၂၀၁၃
ခုနှစ်၊ သြဂုတ်(စ်)လ (၃၁) ရက်၊စနေနေ့ ၊ယူနတီဂျာနယ် (Unity Journal) အတွဲ
(၂)၊ အမှတ် (၃၁) တွင် ဖော်ပြပါရှိသော ရက္ခိုင့်တပ်မတော် မှ ဒုတိယ
ဗိုလ်မှူးကြီး စောဝေနီ နှင့် Unity Journal သတင်းထောက် စောဇင်ညီတို့ အင်တာဗျူး။
မေးခွန်း(၁)
အခု ရခိုင်ပြည်နယ်ရဲ့ လက်ရှိမတည်ငြိမ်တဲ့ အခြေအနေတွေအပေါ်မှာ
ရခိုင်တပ်မတော်ကိုဖွဲ့စည်းဖို့ ပြည်သူတွေ အကြား၊ ပါတီတွေအကြား တင်မကပဲ
လွှတ်တော်အဆင့်ထိပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတာကို သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး
အစ်ကိုတို့ Arakan Army (ရက္ခိုင့် တပ်မတော်)က သဘောထားကို သိပါရစေ။
ဖြေ။ ။ ဒါတွေက ရခိုင်ပြည်သူလူထုတွေအတွက် အမှန်တကယ်လိုအပ်တဲ့အတွက်
ဆွေးနွေးမှု၊ တောင်းဆိုမှုတွေ လုပ်နေရခြင်းဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေကို
ရခိုင်ပြည်သူလူထုက ပုဂ္ဂိုလ်စွဲ၊ဆန္ဒစွဲတွေနဲ့တောင်းဆိုကြ တာမဟုတ်ပါဘူး။
လက်ရှိအခြေအနေရဲ့ ပကတိလိုအပ်ချက်တွေကြောင့် တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။
ရက္ခိုင့်တပ်မတော်အနေနဲ့ ရခိုင်လူမျိုးတွေရဲ့
အမျိုးသားလုံခြုံရေး၊လွတ်လပ်မှုနှင့် သယံဇာတ၊ ပိုင်နက်နယ်မြေ စတာတွေကို
ထိထိရောက်ရောက်ကာကွယ်ပေးဖို့ရာအတွက် အင်အားကျစ်လစ်တောင့်တင်းပြီး
အမျိုးသားရေး အပေါ် ကတိသစ္စာတည်တဲ့ ရက္ခိုင့်တပ်မတော် တစ်ရပ်ရှိကိုရှိရမယ်
ဆိုတဲ့ လိုအပ်ချက်ကိုလုံးဝသဘောပေါက် နားလည်လက်ခံထားတယ်။
ဒါကြောင့်လည်းစနစ်ကျတဲ့ ရက္ခိုင့်တပ်မတော် တစ်ရပ်ပေါ်ပေါက်လာဖို့အတွက်
ကျနော်တို့အနေနဲ့ အမျိုးသားရေး
တာဝန်တစ်ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းဖြစ်တယ်။
မေးခွန်း(၂)။ ။ အခုလက်ရှိမှာကော မြန်မာအစိုးရနဲ့ နှစ်ဖက်စကား အပြန်အလှန်ပြောဆိုမှု၊ ညှိနှိုင်းမှုတွေ ရှိထားပါပြီလား။
ဖြေ။ ။ လောလောဆယ်တော့ အပြန်အလှန်တိုက်ရိုက်ပြောဆိုဆွေးနွေးမှုတွေ၊
ကမ်းလှမ်းမှုတွေကတော့ ရက္ခိုင့်တပ်မတော်ကို တရားဝင်ကမ်းလှမ်းတာကတော့
ဒီနေ့ထက်ထိမရှိသေးပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်သူလူထု တစ်ရပ်လုံးက
ကြိုဆိုထောက်ခံပြီး မျှော်လင့်တကြီး စောင့်မျှော်နေတာကိုတော့
ကျနော်တို့ရော၊ ဦးသိန်းစိန် အစိုးရရော သိသလို အကုန်လုံးလည်းသိပါတယ်။
မေးခွန်း(၃)။ ။ တကယ်လို့ တပ်မတော်က ရခိုင်ပြည်နယ်ထဲကို ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ရင်ကော ဘယ်လို ပုံစံမျိုးနဲ့ ဝင်ရောက်လာမှာပါလဲ။
ဖြေ။ ။ ဒီမေးခွန်းကရှင်းပါတယ်။ ရက္ခိုင့်တပ်မတော် ရခိုင်ပြည်ထဲကို
