Related Posts Plugin for WordPress, Blogger...

(၉၉၉၉) ကိုးလေးလုံးအကြို စကားဝိုင်းနှင့် PP 21

အော်စလိုရုံးချုပ်မှာ ၃ လတာ Interim တာဝန်ပြီးဆုံးလို့ ဘန်ကောက်ပြန်ရောက်တော့ ပထမဆုံး ပေး အပ်ခြင်းခံရတဲ့တာဝန်က ၉ လေးလုံး စကားဝိုင်းလုပ်ဖို့ပါ။ စကားဝိုင်းဆိုလို့ အခုခေတ် DVB TV စကား ၀ိုင်းတွေ၊ ဒီဘိတ်တွေလို ဟိုတယ်အခန်းတွေငှားပြီး ကင်မရာမင်း များစွာ၊ ၀န်ထမ်းတွေများစွာနဲ့ စိတ် ကြိုက်ပြင်ဆင်ပြီး ရန်ကုန်မြို့လယ်မှာ လုပ်ခွင့်ရတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီအချိန်က ဒီမိုကရေစီ အင်အားစု အားလုံးနီးပါး အခြေစိုက်တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့စွန်က လျှို့ဝှက်နေရာတခုမှာ လုပ်ခဲ့ရတာပါ။


(ABSDF ဒုဥက္ကဌ၊ PP21 အဖွဲ့ခေါင်းဆောင် ကိုမိုးသီးဇွန်ကို နယ်စပ်စခန်းတခုမှာတွေ့ရစဉ်။  ဓာတ်ပုံ- ထက်အောင်ကျော်)

လျှို့ဝှက်နေရာဆိုတာကတော့ အဲဒီအချိန်က အတိုက်ခံအင်အားစုတွေ သုံးနေကြ စကားလုံးကို ယူသုံး လိုက်တာပါ။ အတိုက်ခံအများစုဟာ မဲဆောက်မှာ ရုံးခန်းဖွင့်ပြီး အလုပ်လုပ်နေကြပေမယ့် သူတို့ကျင်းပ တဲ့ အခန်းနားနေရာကို မဲဆောက်လို့ ထည့်လေ့မရှိပါ။ မီဒီယာတွေက အဲဒီလို တည့်တည့်ညွှန်းဆိုတာ ကိုလည်း သူတို့က မကြိုက်ကြပါ။ ဒါကြောင့် နယ်စပ်ကလျှို့ဝက်တနေရာ သို့မဟုတ် လွတ်မြောက်နယ် မြေ တနေရာဆိုပြီး ခေါင်းစဉ်တပ်လေ့ရှိပါတယ်။ ဒါကြောင့် မဲဆောက်မြို့စွန်တနေရာက ကိုမိုးသီးဇွန်တို့ ရဲ့ ရုံးခန်း PP21 (People Power 21 Century) မှာ လုပ်ခဲ့တဲ့ စကားဝိုင်းကို နယ်စပ်က လျှို့ဝှက်စခန်း တခုမှာ လုပ်သလိုလိုနဲ့ သတင်းပို့လိုက်ပါတယ်။

အဲဒီအချိန်ထိ ကိုမိုးသီးဇွန်ဟာ ABSDF ဒုဥက္ကဋ္ဌ တာဝန်ယူထားဆဲဖြစ်ပြီး သူနဲ့အတူ ကိုဝင်းမင်း (အခု VOA)၊ ကိုမင်းမင်းနဲ့ ရဲဘော်အတော်များများ တွေ့ရပါတယ်။ သူတို့ရုံးခန်း (အဲဒီကာလရုံးခန်းတွေဟာ လူနေဆောင်တွေလည်းဖြစ်ပါတယ်) နဲ့ မျက်နှာချင်းဆိုင် လမ်းတဖက်ချမ်းမှာတော့ NGO တွေ အလုပ် လုပ်တဲ့ သစ်သားအိမ်တလုံးရှိပါတယ်။ အဲဒီဘေးမှာတော့ ပဒိုမန်းငြိမ်းမောင် (အခု KNU ပြောခွင့်ရ ပုဂ္ဂို လ်) ရဲ့ နေအိမ်ရှိပါတယ်။ အဲဒီနိုင်ငံရေးရုံးခန်းတွေရှိတဲ့ လမ်းကိုကျော်ပြီး လယ်ကွင်းတခုကိုဖြတ် လိုက် မယ်ဆိုရင်တော့ NCGUB ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေးရဲ့ ရုံးခန်း သို့မဟုတ် ကျနော်တို့ DVB သတင်းထောက်ကြီး ကိုစိုးဝင်းညိုရဲ့ ရုံးခန်းကို တွေ့ရမှာဖြစ်ပါတယ်။

