Related Posts Plugin for WordPress, Blogger...

 ရွှေသီးရေ . . .ငါတော့ ဒီတစ်ပတ် ပုဒ်မ ၄၃၆ပြင်ဆင်ရေး အတွက် လက်မှတ်သွားထိုးဖြစ်တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီပုဒ်မပြင်ဆင်ရေး လုံးဝလက်မှတ်ထိုး ဆန္ဒပြုသင့်တယ်လို့ယုံကြည်လို့ပဲ။ ငါက အဲဒီလိုပြောတော့ ဦးလေးက အင်န်အယ်လ်ဒီကလားလို့တော့မမေးနဲ့။ နိုးပဲဟေ့ကောင်ရေ။ အခြေခံဥပဒေပြင်မယ်ဆိုရင် အင်န်အယ်လ်ဒီက လုပ်မှမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးက ပြင်ချင်ရင် လက်မှတ်ထိုးပါဆိုလည်း ငါကတော့ အပြေးလေးသွားထိုးလိုက်မှာပဲ။ အဲ ဒါပေမဲ့ ကန့်ကွက်မဲကိုထောက်ခံမဲတော့မဖြစ်စေနဲ့ပေါ့နော်။ ဟဲဟဲ . . . သူတို့က ဒါမျိုးကျွမ်းတယ်ပြောလို့။

ပြောရဦးမယ်။ ပုဒ်မ ၄၃၆ ပြင်ချင်လို့ လက်မှတ်သွားထိုးတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆို သွားကိုမထိုးဘူး။ အဘ ကြောင့်ငါကသွားထိုးတာကွ။ အဘ လို့ခေါ်ရတာက တပ်ထဲက သူငယ်ချင်းတစ်ယောက်က ငါ့ကို သင်ပေးထားတယ်။ တပ်ထဲကလူ တွေရော၊ တပ်ထွက်တွေရော အဘလေးတို့၊ အဘတို့ခေါ်ရင် လွှတ်ကြိုက်ဆိုပဲ။ အသက်အရွယ်ကိုကြည့်မနေနဲ့။ အဘသာလုပ်လိုက် အိုကေတယ်တဲ့။

ဒီလိုကွာ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တော့ အခြေခံ ဥပဒေကိုပြင်မယ်ဆိုပြီး အတိ အလင်းကြေညာဝင်လာတာ။ ပြည်သူတွေကလည်းယုံတာပေါ့။ ဒါကြောင့်လည်း ၂၀၁၂ ကြား ဖြတ်မှာ မဲဝိုင်းပေးကြတာသူများ တွေတောင် မျက်စိဆံပင်မွေးစူး တယ်။ ဟော . . .လွှတ်တော်ထဲလည်းရောက်ရော အာဏာရပါတီကြီးက ဖွဲ့စည်းပုံပြင်ဖို့အရင်တင်တာ။ အင်န်အယ်လ်ဒီတွေ လေးလံနှေးကွေးပုံများပြောပါတယ်။ ဟိုမှာသူတို့ဆွဲထားတာ မှားမှန်းသိလို့ သူတို့အရင်ပြင်မယ်ဆိုပြီး အားကြိုးမာန်တက်လုပ်ပြီးချိန်ကျမှ ဖွဲ့စည်းပုံပြင်ဖို့ဆိုပြီး ၈၈ နဲ့ပေါင်း နိုင်ငံအနှံ့ဟောပြောပွဲတွေလုပ်တော့အုတ်အော် သောင်းတင်းတွေ ဖြစ်ကုန်ရောပေါ့။ နှလုံးစက်ထည့်ထားရတဲ့ သမ္မတကြီးကိုမှအားမနာ။ သူ့ခမျာ ဆူဆူပူပူဖြစ်မှာစိုးလို့ ကြိုပြောရှာတယ်။ဒီလိုတွေ ရုတ်ရုတ်သဲသဲဖြစ်လာတော့ တို့အဘက ဟိုနေ့က အင် တာဗျူးတစ်ခုမှာ ကြိတ်မနိုင်ခဲမရထပြောရတော့တာပေါ့။

အင်န်အယ်လ်ဒီက မရောင် ရာဆီလူးတာတဲ့။ အင်န်အယ်လ် ဒီက လူထုကိုစည်းရုံးပေမယ့် လူ ထုက စိတ်မဝင်စားဘူးတဲ့။ ကိုယ့် အလုပ်နဲ့ကိုယ်တဲ့။ ဟုတ်လိုက် လေရွှေသီးရာ။ အားအားယား ယား လယ်ကွင်းတွေ၊ ဘောလုံး ကွင်းတွေထဲသွားပြီး လူတစ်သိန်း၊ နှစ်သိန်း ဘာလုပ်မှာလဲကွာ။ တို့ အဘတို့သာ စိတ်ဝင်စားတာ။ သြော်. . .  တိုင်းပြည်အတွက် မတော်မတဲ့တာတွေ မြင်ရင်ပြော ဖို့ပေါ့။

