
(၁) အင်းစိန်တိုက်ပွဲ
အင်းစိန်တိုက်ပွဲကို ၁၉၆၂-ခုတိုက်ပွဲလို့ သူ ပြောတယ်။ ရန်ကုန်ကျခဲ့ရင် မြန်မာပြည်ဟာ ကရင်ပြည်ဖြစ်ပြီလို့ ရေးပါတယ်။ ရန်ကုန်မကျအောင် ကာကွယ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ကျေးဇူးတင်သင့်ကြောင်း ဆိုပါတယ်။ သူ့အဆိုအရ မွန်နဲ့ကရင်တွေ ခွဲမထွက်နိုင်ခဲ့ဘူးပေါ့။
အင်းစိန်တိုက်ပွဲဟာ လွတ်လပ်ရေးရခါစ ၁၉၄၉-ခုတိုက်ပွဲပါ။ နေဝင်းက ကာချုပ်ဆိုပေမဲ့ တကယ်တိုက်ခဲ့သူက ဗိုလ်ကျော်ဇောနဲ့ ဗိုလ်ထွန်းတင်တို့ပါပဲ။ ကရင်တို့က မင်္ဂလာဒုံလေဆိပ်ကို သိမ်းနိုင်ရက်သားနဲ့ ထိန်းမထားလို့ စစ်တွေကနေ စစ်ကူရောက်လာခြင်း၊ တိုက်ကြီး၊ ဥက္ကံ စတဲ့ ရန်ကုန်နီးနားရှိ ကွန်မြူနစ်ရဲဘော်ဖြူတို့က မြန်မာတပ်နဲ့ ပူးပေါင်းတိုက်ခဲ့ခြင်း၊ ဗြိတိသျှက ကရင်တို့ကို သစ္စာဖောက်ဖျက်ပြီး အိန္ဒိယမှတစ်ဆင့် လက်နက်ရောင်းခဲ့ခြင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ဂေါါ်ရခါးတပ်ရင်းများက ရန်ကုန်အစိုးရဘက်ကနေ တိုက်ပေးခြင်းတို့ကြောင့် ဖြစ်တယ်။ အဆုံးအဖြတ်တိုက်ပွဲကို ဗမာနဲ့ ကရင်တို့ တိုက်ခဲ့ကြတာ မဟုတ်ဘူး။ ချင်းနဲ့ ကရင်တို့ တိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်။ ချင်းတပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)တို့ဟာ မြန်မာတို့အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပေးခဲ့ကြတယ်။ ကချင်တပ်ရင်းတွေက မွန်နဲ့ ကရင်တို့ကို မော်လမြိုင်အထိ တိုက်ထုတ်ခဲ့တယ်။
ဒါကို မောင်ရာစု လှို့ဝှက်ထားတယ်။ ဦးနုက ပြည်ထောင်စုဝေါဟာရကို အသုံးချပြီး ဗမာပြည်ကို ကယ်သွားတာကို ဦးနေဝင်းအား အမှတ်ပေးလိုက်တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေဝင်းဆိုတာ ဘီယာစုပ်ပြီး မိန်းမလိုက်စားတာကလွဲပြီး ဘာမှ မလုပ်တတ်ဘူးဗျ။
(၂) မွန်၊ ကရင်၊ ရခိုင်
မွန်နဲ့ ရခိုင်တို့က မြန်မာတို့ကို စစ်ရှုံးဖူးသူများ ဖြစ်လို့ သမိုင်းအစာမကြေသူများ ဖြစ်ကြတယ်လို့ သူက ရေးတယ်။ ကျန်တဲ့ တိုင်းရင်းသားများဟာ ဗမာနဲ့ ယှဉ်နိုင်လောက်တဲ့ သမိုင်းနောက်ခံ မရှိကြောင်း သုံးသပ်ထားတယ်။ ဒီထဲမှာ မွန်နဲ့ကရင်တို့က ပြည်ထောင်စုကနေ ခွဲထွက်ချင်ကြသူများလို့ သူက ရေးပါတယ်။
