Related Posts Plugin for WordPress, Blogger...

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ်မှာ မတူညီတဲ့လူမျိုးစုတွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြနေသူများ။ (မတ်လ ၂၉၊ ၂၀၁၄)၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြနေသူများ။ (မတ်လ ၂၉၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးအတွက် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေက မြန်မာပြည် အနှံ့အပြား ဆန္ဒပြတောင်းဆိုနေကြရာမှာ ဒီကနေ့မှာတော့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်အတွင်း တက်ကြွလှုပ်ရှားသူ ၅၀၀ နီးပါး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဥပဒေအတိုင်း လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေဟာ လက်ရှိအခြေအနေမှာ အားရကျေနပ်စရာမရှိဘူးလို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းနေသူတွေက ယူဆနေကြပါတယ်။ ဒီအခြေအနေတွေကိုတော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

စမ်းချောင်းမြို့မှာ ဒီကနေ့လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူ ၅၀၀ လောက်ပါဝင်ပြီး စမ်းချောင်းမြို့နယ်တွင်း နေရာအတော်များများကို ဒီညနေပိုင်း ချီတက်ဆန္ဒပြခဲ့ကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး…(တို့အရေး၊ တို့အရေး)
….
ပုဒ်မ ၅၉၊ (အလိုမရှိ၊ အလိုမရှိ)

ဆန္ဒပြပွဲအတွက်လုပ်ဖို့ သက်ဆိုင်ရာကို ကြိုတင် ခွင့်ပြုချက်တောင်းခံပြီး လူ ၂၀၀ ပဲ ခွင့်ပြုခဲ့ပေမယ့် အခု ဆန္ဒပြတော့ လူ ၅၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာအာဏာပိုင်ဘက်က တစုံတရာ တားဆီးတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီမတိုင်ခင်ရက်တွေကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံနေရာအတော်များများမှာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ အခုလို ဆန္ဒပြမှုတွေကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းဆောင်ရွက်မှုကို ဖိအားသဘောဖြစ်စေမယ်လို့ ဆန္ဒပြသူအချို့က မျှော်လင့်ပါတယ်။

ဒီကနေ့ ဆန္ဒပြသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြသူတွေရဲ့ သဘောထားကို လေးစားဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

“တိုင်းပြည်တကယ်ကောင်းဖို့ ဒီဥပဒေတွေကို ပြင်ဖို့ လိုအပ်တယ်ဆိုရင်တော့ ဒီဥပဒေတွေကို ပြုပြင်ပေးတာ အကောင်းဆုံးပေါ့နော်၊ တိုင်းပြည်အတွက်ကော၊ အားလုံးအတွက်ကောပေါ့နော်။ တကယ်လို့ ဒီအသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး သွားနေတယ်ဆိုလို့ရှိရင်လည်း ပြည်သူလူထုက မကြိုက်တဲ့၊ ပြည်သူလူထု မလိုလားတဲ့ ဒီဖွဲ့စည်းပုံ ဥပဒေတွေကိုတော့ ပြင်ပေးရမယ်လို့ ကျနော်တို့က ယုံကြည်တယ်ခင်ဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းတို့အကြား တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် ဖွဲ့စည်းပုံပြင်ရေးလမ်းပေါ် ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ အချို့နေရာတွေမှာဆိုရင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ကြတာပါ။ အခု လမ်းပေါ်ဆန္ဒပြမှုတွေဟာ ပြည်သူ့ဆန္ဒအမှန် ဖြစ်တယ်လို့ ယူဆတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီဝင် ဦးကိုနီက ပြောပါတယ်။

“အဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍက အသစ်ရေးမလား၊ သို့မဟုတ် လက်ရှိ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို ပြင်မလားဆိုတာကို လူထုဆန္ဒခံယူမယ်ဆိုပြီး အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာ ကျနော်တို့ လုပ်ခဲ့တယ်။ ဒါ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုပါပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ ကျနော်တို့ အဖွဲ့ချုပ်ကနေပြီးတော့ ပြည်နယ်နဲ့တိုင်း (၁၄) ခုလုံးကို ပြင်ဆင်ရေး ဗဟိုကော်မတီဝင် ၇ ဦးကနေပြီး ကွင်းဆင်းပြီးတော့မှ ဟောပြောပွဲတွေလုပ်တယ်။ ပြည်သူ့ဆန္ဒတွေကို ယူတယ်ပေါ့ဗျာ။ အဲဒီတော့ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို တော်တော်များများကို ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အချက်တွေကို ကျနော်တို့က ပြည်သူလူထုကို ရှင်းပြနိုင်ခဲ့တယ်။ အဲဒီမှာ ပြည်သူလူထုကလည်း ကောင်းကောင်း သဘောပေါက်သွားတယ်။ သဘောပေါက်သွားတဲ့နောက်ပိုင်း အခုလို လမ်းတွေပေါ်မှာ ထွက်ပြီးဆန္ဒပြတာတွေဟာ ဒါ ပြည်သူ့ဆန္ဒ ဖြစ်သွားပြီ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တဲ့အချိန်မှာကတည်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်သွားမယ်ဆိုတာကို မဲဆွယ်စည်းရုံးမှု ကတိကဝတ်အနေနဲ့ ပြောဆိုထားခဲ့တာပါ။ ဒါပေမယ့် ဒီကြားကာလထဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်တွေ့ပြောရင် လွှတ်တော် အကောင်အထည်ဖော်ရေး ကော်မတီ ပေါ်လာတာပဲ ရှိပါသေးတယ်။ ဦးကိုနီကတော့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်းအခြေအနေကို အားရမှုမရှိတာ တွေ့ရပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီကို ၁၀၉ ဦးနဲ့ဖွဲ့တယ်။ ၄ လကျော်၊ ၅ လကျော် အချိန်ကြာသွားပြီးတော့မှ ဘာအဖြေမှ ထွက်မလာဘဲနဲ့ ပြည်သူ့ဆန္ဒတွေကို Data တွေအဖြစ် ပြောင်းပြီးတော့ ထောက်ခံတာက ဘယ်သူ၊ မထောက်ခံတာက ဘယ်လောက်၊ ဘယ်ပုဒ်မကို ပြင်ချင်တယ်၊ မပြင်ချင်ဘူးဆိုပြီးတော့ Data တွေကိုပဲ စုဆောင်းပြီးတော့ လွှတ်တော်ကို တင်ပြထားတာ တွေ့ရတယ်။ အဲဒီ ၁၀၉ ဦးကော်မတီက ဖွဲ့စည်းပုံကို ပြင်သင့်ပါတယ်၊ ဘယ်ပုဒ်မတွေကို ပြင်သင့်ပါတယ်၊ ဘယ်နည်းဘယ်ပုံ ပြင်သင့်ပါတယ်ဆိုတဲ့ သဘောထားမှတ်ချက်ပေးတာကို ကျနော်တို့က မတွေ့ရဘူး၊ အဲဒါ ဘာတုန်းဆိုတော့ ကျနော်တို့ရဲ့ အချိန် ၅ လလောက်ဟာ ရှုံးသွားတယ်၊ ရှုံးနိမ့်သွားတယ်ဆိုတာ ဒီလိုပဲ ခံစားရတယ်။