ကျနော်ရဲ့ ၉ လေးလုံးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးသူတွေကတော့ ABSDF နဲ့ ၈ လေးလုံးခေါင်းဆောင် ကိုမိုးသီးဇွန်၊ ၁၉၉၆ ၀န်းကျင်မှာ နယ်စပ်ဆီထွက်လာတဲ့ ကျောင်းသားလူငယ် ကိုမင်းဇင်နဲ့ ၁၉၉၈ မှာ ထွက်လာတဲ့ ကိုဝင်းနိုင် တို့ဖြစ်ပါတယ်။ စကားဝိုင်းဆိုပေမယ့် စားပွဲဝိုင်းမရှိ၊ ပရိသတ်လည်းမရှိပါ။ PP21 ရုံးအောက်ထပ်မြေပြင်က ထိုင်ခုံတခုမှာ သူတို့ ၃ ဦးကို စုထိုင်ခိုင်းပြီး ကျနော်ရဲ့ Sony MD ရီကော်ဒါ လေးနဲ့ တလှည့်စီ မိုက်ကရိုဖုန်းထိုးပေးပြီး မေးမြန်းဖြေကြားခြင်းသာဖြစ်ပါတယ်။ သူတို့ရဲ့ပြောကြား ချက်ကို အတိအကျ မမှတ်မိတော့ပေမယ့် ၉ လေးလုံးနေ့ (၁၉၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့) မှာ လူထုအုံကြွမှု တကယ်ပဲဖြစ်လာတော့မယ့် ပုံစံမျိုး အားလုံးကပြောခဲ့တယ်လို့ ထင်ပါတယ်။


ဒုက္ခသည်ကို ဒုက္ခထပ်ပေးမိတဲ့ သတင်းထောက်

ကိုစိုးဝင်းညိုရဲ့ ရုံးခန်းမှာတည်းပြီး မဲဆောက်နိုင်ငံရေး အခြေနေကို လေ့လာရင်းနဲ့ သောင်ရင်းမြစ်ဘေး ကဈေးတန်းတွေ၊ ဒုက္ခသည်စခန်းတွေဆီ ကျနော်ရောက်သွားပါတယ်။ အခု အုန်းဖျန်စခန်းအဖြစ် နာ မည်ကြီးနေတဲ့ ဒုက္ခသည်စခန်းဟာ အဲဒီအချိန်က စတင်တည်ခါစပဲရှိသေးပြီး ကျနော်တို့ရောက် သွား ချိန်မှာ တဲအိမ်တွေဆောက်နေဆဲ၊ အင်ဖက်တွေ၊ ၀ါးလုံးတွေ သယ်ယူနေဆဲဖြစ်ပါတယ်။

( ၉၉၉၉ ကာလအတွင်း မနီလွိုင်စခန်းမှာ သတင်းသွားယူစဉ်က)