အဘကဆက်ပြောတယ်။ ဒေါ်စုက တပ်မတော်ကိုဝေဖန်နေ တာ သူပေါ်ပြူလာဖြစ်အောင်လုပ် တာတဲ့။ ဒါလည်းအဘမှန်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နာမည်မှာ အောင်ဆန်းသာမပါ ရင် လူမသိ၊ သူမသိ။ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌကြီးပြောဖူးသလို ဗိုလ်ချုပ် သမီးဆိုလို့ မမြင်ဖူးလို့သွားကြည့် ကြတာ။ ကိုယ်တိုင်က ဘာအရည် အချင်းမှရှိတာမဟုတ်ဘူး။ ဗိုက် မှာလည်းသေနတ်ဒဏ်ရာမရှိ။ အဘလည်းအခေါ်မခံဖူး။ သရေ စည်သူတို့၊ အဂ္ဂသီရိတို့လည်းမရ ဖူးဘဲနဲ့ လူတွင်ကျယ်လုပ်ချင် တယ်။ ဒါမျိုးကျ အဘဆီမှာသင် ရမှာ။ အဘတို့များ တစ်လုံးဆို တစ်လုံးပဲ။ ဘူးလက်ဆိုတာနဲ့ တင် တစ်နိုင်ငံလုံးဟိုးဟိုးကျော်။ ထောက်လှမ်းရေးကြောင့် တပ် မတော်နာမည်ပျက်တာတို့၊ အင်န်အယ်လ်ဒီမှာ ဒေါ်စုကလွဲရင် တစ်ယောက်မှသုံးမရဘူး ဆိုတာမျိုးတွေနဲ့ လွှတ်တော်မင်းသားကြီးဖြစ်လာတာ ဒေါ်စုတို့များညံ့ပါ့ရွှေသီးရာ။

နောက်. . . ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ ကျွန်တော်မမြင်ဘူးတဲ့။ အင်း . . . အနာဂတ်ကိုကြိုမြင်တဲ့ အနာဂတံသဉာဏ်ဆိုတာ တော်ရုံလူရတာမှတ်လို့။ ‘‘သမ္မတဖြစ်ဖို့ တစ်ချိန်မှာနိုင်ငံခြားသား ကိုမယူတာကောင်းမယ်ဆိုပြီး တော့’’ဆိုပဲ။ ဒေါ်စုတို့များအနာ ဂတ်ကိုမတွေးတတ်၊ မခေါ်တတ်နဲ့ ကဲခုမှဒုက္ခလှလှတွေ့ပြီမဟုတ် လား။ ပုဒ်မ ၅၉(စ)ဆိုတာပြင်ဖို့လွယ်တာမှတ်လို့။ အမျိုးဘာသာ သာသနာနဲ့ရအောင် မနည်းချိတ် ထားရတာ။

နောက်တစ်ခုက ‘‘မိုးသီးဇွန် ပြောသလိုပေါ့တဲ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့အနေ အထားမှာ ဒိုင်းဆိုသမ္မတဖြစ်ချင် တယ်ဆိုရင်’’တဲ့ (အင်း ဒါတော့ အဘကိုတိုးတိုးပြောရမယ်။ အဘ ကလည်း ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)ကြိုးမဲ့လေတံခွန်ဆို ပြီး မိုးသီးဇွန်ပြောခဲ့တာမဟုတ် ဘူး။ မိုးသီးဇွန်(သို့မဟုတ်) ကြိုးမဲ့ လေတံခွန်ဆိုပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူးမိုးဟိန်းနဲ့ တွဲဖက် အတွင်းရေးမှူးရဲနိုင်အောင်တို့ စာတမ်းထုတ်တာ။ အဘမသိဘဲ စွတ်ပြောနေ။ တော်ကြာ သူရိယ နေဝန်းကနေ ဆော်နေဦးမယ်၊ရှူး)

အဘကပြောသေးတယ်။ လူထုက ၈၈ လိုမအတော့ဘူး။ မြှောက်ပေးရင်လည်းမလုပ်တော့ ဘူးတဲ့။ ဟုတ်ပါ့အဘရာ၊ တပ်မ တော်က မအအောင်သမိုင်းကို ညက်နေအောင်ကိုသင်ပေးလိုက်တာ။ နောက်တစ်ခါစစ်တပ်က အာဏာသိမ်းရင် ဧရာဝတီဆိုတာ တကယ့်ကိုရာဇဝင်ထဲကသတို့သမီးဖြစ်ပြီး သစ်တောဆိုသည်မှာ အမေဇုန်တောကြီးအတွင်း ပေါက်ရောက်သောအရာဖြစ်သည်လို့ ကလေးတွေသမိုင်းကိုကျက်ရ လိမ့်မယ်ဆိုတာ လူထုကသိသွား ပြီမဟုတ်လား။

