Related Posts Plugin for WordPress, Blogger...

နဲနဲ ကျော်တွေးကြည့်ရအောင် .....
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၄၃၆) ကို ပြင်/ဖျက်စေချင်ကြတဲ့ သန်း (၃၀) လောက်ရှိတဲ့ မဲပေးခွင့်ရှိသူ ပြည်သူ အားလုံးက (ထက်ဝက်ကျော် တောင် မဟုတ်ဘူးနော်) လက်မှတ်တွေ အားလုံးထိုးလိုက်ပြီးပြီ ဆိုပါတော့ .....
ပြည်သူ့ ဆန္ဒတော့ မှန်တယ်။ ၄၃၆ ဘာဖြစ်သွားမလဲ ...
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်/ဖျက် ဖြစ်စဉ်အတွက် ဒီနည်းလမ်းဟာ အဖြေလား။ (သို့) အဖြေကို အထောက်အကူ ဖြစ်စေသလား။ ပြည်သူတယောက်အနေနဲ့ စဉ်းစားမိတယ်။
စဉ်းစားတယ် ဆိုတာကလည်း ဒါပြီးရင် ဘာဆက်လုပ်မှာလည်း ၊ ဘာဖြစ်လာမှာလဲ ဆိုတဲ့ အစီအစဉ်ကို မသိရလို့။ ရည်ရွယ်ချက်ကို သိပေမယ့် ဘယ်လို လုပ်မှာကို မသိတော့ စဉ်းစားတာပေါ့လေ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်စေချင်တဲ့ထဲမှာ ကျွန်တော်လည်း ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို Expectation Management အရ ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်နိုင်တာရယ် ကို ပြန်ဆန်းစစ်ကြည့်မိပါတယ်။ လွှတ်တော်တွင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လိုက်လျောဖို့ လိုအပ်တဲ့ အကျိုးရှင် (Stakeholders)တွေ ရဲ့ နိုင်ငံရေး စေတနာ( Political Will) နဲ့ အဓိက ဆိုင်လိမ့်မယ် ထင်ပါတယ်။ မပြင်ရဘူးလို့ ဘယ်သူကမှတော့ မပြောထားပါဘူး။ တာဝန်ရှိ လူကြီးမင်းတွေ အားလုံး လိုလိုက ပြင်ကြရမှာပေါ့ လို့ ပြောနေတာ ကြားမိတာဘဲ။ အဲ.... ပြင်ရခက်အောင် လုပ်ထားတာတော့ မှန်တယ်။ အဲဒီ အခက်အခဲ ကို ဘယ်လို ကျော်လွှားလို့ရမလဲ ဆိုတဲ့ နည်းဗျူဟာကို ဘယ်နိုင်ငံရေး ခေါင်းဆောင်ကမှ မဟာဗျူဟာ မြောက် စဉ်းစား ချပြတာ မတွေ့မိဘူး။ နောက်တခုက ၄၃၆ ပြင်လိုက်ယုံနဲ့ရော ၂၀၀၈ ဖွဲ့စည်းပုံဟာ ထပ်ပြင်စရာ မလိုအောင် ကောင်းသွားပြီလား။ ပြင်ရမှာတော့ မှန်ပါတယ်။ အဲဒီ ပုဒ်မပါ ပုဒ်မတွေမှာ ချက်ချင်း ပြင်သင့်တဲ့ဟာ၊ အချိန် အကန့်အသတ်နဲ့ နိုင်ငံရေး အခင်းအကျင်းပေါ် မူတည်ပြီး အပြီး ပြင်သင့်တဲ့ဟာ၊ နိုင်ငံသားတွေရဲ့ နိုင်ငံရေး ရင့်ကျက်မှုပေါ် မူတည်ပြီး ရေရှည် အကျိုးစီးပွါးအတွက် ပြင်ကြရမယ့်ဟာတွေ ကို ပြန်ပြီး ခွဲခြား ဝေဖန်ကြသင့်တယ်လို့ ယူဆမိပါတယ်။
ပုဒ်မ တခုလုံးကို တခါတည်း ပြင်ချင်တာကျတော့ လက်တွေ့နဲ့ အလှမ်းဝေးလှတယ်။ "အခန်း(၁၂) ပုဒ်မ ၄၃၆
တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်
သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" လို့ ဆိုထားပါတယ်။ အဲဒီတော့ အခု လက်မှတ် စုဆောင်းတာဟာ အဲဒီ အာဏာတည်မြဲရေး ပုဒ်မကို ပြင်/ဖျက်ရာမှာ ဘယ်လို အထောက်အကူဖြစ်လေမလဲ။ ပြည်သူတယောက်အနေနဲ့ ရိုးရိုးသား သိချင်မိပါတယ်။ ပြောပါရစေ။ ပြည်သူ့ ဆန္ဒက အဆင်သင့်ပါ။ လွှတ်တော်ထဲမှာ ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ တပတ်လည်အောင် လုပ်ကြပါ။
ပြည်သူ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ပို့ပေးထားတာဘဲ။ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေကို စည်းရုံးဖို့အတွက်ကော ဘယ်လိုများ စဉ်းစားထားလဲ ဆိုတာ ပြည်သူအနေနဲ့ သိချင်တာပေါ့။ အဲဒီ ဟိုမရောက် ဒီမရောက်တွေကို အချိန်ပေး ညှိနှိုင်း စည်းရုံးရင်ကော ဖြစ်နိုင်ခြေနဲ့ ဘယ်လောက် နီးစပ်မလဲ။ နဂိုကတည်းက ကိုယ့်ဖက်က မဟုတ်တော့ ခက်ပေမပေါ့။ အဲဒီတော့ ခက်တဲ့ဖက်ကို မစဉ်းစားဘဲ လွယ်တဲ့ဖက်ကို ဘဲ လှည့်စဉ်းစားရော။ တနည်းအားဖြင့် ပြည်သူဖက်ကိုလှည့်လာရော။
ပြည်သူကတော့ လွယ်တယ်လေ။ အာဃာတ ကိုယ်စီနဲ့ နေကြတဲ့ဟာ။ အဲဒီလို အာဃာတ လောင်စာတွေနဲ့ ပေါက်ကွဲဖို့ အဆင်သင့် ဖြစ်နေတဲ့ ပြည်သူကို အချိန်မရွေး လမ်းပေါ် ပြည့်သွားအောင် လုပ်ပြနိုင်တယ် ဆိုတဲ့ လူကြီးမင်းကိုလည်း မလေးစားဘဲ မနေနိုင်ဘူး။ ခု ချိန်ထိ အဖြေကို လမ်းပေါ်မှာ ရှာချင်နေတုန်း။ နိုင်ငံအပေါ် ထားတဲ့ စေတနာအပေါ် သံသယ မရှိပေမယ့် တောင်းပန်ပါရစေ။ တိုင်းပြည်ကို ချောက်နှုတ်ခမ်းရောက်အောင် တွန်းပို့သလို မလုပ်မိကြပါစေနဲ့။ တကယ် ချောက်ထဲ ကျ၊ မကျ မသိပေမယ့် ခေါင်းစဉ်တပ်ပြီး ဆယ်ချင်သူက အဆင်သင့် ဆိုတာလည်း မမေ့ကြပါနဲ့။
အရှိတရားကို သိအောင်လုပ်ကြပါလို့ ပြောလိုက်ပြန်တော့ ကိုယ့်အသက်ကို အရင် ပြန်စစ်တယ်။ အဲဒီအသက်ကြောင့်ဘဲ ကျွန်တော်တို့ ပြည်သူတွေ စိတ်ဒုက္ခရောက်ကြရတယ်။ အသက်အရွယ်က နောက် Term နှစ်ခု သုံးခု စာလောက် အလုပ်လုပ်နိုင်ဖို့ ကျန်နေသေးရင် ဒီနေ့ ဒီလောက် အလျင်လိုမယ် မဟုတ်ဘူး။ ခံစားမိသလို ပြောတာဘဲ။
ဒီနိုင်ငံ အေးအေးချမ်းချမ်း နဲ့ တိုးတက်ဖို့အတွက် တော့ ကျွန်တော်လည်း မျှော်လင့်တာဘဲ။ အရည်အချင်းမရှိဘဲ အုပ်ချုပ်နေတာကိုလည်း မခံချင်ဘူး။ အရည်အချင်းတွေ ရှိလှတယ် ပြောပြီး ဘာအဖြေမှ ထွက်အောင် မလုပ်နိုင်ရင်လည်း ဟန်မကျဘူး။ တကယ်ကျတော့ ဘက် တိုင်းက ကိုယ်ကျိုးစီးပွါး အတွက်ပဲ ရှေ့တန်းတင်နေကြတာ။ ပြည်သူက နှစ်ဖက်စလုံးရဲ့ ဓါးစာခံ။
ကျွန်တော်တို့ ရိုးသားကြရအောင်ပါ။