မွန်နဲ့ရခိုင်တို့က သမိုင်းအစာမကြေတာကျတော့ မှန်တယ်။ မွန်နဲ့ကရင်တို့က သီးခြားနိုင်ငံ ထူထောင်ဖို့ ဆန္ဒရှိခဲ့ကြောင်းလည်း မှန်တယ်။ ဒါပေမဲ့ ဒီကိစ္စကို မွန်နဲ့ကရင်တို့အပေါ်မှာပဲ အပြစ်ကို ပုံချလို့ ရမှာမဟုတ်ဘူး။ ပင်လုံစာချုပ်ချုပ်ဆိုတုန်းက သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ မွန်နဲ့ ရခိုင်တို့ကို မဖိတ်ခဲ့ဘူး။ မွန်ကို ဖိတ်ခဲ့ရင် အောက်မြန်မာပြည်ကို မွန်တို့လက်ထဲ ထည့်ရမှာကိုး။ အဲဒီတုန်းက ဧရာဝတီတိုင်းမှာတောင် မွန်အနွယ်တွေ ကျန်ပါသေးတယ်။ ကရင်ကျတော့ အင်္ဂလိပ်တွေအပေါ် သစ္စာစောင့်သိခဲ့တဲ့ လူမျိုး ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်က စပြီး BIA နဲ့ ကွိုင်တက်လာတဲ့ တပ်ဖွဲ့များ ဖြစ်တယ်။
မောင်ရာစု ရေးသလို ကရင်သူပုန်တို့ကပဲ ကြမ်းခဲ့ကြတာ မဟုတ်ဘူး။ ဘီအိုင်အေလည်း ကရင်ရွာကို မီးရှို့ဖျက်ဆီးပြီး လူအစုလိုက်အပြုံလိုက် သတ်ခဲ့ကြတာပဲဖြစ်တယ်။ ဗိုလ်ချုပ်ကျော်ဇော်ကိုယ်တိုင် ဝန်ခံခဲ့တဲ့ ဖြစ်ရပ်များ ဖြစ်တယ်။ ဒီတော့ ဗမာတို့နဲ့ အဆင်မပြေတဲ့ ကရင်များနဲ့ ဗမာတို့သိမ်းပိုက်ခြင်းကို ခံရဖူးတဲ့ မွန်တို့ ပေါင်းမိတာ မဆန်းလှပေဘူး။ မွန်နဲ့ ကရင်ခေါင်းဆောင်တို့ဟာ ရာမညမွန်ကရင်နိုင်ငံတော်ဆိုပြီး ထူထောင်ဖို့ ဆန္ဒရှိခဲ့ကြပါတယ်။ ဒီဆန္ဒဟာ ဦးနုပါလီမာန်အစိုးရလက်ထက် ၁၉၆၀-ခုနှစ်ဝန်းကျင်မှာ မရှိတော့ပါဘူး။ ကရင်ပြည်နယ် ပေါ်ထွန်းခဲ့ပြီဖြစ်သလို မွန်နဲ့ ရခိုင်တို့ကလည်း ပြည်နယ်ရရှိရေးအတွက် ကြိုးစားနေကြပါပြီ။
(၃) တိုင်းရင်းသားသူပုန်များ
စာရေးသူမောင်ရာစုက ၁၉၉၀-ခုအထိ ပြည်တွင်းစစ်က မငြိမ်းခဲ့ဘူးလို့ ဝန်ခံထားတယ်။ ဒီလိုပြောတာဟာ နဝတ၊ နအဖတို့ကို အမှတ်ပေးချင်လို့ ဖြစ်တယ်။ UWSA ဝတို့ KIA ကချင်တို့ကို တရုတ်က မွေးထားတယ်လို့ ဆိုပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း မှတ်မှတ်ရရ သူက စာရင်းထဲ ထည့်ပါတယ်။ လွတ်လပ်ရေးရကတည်းက ခွဲထွက်ကြသူများအဖြစ် မွန်၊ ကရင်နဲ့ ချင်းတို့ကို ရေတွက်ထားတယ်။
