Full-Time Diploma in Journalism ကို လုပ်သက်မရှိသေးသူ၊ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူ၊ ဘွဲရပြီးသူများအတွက်လည်း ဖွင့်လှစ်သွားရန် ရှိသည်။
.. www.MyanmarExpress.net
.. www.MyanmarExpress.net


0 comments