From : .ပြည်သူ့ အာဏာ

NLD
ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ
မပြင်ဆင်လိုသူများသည် ပညာမဲ့ခြင်း၊စေတနာမဲ့ခြင်း နှင့် သတ္တိမရှိခြင်း
တို့ကြောင့် ဟု ပြောဆိုခဲ့ခြင်းကြောင့် အမျိုး ဘာသာ သာသနာ ကာကွယ်ရေး
ဆောင်ရွက်လျက် ရှိသော နိုင်ငံတစ်ဝှမ်းမှ သံဃာ
တော်များ စိတ်မကောင်းဖြစ်ရကြောင်း သိရသည်။ “ဒကာမကြီး
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ မပြင်လိုသူ ဆိုပြီး လုံးပြီး
ပြောပါတယ်။ ပုဒ်မ ၅၉(စ)မပြင်လိုသူ ဆိုပြီး ပြောချင်တာပါ။ ဒါကို
ဘုန်းကြီးတို့ နားလည်ပါတယ်။ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး မပြုလုပ်ဖို့ ဘုန်းကြီး
တို့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော် တွေက
ဦးဆောင်ပြီး ပြုလုပ်နေတာ အားလုံး သိပြီးသားပဲ။ ဒီတော့ ဘုန်းကြီးတို့
အားလုံးကို ပညာမဲ့တယ်၊ စေတနာမဲ့တယ်၊ သတ္တိမဲ့တယ် ဆိုပြီး ပြောလိုက်တဲ့အတွက်
အတော်ကလေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ အတ္တနဲ့ လောဘကြောင့်
မပစ်မှားသင့်တာတွေကို ပစ်မှားလာခဲ့ပြီ။ သမ္မတ ဖြစ်ချင်တဲ့ စိတ်ဆန္ဒက
လှုံ့ဆော်မှုကြောင့် ရတနာသုံးပါးကို ထိခိုက်စော်ကားလာတဲ့အထိ ဖြစ်လာခဲ့ပါပြီ။
ဘုန်းကြီးတို့က ဒကာမကြီးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီလောက်ပဲ ပြောပါရစေ"
ဟု မန္တလေးမြို့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ
တစ်ပါးက မိန့်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က မောင်တောနှင့် စစ်တွေကို
၎င်းတို့အပိုင် ပူးပေါင်းရန် ဆန္ဒခံယူပွဲပြုလုပ်သင့်သည် ဟူ၍
ပြောကြားချက်ကိုမူ တစ်လုံးမျှ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိသောကြောင့်
ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုမို၍ပင် အယုံအကြည်ကင်းမဲ့သွားပြီ ဖြစ်ကြောင်း
မြန်မာအမျိုးသားကွန်ရက် ဦးဆောင်လှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်ကြည့်လိုက်ရင် အချုပ်အခြာအာဏာ အထိခိုက် မခံဘူး ဆိုတဲ့ စကား သူ့ပါးစပ်က
ဘယ်တုန်းက ထွက်ဘူးသလဲ။ နိုင်ငံအတွက် ပြတ်ပြတ်သားသား ဘာများ ပြောခဲ့သလဲ။
ရခိုင်ပြည်နယ်ကိစ္စ တရားဥပဒေစိုးမိုးရေးကိုပဲ အာဂုံဆောင်ခဲ့တယ်။ ဘာများ
တိုင်းပြည်အတွက် ရဲရဲရင့်ရင့် ပြောခဲ့သလဲ။ အခုလည်း မောင်တောနဲ့ စစ်တွေကို
ဘင်္ဂလားဘက်ပေါင်းသင့်တယ် ဆိုတာကို ဘာတစ်ခွန်း ပြောထွက်ခဲ့သလဲ။ ဘာတစ်ခွန်း
ပြောရဲသလဲ။ စနေနေ့က ဟောပြောပွဲမှာ တစ်ခွန်းလေး ထည့်ပြော အားလုံးက
လက်ခံလိမ့်မယ်။ အခုဆိုရင် အခြေခံဥပဒေ မပြင်လိုသူတွေ ဆိုပြီး မိန်းမပီပီ
စောင်းမြောင်းပြောတယ်။ ပုဒ်မ ၅၉(စ)ဆိုပြီး ဒဲ့ပြောလေ။ အကုန်လုံးကို
ချိတ်စောင်းပြီး ပြောတယ်။ ဒါဆို ကျွန်တော်တို့ကို ပညာမဲ့တွေ လို့
ပြောလိုက်တဲ့ သဘောပဲ။ ကျွန်တော်တို့တင်မကဘူး တစ်နိုင်ငံလုံးမှာ ၅၉(စ)
မပြင်ဖို့ ဟောပြောနေတဲ့ သံဃာထုကြီးတစ်ရပ်လုံးကို စော်ကားလိုက်တာပဲ။ NLD
ပါတီဝင်တွေ၊ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူတို့ သံဃာတော်တွေကို
စော်ကားခဲ့တယ်။ အခု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ပြောလာပြီ။
ဒီလို ထုတ်ပြောတာ ကောင်းပါတယ်။ သမ္မတဖြစ်ဖို့အတွက် အာဏာရဖို့အတွက် အမျိုး
ဘာသာ သာသနာတော်ကို ချနင်းမယ့် သူတွေဟာ ဘယ်သူတွေလဲ ဆိုတာ
ထင်ရှားသွားတာပေါ့”ဟု မိတ္ထီလာမြို့ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေး
အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
“ပညာရှိသူဟာ ပညာမဲ့သူတွေကို
ပုတ်ခတ်ခြင်း အလျဉ်း မပြုပါဘူး။ ပညာမဲ့တွေရဲ့ ချီးကျူးခြင်း၊
ကဲ့ရဲ့ခြင်းကိုလည်း အလျဉ်း ဂရုမပြုပါဘူး။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
လူသိထင်ရှား စော်ကားလိုက်တာပါပဲ။ သံဃာတော်တွေဟာ ပညာမဲ့လို့၊ စေတနာမဲ့လို့၊