ထဲထဲဝင်ဝင် လေ့လာကြည့်ရင် ကွန်မြူနစ်ကိုပဲ တရုတ်က အားပေးခဲ့တာ ဖြစ်တယ်။ ဝကို တရုတ်က မွေးခဲ့တာ မဟုတ်။ ကွန်မြူနစ်က မွေးပြီး နဝတက ကြီးပြင်းအောင် ပြုစုခဲ့ခြင်းဖြစ်တယ်။ ကချင်တို့ကလည်း ပြည်ထောင်စုတပ်နဲ့အတူ ရှိနေခဲ့တာကို မောင်ရာစုက မသိယောင်ဆောင်ပြီး ဦးနုအသုံးမကျလို့ သူတို့တောခိုခဲ့တာကိုတောင် မသိနိုင်တော့ဘဲ တရုတ်တပည့်အဖြစ် သတ်မှတ်လိုက်တယ်။ မွန်နဲ့ကရင်ကို တိုက်ဖူးတဲ့ ချင်းတွေကို မွန်နဲ့ကရင်တန်းတူ ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားပုံမှာ ဗမာ့စစ်ဝါဒီ ပီသလှပါပေတယ်။ ချင်းတွေကို ကျေးဇူးကန်းတာ ဖြစ်တယ်။
(၄) သီရိလကာၤကို အားက်သူ
မောင်ရာစုက သီရိလကာင်္သမ္မတကုမာရာတွန်ဂါကို အမျိုးသမီးဖြစ်လို့လားမသိ မှိုချိုးမျှစ်ချိုး ဝေဖန်တယ်။ လက်ရှိသမ္မတမဟိန္ဒရာဇပက္ခကို ချီးမွမ်းထားတယ်။ လက်ရှိသမ္မတက တမီလ်ကျားသူပုန်ကို အမြစ်ပြတ် ချေမှုန်းခဲ့တာကိုး။ သူက တောင်ငူဘက်မှာ ကရင်သူပုန်တွေ ရှိတုန်းက နယ်မြေမအေးချမ်းပုံကို သီရိလကာင်္ပြည်တွင်းစစ်နဲ့ နှိုင်းယှဉ်ပြတယ်။ ၁၉၇၀ ပြည့်နှစ်များက ကိုလံဘိုစီမံကိန်းကို သတိရပြီး သီရိလကာင်္ကျဆုံးခန်းကို သူပုန်တို့အပေါ် အပြစ်ပုံချလိုက်တယ်။ မြန်မာနိုင်ငံကြီးပွားခဲ့ပုံကို မပြောပေမဲ့ မြန်မာပြည်မတိုးတက်ခြင်းမှာ ပြည်တွင်းစစ်ကြောင့်လို့ ပြောပြီး သူပုန်များကို အမြစ်ပြတ်ချေမှူန်းဖို့ လော်ဘီလုပ်တယ်။ သူပုန်တွေ မရှိရင် တိုင်းပြည်တိုးတက်မယ်လို့ ဗြောင်ပဲ ပြောပါတယ်။ စစ်ဘုရင်၊ စစ်ဝါဒီ၊ ဖက်ဆစ်ဝါဒဟာ လူသားတို့ကို ကယ်ဆယ်တဲ့ ဝါဒဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ဆိုထားတယ်။ အစိုးရဆန့်ကျင်သူများနဲ့ ပြည်တွင်းသူပုန်များကို ခြေမှုန်းနိုင်သူများဟာ အာဇနည်သူရဲကောင်းများ ဖြစ်ကြောင်း ဆိုတယ်။
ဒီနေရာမှာ သူက သီရိလကာင်္နိုင်ငံအကြောင်းကို ကောင်းကောင်းသိပုံ မရဘူး။ တမီလ်တွေနဲ့ မွန်ကရင်တို့ တူညီတာ တစ်ခု ရှိတယ်။ အဲဒါကတော့ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးချစ်လှိုင်တို့ကအစ သခင်တင်မြတိုအဆုံး မွန်ကရင်များဟာ လူအားငွေအား ပုံအောပြီး ဗြိတိသျှတို့ကို တိုက်ထုတ်တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ သီရိလကာင်္မှာလည်းပဲ ဗြိတိသျှကနေ လွတ်လပ်ရေးရအောင် လှုပ်ရှားတဲ့အခါ မြောက်ပိုင်း ဂျပ္ဖနာကျွန်းဆွယ်ကနေ စတင်လာခဲ့ခြင်းဖြစ်တယ်။ အဲဒီဒေသဟာ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန် ဘာသာသုံးမျိုး ရောပြွမ်းနေတဲ့ တမီလ်လူမျိုးတို့ နေကြပါတယ်။ အထူးသဖြင့် ဟိန္ဒူနဲ့ ခရစ်ယာန်တမီလ်တို့က သွေးစည်းခဲ့ကြပါတယ်။ မူစလင်တွေကျတော့ အစိုးရနဲ့ ပူးပေါင်းတာ များပါတယ်။
သီရိလကာင်္နိုင်ငံမှာ ပညာရေးကအစ ဆင်ဟာလဘာသာကို ဦးစားပေးလာတဲ့အခါ၊ ဆင်ဟာလမျိုးချစ်ဝါဒီများ ခေါင်းထောင်လာတဲ့အခါ တမီလ်တို့က လက်နက်ကိုင်ခဲ့ကြခြင်းဖြစ်တယ်။ ဒါပေမဲ့ ဆင်ဟာလအစိုးရဟာ မြန်မာအစိုးရလို စည်းမဲ့ကမ်းမဲ့အစိုးရ မဟုတ်ဘူး။ ဆင်ဟာလတို့ဟာလည်းပဲ တမီလ်တို့ကို မလေးမစားမလုပ်ကြဘူး။ သီရိလကာင်္မှာ ရုံးမှာ ဆင်ဟာလ၊ တမီလ်၊ အင်္ဂလိပ်ဆိုပြီး သုံးဘာသာ သုံးပါတယ်။ ဆင်ဟာလတွေတောင် တမီလ်ဘာသာကို သင်ကြရတာ ရှိတယ်။ သီရိလကာင်္ပါလီမာန်ကို တမီလ်အတွက် တစ်ဝက်ခွဲပေးဖို့ ဆင်ဟာလတို့မှာ အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ ကျားသူပုန်တို့က သီးခြားနိုင်ငံ ထူထောင်ချင်ကြတာ ဖြစ်တယ်။
သီရိလကာင်္နိုင်ကနေ တမီလ်တွေ ခွဲထွက်နိုင်ခဲ့ရင် ဟင်ဒီဘာသာစကားနဲ့ အပြိုင်ဖြစ်နေတဲ့ အိန္ဒိယရှိ တမီလ်နာဒူပြည်နယ်ကလည်း အိန္ဒိယကနေ ခွဲထွက်မှာကို အိန္ဒိယအစိုးရက ကြောက်တယ်။ ဒါကြောင့် သီရိလကာင်္အစိုးရကို အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီက ကူညီတယ်။ ဒါကိုပဲ ကျားသူပုန်တို့က မကျေနပ်ဘူး။ အသေခွဲဗုံးခွဲပြီး ရာဂျစ်ဂန္ဓီကို လုပ်ကြံလိုက်တယ်။ ကမ္ဘာပေါ်မှာ အသေခံဗုံးခွဲတာဟာ မူစလင်တို့မဟုတ်ဘူး။ ဒီကျားသူပုန်တွေက စတင်ခဲ့တာ ဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ LTTE တီလ်ကျားသူပုန်တွေဟာ ပြည်တွင်းပြည်ပထောက်ခံမှု ကျဆင်းပြီး ဆင်ဟာလအစိုးရရဲ့ ပိတ်ဆို့ချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။
(၅) သီရိလကာင်္ပုံစံ ထိုးစစ် ဖြစ်နိုင်ခြေရှိလား