ဝင်ရောက်လာခဲ့ရင် ရက္ခိုင့်တပ်မတော် ဟာ ရက္ခိုင့်တပ်မတော်
အနေနဲ့ပဲဝင်ရောက်လာမှာပါ။ ရက္ခိုင့်တပ်မတော်မှာ စတင်ဖွဲ့စည်း တည်ထောင်ထား
ကတည်းက အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်၊
စစ်ရေးရည်မှန်းချက် ဆိုတာတွေရှိပါတယ်။ ရက္ခိုင့်တပ်မတော်ရဲ့ ချမှတ်ထားတဲ့
လမ်းစဉ်မူဝါဒတွေ၊ အခြေခံကျတဲ့သဘောထားတွေ ဟာ ရက္ခိုင့်တပ်မတော်
ဘယ်နေရာပဲရောက်ရောက် ပြောင်းလဲမသွားနိုင်တဲ့ အခြေခံသဘောထားတွေပါပဲ။
လက်ရှိအခြေခံ ဥပဒေအရ ကျနော်တို့ကို တရားမဝင်ဘူးလို့ပဲပြောပြော
၊အခြေအနေတစ်ခုအောက်မှာ တရားဝင်တယ်လို့ပဲပြောပြော၊
ရခိုင်ပြည်နှင့်ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို
အာမခံချက်ပေးနိုင်ဖို့အတွက် ရက္ခိုင့်တပ်မတော်ဟာ ရှိကိုရှိရမှာ ဖြစ်တယ်။
ဒါကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ၊ အကျေအလည်ညှိုနှိုင်းဆွေးနွေးပြီး
နားလည်မှုတွေ ရရှိပြီး
တော့အဆင်ပြေပြေနဲ့လုပ်စရာတွေကိုဆက်လက်လုပ်ကိုင်နိုင်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့။
ဒါမှ မဟုတ်ရင် တော့ မဖြစ်ဖြစ်အောင် ၊ မရရင်ရနိုင်တဲ့နည်းတွေနဲ့
လုပ်စရာရှိတာကို လုပ်ကြရတော့မှာပဲ။
မေးခွန်း (၄) ။ ။ ပြည်ပကရော ရခိုင်ပြည်နယ်အရေးအတွက် ဘာတွေလုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ လုပ်နေတာတွေကတော့အများကြီးပါပဲ။ တစ်ချို့ကိစ္စတွေ ကတော့ လောလောဆယ်
ထုတ်ဖော် ပြောကြားဖို့အဆင်သင့် မဖြစ်သေး ဘူး။ နောက်တစ်ချက်က ကျနော်တို့က
နိုင်ငံပြင်ပမှာ ရှိနေတာ မဟုတ်ဘူး ဆိုတာပါပဲ။
မေးခွန်း (၅) ။ ။
အခုဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို
ဘယ်လိုမြင်ပါ သလဲ။ ရက္ခိုင့်တပ်မတော်ကပါ ပူးပေါင်းပြီး
ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိပါသလား။
ဖြေ။ ။ လက်ရှိ အဓိကရုဏ်းတွေအပေါ်
အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှု ကိုတော့ အားမလိုအားမရ ဖြစ်တာက တော့
အမှန်ပါပဲ။ ဒီကိစ္စတွေအပေါ် ပြောရမယ်ဆိုရင် ပြည်တွင်း၊ ပြည်ပ
အပိုင်းနှစ်ပိုင်း ခွဲပြီး ပြောလိုပါတယ်။
ပြည်တွင်းအပိုင်းကိုပြောရမယ်ဆိုရင် အဓိကရုဏ်း ကိုဝင်ရောက်ဖြေရှင်းကြတဲ့
မြန်မာစစ်တပ်အပါအဝင် မြန်မာ အစိုးရ လုံခြုံရေး(လုံထိန်းရဲ) တပ်ဖွဲ့ တွေဟာ
ထိထိရောက်ရောက် ကိုင်တွယ်
ဖြေရှင်း ၍ ရပါရဲ့သားနဲ့ ကိုင်တွယ်
မဖြေရှင်းပေးတာတွေ၊ မိမိနိုင်ငံသား နှင့် တရားမဝင်နိုင်ငံသားကိစ္စတွေမှာ
ဥပဒေကြောင်းအရရော၊ လုံခြုံရေး အရရော စိတ်ပါလက်ပါ
ကာကွယ်ဆောင်ရွက်ပေးတာတွေကို မတွေ့ခဲ့ရပါဘူး။ အထူးသဖြင့် ရခိုင်ပြည်က
အဓိကရုဏ်းတွေမှာ သိသာထင်ရှား စွာတွေ့မြင်နိုင်ပါတယ်။