သတ္တိမရှိလို့ ဒီလို ရပ်တည်နေတယ် လို့ ထင်ထားတယ် ဆိုတဲ့သဘောပါ။
စောင့်လေမျိုးနွယ် ဆိုတဲ့ သားသမီးတွေ ပြုကျင့်ရမယ့် ကျင့်ဝတ်ကိုတောင်
လိုက်နာနိုင်ခြင်း မရှိတဲ့သူတစ်ယောက်က ဒီနီုင်ငံနဲ့ ဒီသံဃာတွေကို
စော်ကားတာကတော့ ခံပြင်းစရာပါ။ တစ်ကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလိုမျိုး စိတ်ထဲမှာ ရှိတဲ့အတိုင်း
ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။ NLD ပါတီ
မထောက်ခံရင်၊ NLD ပါတီလုပ်နေတာတွေကို မထောက်ခံရင် မထောက်ခံတဲ့သူတွေ
အားလုံးဟာ ပညာမဲ့တဲ့ လူ့ဗာလတွေပေါ့၊ စေတနာ သုံးတန် ကင်းမဲ့တဲ့ သူတွေပေါ့။
အတ္တနဲ့ အကျိုးစီးပွား၊ လောဘနဲ့ မောဟတရားတွေ ဖုံးလွှမ်းနေသမျှ
အမှန်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ဘုန်းကြီးတို့
အစဉ်အမြဲ လေးစားပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း၊
ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည် ဘာမှ မဆိုင်ဘူး ဆိုတာလည်း
ရှင်းသွားပါပြီ” ဟု သာသနာတော် ထွန်းကား ပြန့်ပွားရေးအသင်းတော်မှ
သံဃာတော်တစ်ပါးက မိန့်ကြားသည်။
ပညာမဲ့ ဟူသည်မှာ ရိုင်းရိုင်း
ဆိုရလျှင် ငတုံး ဟု ခေါ်တွင်လိုက်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်
ဆိုလိုချင်သော အဓိပ္ပါယ်ကို အားလုံး နားလည်ကြောင်း၊ ပုထုဇဉ်နော ဥမ္မာတကော
ဟူသည့် အတိုင်း အာဏာရူးများလည်း ရှိနိုင်ကြောင်း၊ ငါပြောတာ လက်မခံရင်
ငတုံးတွေ ဟု ပြောဆိုရန် မသင့်ကြောင်း ယင်းက မိန့်သည်။
“ဒီမိုကရေစီမှ
ရာနှုန်းပြည့် သဘောတူတာ မရှိနိုင်ပါဘူး။ NLD ပါတီကို သန်း ၆၀ လုံး
ထောက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ NLD လုပ်တာ မထောက်ခံရင်၊ NLD ကို
မထောက်ခံရင် လူမိုက်၊ ပညာမဲ့ ဆိုပြီး ရမ်းကားတာကိုတော့ ကျွန်တော်တို့
ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ လူဆိုတာ ကိုယ်ယုံကြည်ရာ
ကိုယ်လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်တာ မထောက်ခံတာနဲ့ လူမိုက်၊ ငတုံးတွေဆိုပြီး
ပြောတာကိုတော့ လက်မခံနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉(စ)
မပြင်ရေး ဆောင်ရွက်နေတဲ့ သံဃာတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကို ငတုံးတွေ လို့
ပြောလိုက်တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး
အရှိန်မြှင့်တင်ဖို့ သတိပေးလိုက်တာပါပဲ။ ကျွန်တော်တို့ လက်မလျှော့ပါဘူး။
ဆက်လုပ်သွားမယ်” ဟု မြန်မာအမျိုးသားကွန်ရက် ခေါင်းဆောင်တစ်ဦးက
တုံ့ပြန်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည ရတနာသုံးပါးကို
ထိခိုက်သည်အထိ ပုတ်ခတ် စော်ကားလာခြင်းကြောင့် ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား ဟု
စဉ်းစား စရာဖြစ်နေကြောင်း၊ သံဃာတော်များအတွင်း၌လည်း NLD ကို လက်ခံသူနှင့်
လက်မခံနိုင်သူ ကွဲပြားနေနိုင်သလို ပြည်သူများအတွင်းလည်း အလားတူ
ဖြစ်ကြောင်း၊ ထိုသို့ NLD မထောက်ခံသည့်သူတိုင်း ပညာမဲ့သူ၊ ငတုံး ဟု
ပြောဆိုခြင်းမှာ လွန်စွာမှပင် ရင့်သီးသော အသုံးအနှုံး ဟု ဆိုနိုင်ကြောင်း၊
အမျိုး ဘာသာ သာသနာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ချက် တစ်စုံတစ်ရာ ပြသခဲ့ခြင်း
မရှိဘဲ အစဉ်အမြဲ စော်ကားပုတ်ခတ်နေသည့် NLD ပါတီတွင် ယခုနောက်ဆုံး
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူသိထင်ရှား ပုတ်ခတ် စော်ကားလာခြင်းဟု
နားလည်ကြောင်း ၄င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
မိုးကုတ်မြို့တွင် မတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ စည်းရုံး လှုံ့ဆော်ပွဲတွင်
အခြေခံဥပဒေကို မပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့်
သတ္တိမရှိခြင်းကြောင့် ဖြစ်နိုင်သည် ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
www.myanmarexpress.ne

0 comments