ဒီအချက်ကို စာရေးသူက မဖော်ပြပါဘူး။ မြန်မာနိုင်ငံရှိတိုင်းရင်းသားသူပုန်များဟာ အကြမ်းဖက်သမားများ မဟုတ်ကြပါဘူး။ ပြည်ထောင်စုကနေ ခွဲထွက်ကြမဲ့ သူပုန်တွေလည်း မဟုတ်ကြပါဘူး။ ဒေသခံပြည်သူတို့ရဲ့ ထောက်ခံမှုကို ရရှိထားကြသူများ ဖြစ်သလို ဒီမိုကရေစီအတိုက်အခံများနဲ့လည်း မဟာမိတ် ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ သင့်တင့်မျှတတဲ့ ဆက်ဆံရေးလည်း ရှိပြီး အင်အားကြီးနိုင်ငံများရဲ့ စာနာမှုကိုလည်း ရရှိထားကြပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်းနိုင်ငံမဟုတ်ပါဘူး။ နယ်စပ်ဒေသကလည်း ပြည်နယ်တို့နဲ့ ဆက်စပ်နေကြပါတယ်။ ပြည်မမှာ ပိတ်မိနေတဲ့ ပြည်နယ်တစ်ခုမှ မရှိပါ။ အခြေခံအကျဆုံးမှာ မြန်မာအစိုးရရဲ့ မရိုးသားမှုကို နားလည်လာကြပြီဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းအတော်များများဟာ UNFC ဆိုတဲ့အဖွဲ့အစည်းကြီးမှာ ပါဝင်လာကြပါပြီ။
မွန်နဲ့ကရင်ကို တိုက်ဖူးတဲ့ ချင်းနဲ့ ကချင်တို့ဟာ မြန်မာအစိုးရကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေခဲ့ပါပြီ။ မွန်နဲ့ကရင်တို့ သီးခြားနိုင်ငံထူထောင်ဖို့ ကြိုးပမ်းခဲ့တုန်းက ပြည်ထောင်စုသမ္မတနေရာကို ရရှိထားတဲ့ ရှမ်းတို့ဟာလည်းပဲ အခု အခြားတိုင်းရင်းသားများနဲ့ တသားထဲ ရှိနေခဲ့ပါပြီ။ တိုင်းရင်းသားတို့ကို ခွဲထုတ်ပြီး အချင်းချင်း တိုက်ကြဖို့ လက်ရှိသိန်းအစိုးရလည်း ကြိုးပမ်းနေဆဲ ဖြစ်ပေမဲ့ လွတ်လပ်ရေးရခါစတုန်းကနဲ့ စာရင် တိုင်းရင်းသားခေါင်းဆောင်တို့ရဲ့ အမြင်မှာ ရန်သူဆိုတာ ဘယ်သူလဲ ထင်ရှားနေပါပြီ။ ဒါကြောင့်လည်း ပြည်ထောင်စုတပ်မတော်တစ်ရပ် ထူထောင်ကြရမယ်လို့ တောင်းဆိုနေကြတာ ဖြစ်တယ်။ တစ်နေ့မဟုတ်တစ်နေ့ FUA တပ်မတော်တစ်ရပ် ဖြစ်ပေါ်လာအောင် တိုင်းရင်းသားတို့က ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ်လို့ ယူဆပါတယ်။
အခု မင်းအောင်လှိုင်တို့က သီရိလကာင်္ပုံစံ လုပ်နေတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုကို ပေါင်းလာတယ်။ တရုတ်ကိုလည်း ဆက်ထိန်းထားတယ်။ ထိုင်းကိုလည်း ရွှေလမ်းငွေလမ်းဖောက်ထားတယ်။ ဘင်္ဂလားဒေ့ရှ်ကိုလည်း အလိုလိုက်ထားတယ်။ အိန္ဒိယဆိုလည်း အသေကပ်ထားတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မုန်းအောင် ကချင်ကို ဖိတိုက်တယ်။ ရခိုင်တို့က NLD ကို မုန်းအောင်လည်း ဘင်္ဂလီများနဲ့ လှည့်တိုက်တယ်။ RCSS နဲ့ KNU တို့ကို ဇဝေဇဝါ စိတ်နှစ်ခွ ဖြစ်အောင် လုပ်ထားလိုက်တယ်။