ကျန်နေတဲ့ သက်တမ်းမှာ လုပ်လို့ ရသမျှလေးကို သမိုင်းမှတ်တိုင်ကောင်းလေး စိုက်လိုက်နိုင်ဖို့ လိုပါတယ်။
"ငါ့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ အရ ဒီနေရာ၊ ဒီရာထူးတော့ ရလိုက်တယ် ရှိအောင် လုပ်ရမှာဘဲ" ဆိုတဲ့ ခံယူချက်တွေ ကိုယ်စီကြားမှာ ဒီတိုင်းပြည် ထပ်ပြီး မနစ်မွန်း ပါရစေနဲ့။ ပြည်သူတွေ မြေစာပင် ထပ်ပြီး မဖြစ်ပါရစေနဲ့။
စွန့်လွှတ်အနစ်နာ ခံမှုတွေနဲ့ ပေးဆပ်ခဲ့ကြတဲ့ လူကြီးမင်းတို့ကိုလည်း လေးစားသလို၊ အပြောင်းအလဲ ကို အမှန်တကယ် ဆောင်ကြဉ်း ပေးလိုတဲ့ အစိုးရအဖွဲ့မှ Key Players များကိုလည်း လေးစားပါတယ်။ နိုင်ငံရေး ဆောင်ရွက်ချက်တွေမှာ ပါဝင်ဆောင်ရွက်လိုတဲ့ တပ်မတော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ ယုံကြည်စိတ်ချရမှု နဲ့အတူ တဖြည်းဖြည်းချင်း ရာခိုင်နှုန်း လျှော့ သွားဖို့ကို မျှော်လင့်ပါတယ်။ နိုင်ငံရေး သုခမိန်များ အနေနဲ့လည်း လွှတ်တော်တွင်းက ၂၅% သော တပ်မတော်ကိုယ်စားလှယ်များကို တကြိမ်တည်းနဲ့ အပြီး ဖယ်ပေးဖို့ အရေးဆိုတာထက်စာရင် Term တခုမှာ ၅% လောက်(ဥပမာ) လျှော့သွားအောင် နည်းလမ်းရှာတာက ဖြစ်နိုင်ခြေနဲ့ နီးစပ်မယ် ထင်ပါတယ်။ Term ၅ ခု လောက်ဆိုရင် ကျွန်တော် ပြည်သူတွေလည်း နိုင်ငံရေး ရင့်ကျက်မှု အထိုက်အလျောက် ဖြစ်လာပြီး တပ်မတော် နဲ့ ပြည်သူရဲ့ ဆက်ဆံရေးတွေ၊ ယုံကြည်မှုတွေလည်း အပြန်အလှန် တိုးလာကြရောပေါ့။ ဒီနည်းအတိုင်းဆို လက်မခံနိုင်စရာလည်း ရှိ မထင်ပါဘူး။ သို့သော် ကြိုးစားကြည့်ဖို့တော့ လိုတာပေါ့။
လောလောဆယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၄၃၆) ကို ပြင်/ဖျက်ဖို့ ဦးဆောင် ကြိုးစားနေကြသူများ တိုင်းပြည်အတွက် လုပ်နေတာကို နားလည်ပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်အောင် ဆောင်ရွက်နိုင်ကြပါစေ။ လူကြီးမင်းတို့ရဲ့ ခြေလှမ်းတိုင်း၊ စကားလုံးတိုင်းဟာ အရေးကြီးလှပါတယ်။ ပြည်သူအတွက် လိမ္မာယဉ်ကျေးတဲ့၊ ပညာပြည့်ဝတဲ့၊ အမြော်အမြင် ကျယ်တဲ့ နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါစေ။
သက်ဆိုင်ရာ အကျိုးရှင်များ(Stakeholders) အားလုံး ...
ဘယ်သူ သေသေ၊ ငတေ မာရင် ပြီးရော (Win - Lose) မလုပ်ကြပါနဲ့။
မြွေဖာလည်း ဆုံး၊ သားလည်း ဆုံး (Lose - Lose) အဖြစ်မျိုး မကြုံချင်ပါ။
ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ (Win - Win) ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေ။
လှထွန်းခိုင်
၂၇.၅.၂၀၁၄
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