ကျနော်နဲ့အတူ အဲဒီစခန်းဆီရောက်သွားသူက ဧရာဝတီအယ်ဒီတာချုပ်လည်းဖြစ်၊ RFA နာမည်ကြီး သ တင်းထောက်လည်းဖြစ်တဲ့ ကိုအောင်ဇော်ပါ။ တကယ့်တော့ အတူရောက်သွားတာမဟုတ်ပါဘူး။ သူ့ ကားနဲ့ ကျနော်ကလိုက်သွားတာပါ။ သူ့ကားဆရာက ထိုင်းနိုင်ငံသားဆိုတော့ လမ်းတလျှောက်က ထိုင်း စစ်တပ်ဂိတ်တွေကို ကောင်းကောင်းစကားပြောနိုင်ပြီး ဒီလမ်းတလျှောက်က လှပတဲ့ ရှုခင်းတွေကို ကြည့်ဖို့လာတယ်လို့ ရွှီးလိုက်ပါတယ်။ ဒီလိုမရွှီးလို့မရ။ အဲဒီအချိန်က သတင်းထောက်တွေ ဒီဘက်လာ တာကို ထိုင်းလုံခြုံရေးက မကြိုက်ပါ။

အုန်းဖျန်စခန်းဆီရောက်တဲ့အခါမှာလည်း လုံခြုံရေးဂိတ်မရှိတဲ့ စခန်းအောက်ဘက်နားမှာ ကားရပ်ပြီး ကရင်လို ဟိုပြောဒီပြောနဲ့ ၀င်သွားရတာပါ။ တောင်နံရံမှာ၊ တောင်နံရံဆိုပေ မယ့် ကျောက်ဆောင်မရှိတဲ့ မြေသားသက် သက်နံရံမှာ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေကို ဓာတ်ပုံရိုက်ရင်း၊ တွေ့မျှလူ တွေ ကို ဟိုမေး ဒီမေး လုပ်ရင်းနဲ့ အင်ဖက်အိတ်ကြီးတလုံး ထမ်းပြီး တောင်ပေါ်တက်လာနေတဲ့ လူတဦးကို ကျနော်က အင်တာဗျုးသွားလုပ်မိပါတယ်။

ဟိုလူက အင်ဖက်အိတ်ကြီးလေးလွန်းလို့ ချွေးပြန်နေချိန်၊ ဟောဟဲဖြစ်နေချိန်မှာ ကျနော်က မိုက်က လေးကိုင်ပြီး လမ်းလျှောက်လိုက်မေးနေတဲ့ပုံကို ကိုအောင်ဇော်က ဓာတ်ပုံလှမ်းရိုက်ပါတယ်။ ပြီးတော့ ''ခင်ဗျားက Refugee ကို torture ထပ်လုပ်နေတာပဲ'' လို့ပြောပြီး ကျနော်ကိုနောက်ပါတယ်။ သူပြောမှ ပဲ ကျနော်လည်း သတိထားမိပါတယ်။ သတင်းထောက်ဆိုတာ တခါတခါ ကိုယ်လိုချင်တာရဖို့ပဲသိပြီး တဖက်သားရဲ့ ဒုက္ခတွေ၊ အခြေနေကို ထည့်သွင်းစဉ်းစားဖို့ မေ့လျော့တတ်တဲ့ သတ္တ၀ါမျိုးဖြစ်နေပါရော့ လား။


၉ လေးလုံး ဆန္ဒပြပွဲနှင့် မြန်မာသတင်းထောက်များ

မဲဆောက်မှာ တပတ်လောက်ကြာပြီးတဲ့နောက် ၉ လေးလုံးနေ့အမှီ ဘန်ကောက်မြို့ဆီ ကျနော် ပြန် တက်လာပါတယ်။ ဘန်ကောက်မြို့လယ်က မြန်မာသံရုံးရှေ့မှာဆန္ဒတာပြတာနဲ့ ရန်ကုန်က ကျောင်းအိမ် သာတွေမှာ စာကပ်တာမျိုးကလွဲရင် ၉ လေးနှစ်ပတ်လည်မှာ ထူးခြားတဲ့လူထုလှုပ်ရှားမှု ဘာမှဖြစ်မလာ ခဲ့ပါ။ ဒီတော့ ဘန်ကောက်သံရုံးရှေ့မှာ သတင်းတပတ်လောက် စခန်းချဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကိုပဲ အဓိက သတင်းလုပ်ခဲ့ရပေါ့။

