ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမားတွေရဲ့ ကုန်ဆုံးသွားတဲ့ ဗီဇာသက်တမ်းအတွက် မြန်မာပြည်ကို ၃
နှစ်ပြန်နေရမယ့်အစား တစ်လသာပြန်သွားပြီး ပြန်လာ အလုပ်လုပ်ခွင့် ရမယ်လို့
ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol
ပရာဗစ် ခရင်န်ပူလ်က ဒီနေ့ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတွေက ဗီဇာသက်တမ်းကုန်ဆုံးနေခဲ့ပြီး
ထပ်မံသက်တမ်းတိုးခွင့်မရသေးတဲ့ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမားတွေရဲ့ ဗီဇာသက်တမ်းတိုးခွင့် ပြဿနာနဲ့ပတ်သက်လို့
ထိုင်းအလုပ်သမားသမဂ္ဂ၊ အဖွဲ့များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား
အဖွဲ့အစည်းများနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများပါဝင်ပြီး
ရွှေ့ပြောင်းအလုပ်သမားများ အနာဂတ်လို့ အမည်ပေးထားတဲ့
နှီးနှောဖလှယ်ပွဲတစ်ခုကို ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဒေသက
တလထလေဈေးခန်းမမှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဗီဇာကုန်သွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ
အရင်ကချမှတ်ထား သလို မြန်မာပြည်မှာ ၃ နှစ် ပြန်နေပြီးမှ
ပြန်လာအလုပ်လုပ်ခွင့်ပြုမှာ မဟုတ်တော့ဘဲ ၁ လသာပြန်နေပြီး ပြန်လာ
အလုပ်လုပ်ခွင့်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က
ပြောဆိုကြောင်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်
(MWRN) ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။
“ကျနော်တို့ဒီနေ့ အလုပ်သမားတွေကြားမှာကော အလုပ်ရှင်တွေကြားမှာကော
ဝေဝေဝါးဝါးဖြစ်နေတဲ့ ဒီ၎ နှစ်ပြည့်ပြီးတဲ့ အလုပ်သမားတွေရဲ့ အနာဂတ်ဘာဆိုတာ
မရေရာတဲ့ကိစ္စကိုတော့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့
သူတို့အနေနဲ့ အားလုံးအခြေကျကျ ဆွေးနွေးဆုံးဖြတ်သွားပြီးပြီ ဆိုတဲ့အကြောင်း၊
နောက်ကျနော်တို့ ၂၀၀၉ ကသတ်မှတ်ခဲ့တဲ့ ဥပဒေကိုလည်း
သူတို့ပြန်လည်ပြင်ဆင်လိုက်ပြီဆိုတဲ့အကြောင်း ၃ နှစ်ပြန်ပြီး
မြန်မာပြည်မှာပြန်နေပြီးမှ နောက်တစ်ကြိမ် လျှောက်ထားပြီးမှ ဝင်လာရမယ်ဆိုတာ
မဟုတ်တော့ဘဲနဲ့ တစ်လအတွင်း ပြန်လည်ဝင်ရောက်ရမယ်ဆိုတာကိုတော့
သူတို့ဝန်ကြီးဌာနအထဲမှာ ဆုံးဖြတ်လိုက်ပြီ၊ သို့သော် အခုလာမယ့် စက်တင်ဘာ ၅
ရက်နေ့မှာ မြန်မာနိုင်ငံတော်ဝန်ကြီးများနဲ့ ထိုင်းနိုင်ငံတော်
အစိုးရဝန်ကြီးများ အသေးစိတ်အချက်အလက်ကို ထပ်မံအတည်ပြု ဆုံးဖြတ်မှာ
ဖြစ်တယ်ခင်ဗျ”
၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို
ယခင်ဘတ်လက်မှတ်အစား ယာယီပတ်စပို့ထုတ်ပေးပြီး ဗီဇာနဲ့ အလုပ်လုပ်ခွင့် work
permit ထုတ်ပေးကာ နေထိုင်အလုပ်လုပ်ခွင့် ပြုနေခဲ့ တာဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို ထိုင်းအလုပ်သမား သမဂ္ဂ၊
အဖွဲ့ချုပ်တွေ ဖြစ်ကြတဲ့ TLSC၊ SERC မှ တာဝန်ရှိသူများ HRDF၊ MWRNစတဲ့
အလုပ်သမားရေးအဖွဲ့များ၊ ထိုင်းကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနဲ့
ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လဝကစတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအဝင်
လူဦးရေစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်။
RFA သတင်း

0 comments