"နောက်တခါ ဒုတိယတချက်အနေနဲ့ ပြင်ဆင်ရေးကော်မတီဆိုပြီးတော့ ၃၁ ဦးနဲ့ထပ်ပြီးတော့ ဖွဲ့တယ်။ ကျနော်တို့အဖွဲ့ချုပ်ကလည်း ၂ ယောက်တော့ ပါတယ်ပေါ့ဗျာ။ ဒါပေမယ့်လို့လည်း ဒီအဖွဲ့ဟာ လွှတ်တော်က ဖွဲ့ပေးထားတဲ့အတွက် သူက လွှတ်တော်ကိုတာဝန်ခံပြီး လုပ်နေရတဲ့အဖွဲ့သာ ဖြစ်တယ်။ အဲဒီတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကြည့်လိုက်လို့ရှိရင် သူ့ရဲ့လုပ်ပိုင်ခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ကျော်ပြီး သူတို့ ဘာမှ လုပ်လို့မရဘူး”

ဖွဲ့စည်းပုံပြင်ရေးအတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နာယက သုံးဦးတို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုတယ်ဆိုပြီး ကမ်းလှမ်းထားပေမယ့် သမ္မတရုံး ဘက်ကတော့ အချိန်မကျသေးဘူးဆိုပြီး ငြင်းထားတာပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာလည်း လက်ရှိဖွဲ့စည်းပုံကို အကာအကွယ်ပေးရမယ်လို့ ပြောသလို ပြင်ဆင်မယ်ဆိုရင်လည်း ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း ပြင်မယ်လို့ အဖြေပေးထားတာကြောင့် အတိုက်အခံလှုပ်ရှားသူတွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ရေးဟာ လက်တွေ့မှာ လွှတ်တော်တွင်း ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေ အခက်အခဲတွေ ရှိနေတုန်းပါပဲ။ 
 
 
voanews

ရခိုင်ပြည်နယ်။ စစ်တွေမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူစဉ် လိုအပ်တဲ့အချက်အလက်များကို မေးမြန်းပြီး သတ်မှတ်ထားတဲ့ ပုံစံစာရွက်အတွင်း ဖြည့်သွင်းနေစဉ်။ (မတ် ၃၀၊ ၂၀၁၄)
ရခိုင်ပြည်နယ်။ စစ်တွေမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူစဉ် လိုအပ်တဲ့အချက်အလက်များကို မေးမြန်းပြီး သတ်မှတ်ထားတဲ့ ပုံစံစာရွက်အတွင်း ဖြည့်သွင်းနေစဉ်။ (မတ် ၃၀၊ ၂၀၁၄)
ကိုမိုးဇော်
ရခိုင်ပြည်နယ်အတွင်း  သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်မပြုတာကြောင့် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းက ကျေးရွာအများစုမှာ သန်းခေါင်စာရင်း ကောက်ယူလို့မရ ဖြစ်နေပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာကို ဒီလို ငြင်းဆန်တာတွေရှိပေမဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ မောင်တောခရိုင်ရဲမှူးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နှစ် ၃၀ ကာလမှာ ပထမဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်း ပြန်လည် ကောက်ယူတာတွေကို ဒီလ ၃၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းကောက်ယူခွင့်မပြုကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က ကျေးရွာအချို့မှာ သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံခဲ့ကြကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မောင်တောမှာ သန်းခေါင်စာရင်း ကောက်မယ့်သူတွေရောက်လာတယ်။ စာရင်းကောက်မယ့်သူတွေက ရိုဟင်ဂျာလို့ မရေးခိုင်းဘူး၊ သူတို့က ဘင်္ဂါလီပဲရေးခိုင်းတယ်။ ဒေသခံလူတွေက ရိုဟင်ဂျာလို့ ရေးခိုင်းရင်အဖြည့်ခံမယ်၊ မဟုတ်တာအဖြည့်မခံဘူး၊ အဲလိုပြောတယ်ဆိုတော့- ဘာမှ မဖြည့်ဘဲနဲ့ သူတို့ပြန်သွားတာပေါ့။”

ဘူးသီးတောင်၊ မောင်းတောဒေသတွေမှာ ဒီလို သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံတဲ့ကျေးရွာတွေ အနည်းဆုံး ၁၀၀ ကျော် လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။
မောင်တောမြို့နယ်က ရခိုင်ဒေသခံတဦးကတော့ ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ ကောက်ယူတာ ရှိတယ်လို့ ပြောပါတယ်။

“သန်းခေါင်စာရင်းက မနက်က ဗလီရှေ့ကို ဝင်တဲ့အချိန်မှာ သူတို့က ရိုဟင်ဂျာဆိုပြီးဖြည်ဖို့တောင်းလို့ မကောက်သေးပါဘူး၊ သူတို့ကိုလေ- သူတို့က ရိုဟင်ဂျာလို့ ဖြည့်မယ်လို့ ပြောနေတာ ကြားနေရတယ်။ ခူယားတို့- ဘာတို့ မောင်တောမြောက်ပိုင်းဘက်မှာ ရခိုင်ရွာတွေကို ကောက်နေကြပါတယ်။”