(၉၉၉၉ ကာလ ဘန်ကောက်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ ABSDF ရဲဘော်ဟောင်းတချို့)

အဲဒီမှာ ကျနော်တွေ့ရတဲ့ BBC မြန်မာပိုင်းသတင်းထောက်တဦးကတော့ ကိုကျော်ဇံသာ (အခု VOA တိုက်ရိုက်လေလှိုင်း) ဖြစ်ပါတယ်။ BBC၊ VOA ရေဒီယိုတွေကို ကျောင်းသားဘ၀ ၇-၈ တန်းလောက် ကတည်းက နားထောင်ဖူးပေမဲ့ အဲဒီသတင်းဌာနက မြန်မာသတင်းထောက်တဦးကို အပြင်မှာ လူချင်း တွေ့ဖူးတာ ဒါ ပထမ ဆုံးဖြစ်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်ထိ BBC နဲ့ VOA ဟာ အရင်လူဟောင်းတွေ၊ မူဟောင်းတွေအတိုင်းသွားနေဆဲဖြစ်ပြီး အစိုးရစိတ်အနှောက်ယှက်ဖြစ်စေမဲ့ ဒီလို သံရုံးရှေ့အထိ သတင်းလာယူတာမျိုးလုပ်လေ့မရှိသေးပါ။

''အေးရာအေးကြောင်း'' မူအရသွားနေဆဲဖြစ်ပြီး သူတို့ကိုယ်သူတို့လဲ Journalist တွေ၊ Reporter တွေ အဖြစ်ခေါင်းစဉ် မတပ်သေးပါ။ Broadcaster အဖြစ်သာ အမည်တပ်ထားပြီး ကွင်းဆင်းသတင်းယူသူ မရှိသလောက်နည်းနေဆဲဖြစ်ပါတယ်။ သတင်းလောကဆီရောက်နေပြီး ရေဒီယိုမှာ နေ့စဉ် သတင်းဖတ် နေပေမဲ့ သတင်းထောက်လို့ ပြောလို့မဖြစ်သေး။ အသံလွှင့်ဌာန ၀န်ထမ်းတွေ၊ သူများပို့တဲ့ (နိုင်ငံတကာ သတင်းထောက်တွေ) သတင်းတွေကို ဘာသာပြန်လွှင့်တာ၊ ပြန်ဖတ်တာသာ လုပ်ဖူးပြီး ကွင်းဆင်းသ တင်း ထောက်မလုပ်ဖူးသူတွေ အဲဒီခေတ်က အများကြီးရှိခဲ့တယ်လို့ ထင်ပါတယ်။

ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်ထိ BBC, VOA, FRA အားလုံး ဘန်ကောက်မှာ ရုံးခန်းမဖွင့် သေးပါ။ DVB လဲ အဲဒီအချိန်ထိရုံးခန်းမရှိသေးပဲ မြေအောက်သတင်းဌာနဆန်ဆန် ABSDF ရုံးတွေ၊ သ တင်းထောက်နေတဲ့အခန်းတွေကနေ ဖြစ်သလိုသတင်းပို့နေရဆဲပါ။ အဲဒီ ၉ လေးလုံးကာလတို လေး အတွင်းမှာ BBC သတင်းထောက် ကိုကျော်ဇံသာနဲ့တွဲပြီး မနီလွိုင်ကျောင်းသားစခန်းဆီသတင်းသွားယူ တာအပါဝင် ဘန်ကောက်နဲ့ ဆင်ခြေဖုံးဒေသတချို့ဆီ ခရီးထွက်ဖြစ်ခဲ့ပါတယ်။