နောက်တစ်ပိုင်းက
နိုင်ငံတကာ အဖွဲ့အစည်းတွေနှင့် အခြားနိုင်ငံတွေ ရဲ့ မြန်မာနိုင်ငံရဲ့
တည်ဆဲဥပဒေတွေ၊ အချုပ် အခြာအာဏာတွေ ကို ဘောင်ကျော်ပြီး
ဝင်ရောက်စွက်ဖက်မှုတွေပါပဲ။ အခြေခံဥပဒေကိုကိုင်ပြီး မိမိနိုင်ငံ နှင့် မိမိ
လူမျိုးကိုကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန် သစ္စာဆိုထားတဲ့
အစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက် တဲ့နေရာတွေ မှာ ပြတ်ပြတ်သားသား
လုပ်ကိုင်မှုတွေပျက်ကွက်ခဲ့ပြီး ရေလိုက်ငါးလိုက် တုံ့ပြန်နေခဲ့တဲ့အချိန်တွေ
အများကြီးပါပဲ။
ဘယ်နိုင်ငံမှာမဆို မိမိနိုင်ငံရဲ့
အချုပ်အခြာအာဏာကိုထိပါးလာပြီ ဆိုရင် ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြတာ
ချည်းပါပဲ။ အနီးစပ်ဆုံး တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊
စတဲ့အင်အားကြီးနိုင်ငံပဲဖြစ်ဖြစ်၊ အင်အားငယ်နိုင်ငံ ပဲ ဖြစ်ဖြစ်
ပြတ်ပြတ်သားသား ဖြေရှင်းခဲ့ကြတာပါပဲ။ နောက်ပြီးနိုင်ငံတိုင်းဟာ
မိမိနိုင်ငံရဲ့ မြေတစ်လက်မ မှ အခြားနိုင်ငံတွေ ဆီပါမသွားရလေအောင်
ကာကွယ်စောင့်ရှောက်နေတာတွေကလည်း ယနေ့ကမ္ဘာမှာ အထင်အရှား သာဓက တွေပါပဲ။
ဒါပေမဲ့ ဒီအစိုးရလက်ထက်နယ်မြေဆုံးရှုံးမှုတွေထဲမှာ ရခိုင်ဘိုးဘွားတွေ
ပိုင်ဆိုင်ခဲ့တဲ့နယ်မြေ တွေ ဆုံးရှုံးခဲ့ရတာတွေက ရခိုင်လူထုတစ်ရပ်လုံးအတွက်
မေ့မရတဲ့ ဆုံးရှုံးမှုတွေဆိုတာကတော့ အသေအချာပါပဲ။
ဒီနေ့ထက်ထိ
အဓိကရုဏ်းတွေက နိုင်ငံအနှံ့ဆက်လက်ဖြစ်ပေါ်စေတယ် ဆိုတာက အစိုးရအနေနဲ့
ပြတ်ပြတ်သားသား ကိုင်တွယ်မဖြေရှင်းပေးမှုတွေ ရဲ့
နောက်ဆက်တွဲကြောင့်ဆက်လက်ဖြစ်ပေါ်နေတယ်လို့ သုံးသပ်မိပါ တယ်။
နောက်ပြီးကျနော်တို့ ရက္ခိုင့်တပ်မတော်ဟာ ဆန္ဒစွဲနဲ့ ဖွဲ့စည်းထားတဲ့
တပ်မတော်မဟုတ်ပါဘူး။ အမျိုးသားရေး ကိစ္စတွေမှာလက်တွေ့ ကျကျ
ဆောင်ရွက်နိုင်ဖို့နှင့် ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကိုဖြည့်စည်းပေးနိုင်
ဖို့ဆိုတဲ့ရည်ရွယ်ချက်၊ရပ်တည်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့အတွက်
ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ အဂုပဲကြည့်လေ။ အကြမ်းဖက်သမားတွေ
မြန်မာနိုင်ငံထဲ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်
နေတယ်ဆိုတဲ့
သတင်းတွေကြောင့် မြန်မာပြည်သူတစ်ရပ်လုံး ထမင်းလုံးတစ္ဆေခြောက်ခံနေရတဲ့
အဖြစ်မျိုးတွေကို ကျနော်တို့ ရက္ခိုင့် တပ်မတော်အနေနဲ့ တတ်နိုင်တဲ့ဖက်က
အကောင်းဆုံးပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိနေပါတယ်။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန


0 comments