မောင်တောခရိုင် ခရိုင်ရဲမှူးကြီး ဦးရွှေသန်းကတော့ အခုလို သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံတာတွေရှိပေမယ့် ဒေသတွင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေတော့ မရှိဘူးလို့ ပြောပါတယ်။
“တချို့ကလည်း အကောက်မခံတာတွေ ရှိတယ်။ သူတို့က မဖြေဆိုနိုင်ဘူးပေါ့နော်၊ အဲလိုလည်း ရှိတယ်။ ရိုဟင်ဂျာလို့ ဖြေတာလည်းရှိတယ်။ အမျိုးမျိုးပေါ့။ ရုန်းရင်းဆန်ခတ်ဖြစ်တာတို့၊ ဝိုင်းတာ ပြုတာတွေတော့ မရှိပါဘူးဗျာ။”

ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေစုစည်းထားတဲ့ ရခိုင်ပြည် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး ကွန်ယက်အဖွဲ့ တာဝန်ရှိသူ တဦးကတော့ မောင်တောမြို့နယ် ရေနောက် ငါးသ ကျေးရွာအုပ်စုမှာ ရိုဟင်ဂျာလို့ ပြောတာကြောင့် ရွာသား၂ ယောက်ကို ထိပ်တုံးခတ် ချုပ်နှောင်ပြီး ရိုက်နှက်တာ၊ မြေပုံမြို့နယ်အတွင်းက ဒုက္ခသည်စခန်းမှာ ဘင်္ဂလီလို့ မဖြေရင် ရိက္ခာဖြတ်မယ်လို့ အာဏာပိုင်အဖွဲ့တွေက ခြိမ်းခြောက်တာတွေ ရှိနေကြောင်း စွပ်စွဲပြောဆိုတာတွေ ရှိနေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

လွန်ခဲ့တဲ့ ရက်တွေအတွင်းကတော့ ရခိုင်အမျိုးသားတွေက သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုမထည့်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး အစိုးရက တရားဝင် တစုံတရာ သတင်းမထုတ်ပြန်ခဲ့တာကြောင့် သန်းခေါင်စာရင်း ကောက်ယူတာကို သပိတ်မှောက်ခဲ့ပါတယ်။ ဒီလ ၃၀ ရက်နေ့မှာ အစိုးရက ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံကြောင်း တရားဝင်စာ ထုတ်ပြန်ခဲ့တဲ့နောက် ရခိုင်အမျိုးသားတွေက သပိတ်မှောက်တာကို ရပ်ဆိုင်းခဲ့ပါတယ်။ 
 
voanew

( နိရဉ္စရာ- ၁ မတ်လ ၂၀၁၄) / မင်းဆက်ခိုင်
MPC Myanmar
လာမည့် ဧပြီလ ၅ရက်၊ ၆ရက်နေကများတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲ ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ဖက်မှ အဖွဲ့ဝင် အားလုံး တက်ရောက်မည်ဖြစ်သည်။
“အဖွဲ့ဝင် ၁၆ ဦး အားလုံး တက်ရောက်မယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၉၊ ၂၀ မှာ လုပ်တဲ့ NCCT အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု NCCT အဖွဲ့ဝင် ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဒု-ဗိုလ်မှူးကြီး ကျော်ဟန်က နိရဉ္စရာသို့ပြောသည်။
ယင်းပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ကို NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) အဖွဲ့ဝင် ၉ ဦး၊ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) မှ ၃ ဦး၊ လွှတ်တော်မှ ၃ ဦး၊ တပ်မတော်မှ ၃ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းရန် မတ်လ ၉ရက်၊ ၁၀ ရက်နေ့တို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။
ဧပြီလ ၅၊ ၆ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ NCCT ဖက်မှ ၁၆ဦး တက်ရောက်မည်ဖြစ်သော်လည်း NCCT ဖက်မှ ရွေးချယ်ထားသည့် ၉ဦးသာ ပါဝင်ဆွေးနွေးမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက နိရဉ္စရာသို့ပြောသည်။
“အဖွင့်ပွဲလေးမှာ ၁၆ဦးစလုံး ထိုင်ကြမယ်။ မိတ်ဆက်ကြမယ်။ အလုပ်လုပ်မယ်၊ မူကြမ်းရေးမယ် ဆိုတဲ့ အချိန်မှာ အဲဒီ ၉ဦးကို ထုတ်ထားခဲ့ပြီးတော့ ကျန်တဲ့လူတွေက လေ့လာသူ လုပ်ရင်လုပ် ပြန်ချင်တဲ့သူ ပြန်ပေါ့။ ၉ဦးကို လာအပ်တဲ့သဘောပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။
မတ်လ ၉-၁၀ ရက် MPC ရုံးတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့အတွက် ထည့်ရ မည့် NCCT ကိုယ်စားလှယ် ၉ ဦးမှ ၆ ဦးအတွက် ၇ ဦးရွေးချယ်ခဲ့သော်လည်း နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာမူ တလှည့်စီ ပါဝင်ကြမည်ဖြစ်သည်။ ကျန်သည့် ၃ ဦးကိုမူ အလှည့်ကျအဖြစ် ဧပြီလ ၁ရက်၊ ၂ရက်နေ့တို့တွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် ရွေးချယ်မည်ဟု သိရသည်။
“မရွေးရသေးတဲ့ ကျန်တဲ့ ၃ဦးကတော့ NCCT အဖွဲ့ဝင် အဖွဲ့တွေထဲက ကျန်တဲ့ အဖွဲ့တွေကပဲ အလှည့်ကျ ရွေးသွားပါမယ်။” ဟု ဒု-ဗိုလ်မှူးကြီးကျော်ဟန်က ဆက်ပြောသည်။
NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး-KNU) ကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်းအရုံး (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော်တို့ကို အမြဲတမ်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။
ရန်ကုန်မြို့ MPC ရုံးတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို အခန်း (၇) ခန်းဖြင့် ရေးဆွဲရန် ပမာဏသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ဆွေးနွေးခဲ့သည်။


ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဗလ ကျေးရွာ မြောက်ဘက်တွင် တည်ရှိသော ဘင်္ဂလီရွာရှိ လူအချို့မှ ယမန်နေ့ ညနေက ရုတ်ရုတ်သဲသဲ လုပ်ရာမှ အောင်ဗလရွာတွင် တာဝန်ယူထားသော ရဲတပ်ဖွဲ့က သေနတ် သုံးချက်ခန့် ခြောက်လှန့် ပစ်ခဲ့ရသည်ဟု သတင်း ရရှိသည်။
သေနတ် ပစ်ခတ်မူနောက်ပိုင်းတွင် အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်ဟု သိရသည်။
မွတ်ဆလင်ဘက်မှ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းသည်မှာ သူတို့ အနေဖြင့် ဆူပူလို၍ ရုတ်ရုတ်သဲသဲ လုပ်ခြင်း မဟုတ်ကြောင်း၊ ဓါးပြ၀င်တိုက်၍ ရွာသားများ ၀ိုင်းဝန်းလိုက်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။
သို့သော် အောင်ဗလ ကျေးရွာတွင် နောက်ထပ်ရဲအင်အားများကို ထပ်မံဖြည့်တင်းချလိုက်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(နိရဉ္စရာ-

(နိရဉ္စရာ- ၃၁ မတ်လ ၂၀၁၄)

ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း ဧက ထောင်နှင့် ချီပြီး သစ်တောများကို ကုမ္ပဏီတစ်ခုမှ လာရောက်ခုတ်လှဲနေသည်ဟု သတင်း ရရှိသည်။
“ ဘယ်နေရာမှာ ခုတ်နေသလဲဆိုတော့ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ် ခြောက်ခုနှစ်ကျွန်းဆိုတာ ရှိတယ်။ အဲဒီမှာ ခုတ်နေတာ။ အဲဒီမှာ သပြေကောင်းရွာ၊ ညိုကောင်းရွာ၊ သပြုကုန်းရွာစတဲ့ ရွာတွေ အများကြီးရှိတယ်။ ပုဇွန်ဖယ်ချောင်းတလျှောက်မှာ ခုတ်နေတာ။ အခုဆိုရင် ဧက ထောင်နဲ့ချီပြီး သစ်တောတွေ ခုတ်ထားပြီးပါပြီ။ ဧက ၃၀၀၀ လောက်ခန့်တော့ ရှိမယ်ထင်ပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
သစ်ခုတ်နေသော ကုမ္ပဏီမှာ Golden Key ( ရွှေသော့) ဖြစ်ကြောင်း ကျိန္တလီမြို့နယ် အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး သူက ပြောသည်။
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
“ သူတို့က သစ်ပင်ကြီးတွေကို ချိန်းစော ( Chain Saw) နဲ့ လှဲပါတယ်။ အောက်ပေါက် ပေါင်းပင်တွေကိုတော့ ဒေသခံတွေကို ရှင်းခိုင်းတယ်။ တစ်ဧကကို သုံးသောင်းပေးပါတယ်။ အဲသလို ရှင်းပြီးတဲ့အခါ သစ်ပင်ကြီးတွေကို ချန်ခဲ့တယ်။ နောက်က သစ်ပင်တွေကို ချိန်းချောနဲ့ လိုက်ခုတ်လှဲတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းပြင် သူက “ သူတို့ ပြောတာက ဒီနေရာကို ကျွန်းစိုက်ခင်း လုပ်မယ်လို့ ပြောတယ်။ ကျွန်းက ယိုဒယားမျိုးလို့လည်း ပြောတယ်။ ကျွန်းစိုက်ခင်းက လောင်းရိပ်အောက်မှာ စိုက်လို့ မရဘူးဆိုပြီး သစ်ပင်တွေကို အကုန်လုံးလှဲတယ်။ အရင်ကတော့ ချိန်းစော ၁၀လုံးလောက်နဲ့ လှဲတယ်။ အခုတော့ ၅ လုံးလောက်နဲ့လှဲတယ်။ တစ်လုံး တစ်နေ့ အပင် ၁၀၀ နီးပါးလှဲတယ်လို့ ကြားရပါတယ်” ဟု ဆက်ပြောသည်။
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ယခုအခါ စက်ကြီးများဖြင့် ၎င်းသစ်များကို ထုတ်ယူရန် လမ်းဖေါက် နေသည်မှာလည်း ၇ မိုင်၊ ၈ မိုင်ခန့် ဖေါက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပုဇွန်ဖယ်ရွာကနေ စတင် ဖေါက်လုပ်နေကြောင်း သူက ဆိုသည်။
သဘာဝ သစ်တောများကို ခုတ်လှဲပြီး ကျွန်းပင်များစိုက်ပျိုးမည်ဖြစ်သဖြင့် ဒေသခံတွေအတွက် အကျိုးမရှိနိုင်ဘူး လားဟု မေးမြန်းရာ သူက ယခုလို ဆိုသည်။
“ အဲဒါ လက်ရှိ သဘာသစ်တောကဆိုတာက အစားထိုးလို့မှ မရဘဲနဲ့။ သူတို့ဘယ်လိုဘဲစိုက်စိုက် သဘာဝ သစ်တောတွေကို ဖြိုချ ခုတ်လှဲပြီး စိုက်ပျိုးတာက သူတို့ တစ်ဦးအကျိုးအတွက်လေ။ ဘယ်လိုနိုင်းလို့ ရမလဲ။”
ယခုကဲ့သို့ သစ်တောများ ခုတ်လှဲပစ်သဖြင့် တောတိရစ္ဆာန်များအတွက်လည်း အထူးအခက်အခဲ ဖြစ်နေပြီး နေထိုင်စရာ မရှိ ဖြစ်နေသည်ဟု သိရသည်။
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
ခုတ်လှဲထားသော သစ်တောများ (ဓါတ်ပုံ- နိရဉ္စရာ)
၎င်းတောတောင်ကို မှီခိုက လုပ်စားသူများ အနေဖြင့် သူတို့ အနီးပတ်ဝန်းကျင်ရှိ တောတောင်များကို ခုတ်လှဲပစ်သဖြင့် အနာဂတ်တွင် အထူး ဒုက္ခရောက်မည်ကို စိုးရိမ်နေကြောင်း၊ ယခု သစ်ပင်များ ခုတ်လှဲနေသော နေရာတွင် အလှည့်ကျ ပေါက်ရောက်နေသော  ဒညင်းပင်များ အများအပြားရှိကြောင်း၊ ၎င်းဒညင်းသီးများကို ရောင်းချခြင်းဖြင့် မိသားတစ်စုစီ သိန်းချီ၍ ၀င်ငွေရကြောင်း၊ ယင်းပြင် သစ်ခုတ်၊ ထင်းခုတ်၊ မျှစ်ချိုး၍ ၀င်ငွေရှာကြကြောင်း၊ ယခုအခါ သူတို့ အလုပ်များကို ဆုံးရှုံးသွားရတော့မည် ဖြစ်ကြောင်း ဒေသခံ လူကြီး တစ်ဦးက ပြောဆိုသည်။
နောက်ထပ် ဝေးကျေးရွာက ကိုမောင်လေး သီဟိုခင်း အနီးမှ ငှက်ပျောခင်းကို ခုတ်လှဲပစ်ခဲ့ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သွားတိုင်ရာ ၎င်းငှက်ပျောခင်းအတွက် ကျပ်၂၀၀၀၀ လျှော်ကြေးပေးခဲ့ကြောင်း ကျေးရွာလူကြီးက ဆိုသည်။
၎င်းပြင် ယခု သစ်ပင် ခုတ်လှဲနေသော နေရာမှာ တောင်စောက်ကြောင်း၊  အဲဒီတောင်များကို စက်ကြီးများဖြင့် တူးချပြီး မြေကြီးများ မြောင်းထဲတွင် စုပုံကျနေကြောင်း၊  မိုးရွာလျှင် ယင်းမြေကြီးများမှာ ရေနှင့် အတူပါလာပြီး လယ်ကွင်းများကို ဖုံးသွားနိုင်ကြောင်း၊  ချောင်းများလည်း နောက်ပိုင်းတွင် တိမ်ကောနိုင်သဖြင့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း အထူး ထိခိုက်နိုင်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ် ပြောဆိုသွားပါသည်။
ယခု သစ်ခုတ်ပင်များ ခုတ်လှဲနေသောနေရာမှာ သံတွဲမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲ အစပ် သံတွဲဘက်ခြမ်းတွင် ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှလည်း အတည်ပြု ပြောကြားသည်။