ဘန်ကောက်မှာအလုပ်လာလုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေ၊ ABAC (Assumption Business Administration College)   ကျောင်းဆရာတွေနဲ့တွေ့ဆုံမှု၊ မနီလွိုင်မှာတွေ့ရတဲ့ မြန်မာကျောင်း သား တွေရဲ့ ပြောဆိုမှု အပေါ်အခြေခံပြီး ရေးလိုက်တဲ့ The Nation သတင်း စာပါ ''Role of the Educated in the Revolution'' ဆိုတဲ့ဆောင်းပါးဟာ ပညာတတ်လောကဆီ အတော်ဂရက်ရိုက်သွားတယ်လို့ သိ ရပါတယ်။ ABSDF ကျောင်းသားတွေက အသက်စွန့်တိုက်ပွဲဝင်နေချိန်မှာ ပညာတတ်တွေက တော် လှန်ရေးထဲမပါပဲ၊ တော်လှန်ရေးကိုဦးဆောင်ဖို့ မကြိုးစားပဲ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့၊ နိုင်ငံခြားထွက် ပညာသင်ဖို့ပဲ ဆန္ဒစောနေတယ်ဆိုပြီး အဲဒီဆောင်းပါးအတွင်း ဝေဖန်မိပါတယ်။

ကျနော်မေးမြန်းခွင့်ရတဲ့ ကျောင်းသားအများစုကတော့ တတိယ နိုင်ငံဆီထွက်ခွါ ပညာသင်မှာဖြစ်ပြီး ''မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ တနေ့'' မှာ အဲဒီပညာတွေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွင်း ပါ ၀င်ကူညီနိုင်ဖို့ အဆင်သင့်ပြင်ထားမယ်လို့ပြောကြပါတယ်။ ဒါပေမယ့် အဲဒီတနေ့က ဘယ်တော့ရောက် မှာလဲ၊ အဲဒီနေ့ဆီရောက်ဖို့ ဘယ်သူတွေက လုပ်ဆောင်မှာလဲ။ ပညာတတ်အားလုံးက ပညာပဲဆက် သင်ပြီး အဲဒီနေ့ကို ဒီတိုင်းထိုင်စောင့်နေကြမှာလားလို့ မေးခွန်းနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါ တယ်။

အခု ၁၅ နှစ်လောက်ကြာပြီးချိန်မှာတော့ အဲဒီလိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးတဲ့ ကျနော်ကိုယ်တိုင် နော် ဝေးနိုင်ငံဆီရောက်နေတာ ၁၂ နှစ်ရှိနေပါပြီ။ ABSDF ကျောင်းသားအများစုအပါဝင် မနီလွိုင်စခန်းက ကျောင်းသားအားလုံး တတိယ နိုင်ငံတွေဆီရောက်သွားတာလဲ ၁၀ နှစ်ကျော် နှစ် ၂၀ နီးပါးရှိနေပါပြီ။ ဒါ ပေမယ့် အဲဒီဆောင်းပါးထဲမှာမေးခွန်းထုတ်ထားသလို အခု မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ဆိုတာဟာ ပြည်ပရောက် ပညာတတ်တွေထိုင်စောင့်နေတဲ့ ''မြန်မာနိုင်ငံ ဒီမိုကရေစီ ရတဲ့ တနေ့'' ဟုတ်မဟုတ်ဆိုတာကတော့ မသေချာသေးပါ။

ABSDF ကနေ နိုင်ငံခြားပညာတော်သင်အဖြစ်စေလွှတ်ခံရသူတချို့ ပြည်တော်ပြန်ပြီး သမ္မတအကြံပေး တွေ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ၊ NGO တွေ၊ သတင်းဌာနတွေမှာ တာဝန်ပြန်ထမ်းနေတာ တွေ့ရပေမဲ့ တပ်ဖွဲ့ဝင်အများစုကြီးကတော့ အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ တတိယ နိုင်ငံတွေဆီမှာ သောင်တင်နေဆဲ၊ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်တဲ့ အပြောင်းအလဲကို အတုအယောင်အဖြစ် ဝေ ဖန်နေဆဲဖြစ်တာကို မြင်နေရဆဲဖြစ်ပါတယ်။    ။

ထက်အောင်ကျော်
http://www.htetaungkyaw.net/

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