
ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း
ထုတ်ဖော်ကြေညာပေး ရန် မလေးရှား အစိုးရကို တောင်းဆိုပျောက်ဆုံး လျက်ရှိသော
မလေးရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပေါ်တွင် လိုက်ပါသွားသည့်
တရုတ်ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများသည် မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့သို့ ယနေ့ ရောက်ရှိလာပြီး ပျောက်ဆုံးလေ ယာဉ်နှင့်
ပတ်သက်ပြီး သတင်းအချက်အလက်များ အမှန်အတိုင်း ကြေညာပေးရန် မလေးရှား
အစိုးရကို တောင်းဆိုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
MH-370 လေယာဉ် ခရီးစဉ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည် ၁၅၃ ဦးအနက် ၁၈
ဦး၏ ဆွေမျိုး ၃၉ ဦးသည် ကွာလာလမ်ပူသို့ မတ်လ ၃၀ ရက်နေ့တွင်
ရောက်ရှိလာသည်ဟု မလေးရှား လေကြောင်းလိုင်း၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ
ဟုခ်ျဒန်လေဗီးက ပြောကြားသည်။
တရုတ်ခရီးသည်များ၏ ဆွေမျိုးများသည် ကွာလာလမ်ပူမြို့ မြို့စွန်နားရှိ ၎င်းတို့
တည်းခိုလျက် ရှိသည့် ဟိုတယ်တွင် MH-370 အတွက် ဆုတောင်းကြ ဟူသည့် စာတန်း
ပါဝင်သော အဖြူရောင် တီရှပ်များ ဆင်တူ ဝတ်ဆင်ကာ “ငါတို့ကို
အမှန်အတိုင်းပြောပါ”၊ “ငါတို့ ဆွေမျိုးတွေ ကို ပြန်ခေါ်ပေး” ဟူသည့်
ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး တောင်းဆိုမှုများ ပြုလုပ်လျက် ရှိသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးကို တင်ဆောင်သွားသော MH-370
လေယာဉ်ခရီးစဉ်သည် မတ်လ ၈ ရက်နေ့က စတင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သဖြင့်
ပျောက် ဆုံးနေသည်မှာ ရက်သတ္တပတ် သုံးပတ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး
ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး သမိုင်းတွင် အထူးခြား အဆန်းကြယ်ဆုံး
လေယာဉ်ပျောက်ဆုံးမှု တစ်ခု အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။
ခရီးသည်များထဲတွင် အရေအတွက် အများဆုံးဖြစ်သည့် တရုတ်ခရီးသည်များ၏
ဆွေမျိုးများက မလေးရှားအစိုးရသည် သတင်းအချက်အလက် ထုတ်ပြန်ရာ၌ အပြည့်အစုံ
ထုတ်ပြန်ခြင်း မပြုဘဲ ထိမ်ချန်ထားသည်ဟု စွပ်စွဲထားပြီး ၎င်းတို့ကို
အမှန်အတိုင်း ပြောရန်နှင့် အထောက် အထား များ ထုတ်ဖော်ပေးရန် တောင်းဆိုလျက်
ရှိသည်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က MH-370 လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ
တောင်ပိုင်းသို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ
အားလုံး အသက်ဆုံးရှုံး သွားသည်ဟု ဂြိုဟ်တုမှ ရရှိသည့် သတင်းအချက်အလက်များကို
သရုပ်ခွဲ စိစစ် လေ့လာမှု များကို ကိုးကားပြီး ကြေညာခဲ့ကာ မလေးရှား
လေကြောင်းလိုင်းကလည်း ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများကို အဆိုပါ
သတင်းအား မိုဘိုင်းလ်ဖုန်း စာတိုပို့စနစ်ဖြင့် အကြောင်းကြား ခဲ့သည်။
မလေးရှား ဝန်ကြီးချုပ်၏ ထိုသတင်း ထုတ်ပြန်ချက်ကို တရုတ်ခရီးသည်များနှင့်
မလေးရှား ခရီးသည် များ၏ ဆွေမျိုးများက လက်မခံခဲ့ဘဲ အိန္ဒိယသမုဒ္ဒရာ
တောင်ပိုင်းတွင် ပျောက်ဆုံးလေ ယာဉ်၏ အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိမှသာ
ထိုသတင်းကို ယုံကြည်နိုင်မည်ဟု ပြောကြားခဲ့ သည်။ လက်ရှိအချိန်တွင်
သြစတြေးလျ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့များ သည် လေယာဉ် ၁၀
စင်း၊ သင်္ဘောရှစ်စင်းဖြင့် သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ မိုင်ပေါင်း ၁၁၅၀
မိုင် အကွာရှိ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်တွင် ကြိုးစားပမ်းစား
ရှာဖွေလျက် ရှိသော်လည်း ပြင်းထန်ဆိုးရွားသော ရာသီဥတုကြောင့်
နှောင့်နှေးကြန့်ကြာမှု များနှင့် ရင်ဆိုင်ရလျက် ရှိသည်။
တရုတ်ခရီးသည်များ၏ ဆွေမျိုးများက မလေးရှားအစိုးရကို ဝေဖန် ပြောကြားလျက်
ရှိသော် လည်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင်ကမူ မလေးရှားနိုင်ငံ
အနေနှင့် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းတို့ တတ်နိုင်သမျှ
အစွမ်းကုန် လုပ်ဆောင်ပေးထားသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့
နိုင်ငံကို အလွန် တာဝန်ကျေတဲ့ တိုင်းပြည်အဖြစ် သမိုင်းက
မှတ်ကျောက်တင်သွားပါလိမ့်မယ်” ဟု မစ္စတာဟီရှာမူဒင်က ပြောကြားခဲ့သည်။
The Voice Weekly
0 comments