(နိရဉ္စရာ- ၃၁ မတ်လ ၂၀၁၄) / တင့်ဆွေမောင်

ဝင်းကိုခိုင် ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဝင်းကိုခိုင် ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် ရခိုင် အမျိုးသားညီလာခံ အတွက် ရန်ပုံငွေ ဂီပွဲတော် တစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
၎င်းဂီတပွဲတော်အား ညနေ ၇ နာရီခွဲမှ ၁၁ နာရီခွဲထိ ပြုလုပ်ခဲ့ပြီး ပရိသတ် တစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့သည်။
၎င်းရန်ပုံငွေ ဂီတ ဖြေဖျော်ပွဲတွင် ဦးမောင်သိန်း၊ ၀င်းကိုခိုင်၊ မြတ်ခိုင်ကျော်၊ ဒိုးရ်ရီ၊ ညီမင်းခိုင်၊ ထက်အောင်ကျော်၊ ညှာစိမ်းခိုင်၊ စိမ်းလဲ့လဲ့၊ ရီလိုင်းပြာ၊ ဆူးသျှားသဇင်တို့ အပါအ၀င် ရခိုင်အဆိုကျော် အများအပြား လာရောက် ဖြေဖျော်ခဲ့ကြသည်။
၎င်းဂီတဖြေဖျော်ပွဲတော် အတွင် စေတနာရှင်များမှ ရခိုင် အမျိုးသား ညီလာခံအတွက် ရန်ပုံငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြရာ မလေးရှားရောက် ရခိုင်ပြည်သူများ လူမူရေးအဖွဲ့ကိုယ်စား ဦးစောအောင်မှ ကျပ်သိန်း (၁၀၀)၊ ဦးတိုးနိုင်မန်း (လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသား)မှ ကျပ် သိန်း (၃၀)၊ GM Asaw 99  ကုမ္ပဏီ လီမီတက်မှ ကျပ် သိန်း (၂၀)၊ ဦးသန်းနိုင် ကုမ္ပဏီလီမီတက် (ရသေ့တောင်)မှ ကျပ် (၁၅) သိန်း၊ ဦးစံရွှေနှင့် ဒေါ်နွယ်နွယ်ဦး (ဆန်းသစ် သမင် ကုမ္ပဏီလီမီတက်)မှ ကျပ် (၁၅) သိန်းနှင့် ဒေါက်တာ စောမြအောင် (ဇီဇ၀ါ ဆေးကုမ္ပဏီ)မှ ကျပ် (၅) သိန်း အသီးသီး ထည့်ဝင် ကူညီ လှူဒါန်းခဲ့ကြသည်ဟု သိရသည်။
၎င်းကူညီလှူဒါန်းငွေများကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားများရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လက်ခံခဲ့ပြီး အလှူရှင်များသို့ ဂုဏ်ပြု လက်မှတ်များလည်း အသီးသီး ပြန်လည် ပေးအပ်ခဲ့သည်။
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
၎င်းနေ့က ရခိုင်အမျိုးသား ညီလာခံအတွက် ထောက်ပံ့ကူညီငွေ ကျပ်ငွေ သိန်း ၂၅၀ နီးပါးခန့်ထိ ရရှိခဲ့ကြောင်း သိရသည်။
ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဦးဆောင်ကျင်းပသူ ဦးခင်မောင်သန်းက ယခုကဲ့သို့ ဂီတပွဲတော် ကျင်းပရခြင်းမှာ ရန်ပုံငွေအတွက်သာမက အမျိုးသားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရခိုင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ဦးစောအောင်သို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်နေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တက်ရောက်အားပေးလာသော ပရိသတ်။ (ဓါတ်ပုံ- နိရဉ္စရာ)
“ ရန်ပုံငွေ ရှာဖွေတဲ့ ဂီတ ပွဲတော်လို့ ဆိုပေမယ့် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရခိုင်တမျိုးသားလုံး အမျိုးသားရေး လုပ်ငန်းစဉ်တွေမှာ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမျိုးသားတွေ အများအပြား လာရောက်အားပေးတဲ့ အတွက်လည်း ရခိုင်အမျိုးသားရေးကိစ္စတွေ အပေါ် ရခိုင်အမျိုးသားတွေ ဘယ်လိုစိတ်ဝင်စားမူ ရှိနေတယ်ဆိုတာကို နားလည် သဘောပေါက်နိုင်ပါတယ်” ဟု ယင်းက ဆိုသည်။
ရန်ပုံငွေ ဂီတပွဲတော်ကို လာရောက်အားပေးသူ တာမွေမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦး မနှင်းနှင်းဝေမှလည်း အမျိုးသားရေး စိတ်ဓါတ်၊ အမျိုးသားရေး အသိတို့ဖြင့် လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ ရခိုင်အမျိုးသား အချင်းချင်း ချစ်ခင် ညီညွှတ်မူကို ယခုထက်မက မြင်ချင်ပါကြောင်း ပြောကြားသွားသည်။



မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင်ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။

မတ်လ ၃၀ ရက်က အောင်မြင်သာစံမြို့နယ် (၁၉) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားနေရာတွင် ညနေ ၆ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။


အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆေးပြားများဝယ်ယူရန် အရပ်ဝတ်ဖြင့် ဆေးပြားရောင်းချမည့် အမျိုးသားနှင့် သွားရောက်တွေ့ဆုံစဉ် ဆေးပြားရောင်းသူက ရိပ်မိခဲ့ပြီး ကားချင်းတိုက်မည့်အနေအထား ပြင်လိုက်သည့်အတွက် အရပ်ဝတ်ရဲတာဝန်ရှိသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။ ထိုသို့သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးရန် ပြင်ဆင်ခဲ့သော်လည်း မူးယစ်ဆေးလာရောက်ရောင်းချသူမှာ လွတ်မြောက်သွားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ထိုနေ့ နေ့လယ်က မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ရရှိသည့် အချက်အလက်များနှင့် ကွင်းဆက်အနေဖြင့် အဓိကမူးယစ်ဆေးဝါး ရောင်းချနေသူကို ဖမ်းဆီးရန်စီစဉ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင့် တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

‘‘သူတို့ဘက်က ရဲတွေမှန်း ရိပ်မိသွားပြီး ကားချင်းတိုက်ဖို့လုပ်လိုက်တော့ ခြောက်လှန့်ပစ်ဖောက်လိုက်ရတာပါ’’ ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

ရဲများမှာ အရပ်ဝတ်ဖြင့် သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် အနီးတွင်ရှိသူများက အချင်းချင်း ကားဖြင့်ပြိုင်ပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ထင်မှတ်ကာ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဖြစ်ပွားခဲ့သည့် နေရာအနီး နန်းရှေ့အရပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

လွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီး ဇော်မင်းဦးကဆိုသည်။

Author: အေးမွန်ရာပြည့်

7DAY DAILY



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။
- The Voice Weekly

From : ပြည်သူ့အာဏာ


ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပြည်တွင်း ပြည်ပမှ အလှူငွေအမည်ခံ၍ လာဘ်လာဘများ ရယူလျက် ရှိကြောင်း ယနေ့ထုတ် Weekly Eleven သတင်းဂျာနယ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲတွင် ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း NLD ကပြုလုပ်သည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲများကို ရွှေသံလွင်ပိုင်သည့် ရွှေထွဋ်တင်ကွင်းတွင် ပြု လုပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲတွင်လည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ ကြောင်း၊ ၂၀၁၃ တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေးဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ကြောင်း၊ ၄င်းတို့မှာ ထင်သာမြင်သာရှိသည့် ထောက်ပံ့မှုတွေ ဖြစ်ပြီး နောက်ကွယ်တွင် ထင်သာမြင်သာမရှိသည့် ထောက်ပံ့မှုများလည်း ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းနှင့် ပတ်သက်၍လည်း ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ အမည်ရှိ ဆောင်းပါးရှည်တစ်ပုဒ်ကို ရေးသားခဲ့ပြီး News Watch ဂျာနယ်တွင် ဖော်ပြခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းစည်းမှ ငွေကြေးအရှုပ်အရှင်းများကို ဖွင့်ထုတ်ခဲ့ကြောင်း၊ (Open Society Foundations-OSF) ၏ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာသည့်အခါ ၈၈ ကျောင်းသားများနှင့် တွေ့ခဲ့ပါကြောင်း၊ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့ကြောင်း၊ ယင်းသို့ ပေးအပ်ခဲ့သည်ကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်များကို မပြောဘဲ ထိန်ချန်ထားသည့်အတွက် ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသော်လည်း နောက်ဆုံး စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်တွင် အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရသည် ဟု ဦးဇော်ဝင်းက ရေးသားထားကြောင်း ဖော်ပြထား သည်။
ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားများနှင့် ငွေကြေးကိစ္စမှာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာခဲ့သော်လည်း အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နှင့် ဆင်တူသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း၊ ဦးကိုကိုကြီး၏ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်ပြီး ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးသည့် လာဘ်ထိုးမှု ဖြစ်ကြောင်း၊ မကြာသေးခင်က ထွက်ရှိလာသည့် ဒီမိုကရေစီတူဒေး၏ နောက်ကွယ်တွင် ရွှေသံလွင်ကုမ္ပဏီ ရှိနေကြောင်း ဖော်ပြထားသည်။
NLD ပါတီရုံးချုပ် ဆောက်လုပ်ရာတွင်လည်း ခရိုနီသူဌေးကြီးတစ်ဦး ဖြစ်သူ ဦးတေဇက ငွေကြေးကျခံရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သဖြင့် ပြည်သူများထံမှ အလှူငွေကောက်ခံကာ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း လုံလောက်သည့် ငွေကြေးမပြည့်မီ၍ ဦးတေဇကပင် AGD Bank အမည်ခံ၍ တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ အလားတူ ဒေါ်အောင် ဆန်းစုကြည်၏ ပြည်တွင်း ပြည်ပခရီးစဉ်များအတွက် သယ်ယူပို့ဆောင်ရေးမှ အစ အသုံးစရိတ်အဆုံး ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးတိုးနိုင်မန်း၊ ဦးခင်ရွှေ၊ ဦးမိုက်ကယ်မိုးမြင့် စသည့် ခရိုနီများက ငွေကြေး ကျခံပေးလျက် ရှိကြောင်း၊ နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျက် ရှိသည့် နေအိမ်ကိုလည်း ခရိုနီများက ထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း၊ ထို့အပြင် စုဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်းတို့ကိုလည်း ခရိုနီများက ငွေကြေးထောက်ပံ့ပေးလျက် ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ်အတွက် ဦးခင်ရွှေက အစစ တာဝန်ယူထားပြီး ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် စီးရန်အတွက် နောက်ဆုံးပေါ် အနက်ရောင် ဇိမ်ခံကားတစ်စီးကိုလည်း ဦးတိုးနိုင်မန်း၊ ဦးအောင်သက်မန်းတို့က ပေးကမ်းထားရာ ခြံအမှတ်(၅၄)အတွင်း သိမ်းဆည်းထားကြောင်း၊ ထိုသို့ ထောက်ပံ့ကူညီပေးထားမှုများအရ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်ပကုမ္ပဏီများအား လိုင်စင်ချထားပေးရာတွင် လွှတ်တော်မှ ကန့်ကွက်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ NLD ပါတီမှ လွှတ်တော်အမတ် ဦးဝင်းမြင့်(ပုသိမ်)က တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဦးတိုးနိုင်မန်းနှင့် ဦးအောင်သက်မန်းတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ကန့်ကွက်ပြောကြားပေးခြင်းကြောင့် ဦးဝင်းမြင့်၏ စာားသောက်မှုစရိတ်နှင့် သွားလာမှုစရိတ်များကို Red Link ကုမ္ပဏီမှတစ်ဆင့် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရှိရသည်။
“နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။ ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။ ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်” ဟု Weekly Eleven သတင်းဂျာနယ်က ဖော်ပြထားသည်။
“ခရိုနီတွေက ပေးကမ်းထားတော့ ပြည်သူ့အတွက် ဆိုတဲ့ နိုင်ငံရေးသမားတွေ အပေါက်တွေ ပိတ်သွားတာပေါ့။ ဒေါ်စုလည်း လူထဲက လူဆိုတာ အသိသာကြီးပဲ။ D-Wave ဂျာနယ်ကို ငွေကြေး စိုက်ထုတ်ပေးထားတာ ဦးတေဇ လို့ သိရတယ်။ NLD ပါတီရဲ့ ငွေစာရင်း ဘယ်တုန်းက ရှုင်းတာ တွေ့ဖူးသလဲ။ ဒေါ်စု ဘယ်သွားသွား ခရိုနီတွေက ငွေကြေး အပြိုင်အဆိုင် ပံ့ပိုးပေးနေတာ။ သူတို့က လာဘ်ပေးတယ် ဆိုတာ အကျိုးစီးပွား အတွက်။ ဒီတော့ ဒေါ်စုလည်း ခရိုနီတွေကို အခွင့်အရေး ပေးသင့်တယ် ဆိုတဲ့ စကားမျိုးတွေ ထွက်လာတယ်။ ရှင်းရှင်းပြောရရင် ဒါက လာဘ်စားတာဗျ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် ဆန်တစ်ပြည် တောင် မယူဖို့ ဒေါ်ခင်ကြည်ကို တားခဲ့တာ။ ဒေါ်စုကတော့ သူ့အဖေနဲ့ မတူနိုင်ဘူးလေ။ သူက သမီးပဲ။ ဗိုလ်ချုပ်အောင်ဆန်းမှ မဟုတ်တာ။ ဒေါ်စု အပါအ၀င် NLD ထဲက ဘယ်သူကများ ခရိုနီတွေ မကောင်းကြောင်း တစ်ခွန်းတစ်လေ ပြောဖူးတာ ရှိခဲ့လဲ။ အရင်တုန်းက ပြောခဲ့ဘူးတဲ့ ဦးဝင်းတင်လည်း ဖောင်ဒေးရှင်းထောင်ပေးလိုက်တော့ ငြိမ်သွားတာပဲ။ အကုန်လုံး ဒီပုပ်ထဲက ဒီပဲတွေပဲလေ။ ဦးရွှေမန်းဆိုရင် သူ့သားတွေကတစ်ဆင့် ငွေကြေး ပုံပေးထားတာ ဒေါ်စုက အခုဆိုရင် ဦးရွှေမန်းနောက်လိုက် ဖြစ်နေပြီ" ဟု နေ့စဉ်သတင်းစာတစ်စောင်မှ သတင်းထောက်ချုပ် တစ်ဦးက ပြောဆိုသည်။
ဤသည်မှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသာ ဖြစ်ပြီး နိုင်ငံရေးသမားများမှာ ငွေကြေး ချမ်းသာသူ ပြည်တွင်း ပြည်ပ ခရိုနီသူဌေးကြီးများ၏ အိတ်ကပ်ခဲမှ ရုပ်သေးရုပ်များသာ ဖြစ်ကြောင်း၊ ရုပ်သေးရုပ် ဆိုသည်မှာ နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးထားသည့် ခရိုနီများ၏ အမိန့်ကို လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိနိုင်ကြောင်း၊ အမှန်တစ်ကယ်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများမှ စည်းရုံး၍ အလွယ်ကူဆုံး သတ္တ၀ါများသာ ဖြစ်ကြောင်း၊ သည်းခြေကြိုက်ဖြစ်သော ငွေကြေးကို ငမ်းငမ်းတက်နေသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေ့ဆုံးမှ ငမ်းငမ်းတက် ပါနေသည်မှာ NLD နှင့် ၈၈ မျိုးဆက်များဖြစ်ကြောင်း ၄င်းက သုံးသပ် ပြောကြားသည်။
 
http://www.myanmarexpress.net        

From : https://www.facebook.com/photo.php?fbid=595196403908855&set=a.312121195549712.67927.312118148883350&type=1&theater




မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ စတင် ကောက်ယူနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေပါ မကျန်ရလေအောင် နေပြည်တော်မှာ ပြုလုပ်တဲ့ Launching Ceremony မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ KIO/KIA အဖွဲ့က လွဲလို့ ကျန်တဲ့ဒေသတွေမှာ ကောက်ယူဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ကချင်ပြည်နယ်ကို မတ်လ ၁၆ ရက်နေ့က သွားရောက်ခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်မှာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာ ၀န်ကြီး ဦးခင်ရီက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ တွေ့ဆုံခဲ့ပြီး PCG မှတစ်ဆင့် KIO/KIA ထံကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ငြင်းပယ်ခံခဲ့ရပါတယ်။ အဲဒီမတိုင်ခင် ၀န်ကြီး ဦးခင်ရီက KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ငြိမ်းချမ်းရေးအကျိုးတော် ဆောင် ဦးဒေါင်းခါးတို့ကို သန်းခေါင်စာရင်းကိစ္စအတွက် ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်ခံမှုမရှိခဲ့ ပါဘူး။ 
ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို မတ်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူပြီးစီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ စစ်ဖြစ်နေတဲ့ ဘယ်နိုင်ငံမှာမဆို သန်းခေါင်စာရင်းကောက်ပါတယ်။ ဘာဖြစ်လို့ သန်းခေါင် စာရင်းကောက်တာလဲဆိုတော့ နိုင်ငံ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ကောက်တာ ဖြစ်ပါတယ်။ ဒါကို နားမလည်တဲ့ ဒါမှမဟုတ် နားလည်ရက်သားနဲ့ ရူးချင်ယောင်ဆောင်နေတဲ့ KIO/KIA ခေါင်းဆောင်ပိုင်းက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။
သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ မတ်လ ၃၀ ရက်နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့ သိရပါတယ်။ 

အိမ်ထောင်စုမေးခွန်းပုံစံကောက်ယူပြီး(၁၉)စောင်နဲ့ မကောက် ယူရသေးတဲ့ အစောင်(၁၀၀)၊ အိမ်ခြေပြမြေပုံ(၃)စုံ၊ အိမ်ထောင်စုစာရင်း(၃)စုံတို့ကို သိမ်းဆည်းသွားခဲ့ပါတယ်။ ကချင်နှစ်ခြင်းအသင်းတော်မှ ဦးလှမြိုင်၏ ဆက်သွယ်ပြန်တောင်းပေးမှုကြောင့် စာရွက်စာတမ်းတွေ ပြန်ရပေ မယ့် မကောက်ရသေးတဲ့ အစောင်(၁၀၀)ထဲက (၃)စောင်ယူထားလိုက်တယ်လို့ သိရပါတယ်။ 

အလားတူ KIA အဖွဲ့ဟာ မန်စီမြို့နယ် မန်ဝိန်းကြီးဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး သန်းခေါင်စာရင်း ကောက်မယ့်အဖွဲ့တွေလာရင် KIA ကို လာအကြောင်းကြားဖို့နဲ့ သန်းခေါင်စာရင်း ကောက်ခွင့်ပြုမှာ မဟုတ်ကြောင်း၊ လာကောက်မယ့် အဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်သွား ခဲ့တာကြောင့် အဲဒီကျေးရွာတွေကို သွားရောက်ပြီး သန်းခေါင်စာရင်းကောက်ယူမည့် ပညာရေးဝန်ထမ်းများနဲ့ ပြည်သူ့အင်အား ဦးစီးဌာန၀န်ထမ်းတွေလည်း အခက်ကြုံနေရပါတယ်။

မန်စီမြို့နယ် မန်ဝိန်းကြီးဒေသမှာဆိုရင် မန်ဝိန်းကြီးကျေးရွာအုပ်စု၊ နောင်စွမ်းကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာ အုပ်စု၊ လဂါတ်ဒေါ့ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာအုပ်စုနဲ့ နမ့်ခါးပါကျေးရွာအုပ်စုတွေပါဝင်ပြီး ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး၊ ပလောင်၊ ရခိုင်တိုင်းရင်းသားမိသားစုဝင် ထောင်သောင်းမက နေထိုင်ကြတာဖြစ်လို့ KIO/KIA ရဲ့ ဟန့်တား နှောင့်ယှက်ခြိမ်းခြောက်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူမည့် ၀န်ထမ်းများအတွက် အသက် အန္တရာယ်လုံခြုံရေး စိုးရိမ်စရာအနေအထား ဖြစ်နေပါတယ်။

KIO/KIA အနေနဲ့ နယ်မြေဒေသလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလဆိုပြီး အကြောင်းပြကာ သန်းခေါင် စာရင်းကောက်ယူမှုကို ငြင်းပယ်ခြင်းမှာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်သလို ယခုလိုသန်းခေါင် စာရင်းကောက်ယူနေသော ၀န်ထမ်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဟာ ဒေသခံ တိုင်းရင်းသားများအတွက် စိတ်ပျက်စရာ ကောင်းနေသလို အကျိုးဆက်ရလဒ်ကလည်း တိုင်းရင်းသားတွေ နစ်နာ တာပဲ ဖြစ်ပါတယ်။




ခိုင်မြဲအောင်

From : .DVB


 

မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

ဒီလို သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက် ကချင်လူမျိုး စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း၊ လူဦးရေ ၄ သိန်းလောက် စာရင်းပျောက်မှာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လ၀က ၀န်ကြီးဦးခင်ရီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့်ပြုဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ပြောခဲ့ပေမယ့် ကေအိုင်အိုဘက်က ကြိုတင် ညှိနှိုင်းထားတာ မရှိလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။


ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေနဲ့ ကေအိုင်အိုထိန်းချုပ် နယ်မြေတွေထဲ သန်းခေါင်စာရင်း ကောက်ဖို့ကိစ္စ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက တိုက်တွန်းပြောကြားခဲ့ဖူးပေမယ့် တွေ့ဆုံခြင်း မရှိဘူးလို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။


အပြည့်အစုံ အသံဖိုင်နားဆင်ရန် - 

https://soundcloud.com/dvbradio/ksa-daw-khon-ghar-30032014 

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