ဒီတော့ စစ်အုပ်စုတို့က သူတိုဖက်ဆစ်ဝါဒကို မစွန့်လွှတ်ချင်ကြဘူး။ အတိုက်အခံများကိုလည်း မလျှော့ချင်ဘူး။ တိုင်းရင်းသားများကိုလည်း အမြစ်ပြတ်တိုက်ဖို့ စဉ်းစားထားပုံ ရတယ်။ ဒီတော့ သူတို့က နည်း(၂)မျိုးကို သုံးတယ်။
(၁)တစ်မျိုးက အပစ်ရပ်အောင် လုပ်၊ မူ(၆)ချက်ကို လိုက်နာခိုင်း၊ တိုင်းရင်းသားမျိုးဆက်သစ်တော်လှန်ရေးသမားများကို ဖျက်ဆီး၊ စီးပွားရေးအခွင့်အလမ်းကို ပေး။ လက်နက်ဖြုတ်။
(၂) နောက်တစ်မျိုးက အပစ်မရပ်ဖြစ်ခဲ့ရင် သီရိလကာင်္ပုံစံ ထိုးစစ်ဆင်ပြီး အမြစ်ပြတ်ချေမှုန်းဖို့ပါပဲ။ မင်းအောင်လှိုင်မှာ ဒီအစီအစဉ် ရှိပါတယ်။ ဒါကိုလည်း တိုင်းရင်းသားခေါင်းဆောင်အချို့က သိကြပါတယ်။
ဒီတော့ ဒီအကြပ်အတည်းကနေ လွတ်မြောက်ဖို့ဆိုရင်
(၁) ဖက်ဆစ်ဝါဒီ မြန်မာစစ်တပ်ရဲ့ မှိုင်းတိုက်ခြင်းကို မခံရဖို့ သတိဝီရိယ ရှိကြပါ။
(၂) အတိုက်အခံပါတီများနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြပါ။
(၃) ဖက်ဒရယ်စင်ပြိုင်အစိုးရတစ်ရပ်နဲ့ ဖက်ဒရယ်တပ်တော်တစ်ရပ် ထူထောင်နိုင်အောင် စီမံ
ထားကြပါ။
(၄) မင်္ဂလာဒုံလေဆိပ်ကို ထိန်းမထားလို့ အခု ကရင်ပြည်နယ်မှာ တပ်ပေါင်းများစွာ ရှုပ်ထွေးနေသလို ကရင်ပြည်နယ်အပါအဝင် ပြည်နယ်ပေါင်းစုံနယ်နမိတ်ကို ထိန်းမထားနိုင်က နောင်နှစ်(၆၀)ကျော် ကြာတဲ့အခါ တိုင်းရင်းသားလူမျိုးများ ကျန်ရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် ပြည်နယ်တွေ လွတ်မြောက်အောင် လုပ်ရမယ်။
လောလောဆယ်အရေးအကြီးဆုံးမှာ
(၁) အပစ်ရပ်ပြီးချိန်ကို စောင့်ပြီး အနောက်တိုင်းကုမ္ပဏီတွေက ဝင်လာဖို့ ရှိတယ်။ ဒါကို သိပါ။
(၂) ဖက်ဒရယ်မူကို အစိုးရက လက်မခံရင် အပစ်မရပ်မိဖို့ လိုတယ်။
ဖက်ဒရယ်မူအတွက် အာမခံချက်မရဘဲ အပစ်ရပ်လက်မှတ်ကို ထိုးမိရင် သီိရိလကာင်္လို ထိုးစစ်လုပ်စရာမလိုဘဲ (ကျည်ဆံတစ်ချက်မှ ဖောက်စရာမလိုဘဲ) တော်လှန်ရေးတစ်ရပ် ကျရှုံးခဲ့ပါပြီ။
BY - U Ravika
0 comments