 တို့အဘကို တစ်ခုတော့ သတိပေးရဦးမယ် ရွှေသီးရေ။ အဘတို့ပါတီက သူရဦးအောင်ကို ဆိုတာ သိပ်ယုံရတာမဟုတ်ဘူး။ ဟိုနေ့ကပဲ သူကပြောသတဲ့။ ဖွဲ့ စည်းပုံပြင်ဖို့ တိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေသာမက နိုင်ငံ တကာကပါ တောင်းဆိုနေတာမို့ အုပ်ချုပ်ရေးမဏ္ဍိုင်က မျက်ကွယ် ပြုရင် နိုင်ငံရေးအကျပ်အတည်း ဆီ ဦးတည်သွားမယ်ဆိုပဲ။ အဘ နဲ့များကွာပါ့။ အဘကတော့ အကျပ်အတည်းတစ်ခုမဟုတ်ဘူး တဲ့။ ဘာတဲ့ဘိုလိုပေါ်လတီကယ် ခရစ်ဇစ်မဟုတ်ဘူးလို့တောင် ပြောလိုက်သေးတယ်။ အဲဒီသူရ ဦးအောင်ကိုကပြောသေးတယ်။ ပါတီအဖွဲ့အစည်းတိုင်းမှာ စုန်း ပြူးဆိုတဲ့ကိုယ်ကျိုးစီးပွားဦးစား ပေးသူတွေရှိနေမှာပဲ။ ဒီလိုရှိနေ လို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ့ဆန္ဒကို ခေါင်းမာမာနဲ့ ဆန့်ကျင်နေတာတဲ့။ လာလာချည်သေး ပြည်သူ့ဆန္ဒဆိုတာ သွေးဆေးနာမည်ဟာကို။ ဒီလူကတော့ ပါတီထဲက အများမိုးခါးရေ သောက် နေတာမသောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်လေသံ လိုက်နေပြီ။ အဘတို့ကြည့်ကျက် ပြောကြဦးလို့ပေါ့။

တကယ်တော့ ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးကမှ  အဘတို့ ရဲ့ တကယ့်မိတ်ဆွေစစ် မိတ်ဆွေမှန်ကွ။ ပါတီကလူတွေစကားပြောရင် ဟိုလူပြောရယ်စရာဖြစ် ဒီလူပြောရယ်စရာဖြစ်နေ လို့ နယ်ကျော်မစည်းရုံးနဲ့လို့ တား မြစ်တာကိုများ ဒေါ်စုကြောင့်လေး ဘာလေးနဲ့။ ခုလည်းကြည့်လေ။ တပ်မတော်သားကိုယ်စားလှယ် တွေ အာဏာမက်မောလို့၊ အထူး အခွင့်အရေးမက်မောလို့၊ နေရာ မက်မောလို့လုပ်နေတာမဟုတ် ဘူးဆိုတာကို သက်သေထူလိုက် ပါလို့ ကျွန်မကတိုက်တွန်းချင်ပါ တယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာ တစ်နည်းအားဖြင့်ပြော ရင် စိန်ခေါ်မှုလို့လည်းပြောလို့ရ ပါတယ်။ ကျွန်မစိန်ခေါ်ပါတယ်’’ တဲ့။ ဒါပြောစရာလား။ စိန်ခေါ် စရာလား။ သက်သေထူစရာလား ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖောင်းသွားပြီ။ ပြန်တောင်းပန် ခိုင်းအဘ။ ပြန်တောင်းပန်မှကျေ အေးလိုက်။ ဘယ့်နှယ်ဇလွန်မှာ အောက်ခြေပါတီကလူတွေ သူ့ဘာသာသူ အမျိုးဘာသာသာ သနာစကားလေးလုပ်တဲ့ဟာကို ဘာသာရေးကို နိုင်ငံရေးမှာအလွဲသုံးစားပြုတာကို ရွေးကောက်ပွဲကော်မရှင်က မသိချင်ယောင်ဆောင်နေတယ် ဘာညာနဲ့ပြောကြတယ်။ ကျောင်းမှန်ကန်မှန်သိအောင်ပြန်တောင်းပန်ခိုင်းလိုက်။

‘‘တပ်မတော်သားကိုယ်စား လှယ်တွေ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူး’’ ဆိုသည်ကို သက်သေထူခိုင်းမိခြင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်ကိုကျော်လွန်မိသည်ဟုဆိုပါ၍ နောင်အခါ ဟုတ်တယ်ဆိုတာကိုသာ သက်သေထူခိုင်းပါမည် ဆိုပြီး တရားဝင်စာနဲ့ပေနဲ့ တောင်းပန်ခိုင်းလိုက်။ ဒါမှ ဒီအမျိုးသမီးမှတ်မှာ။ နောက်တစ်ခါအဘဦးလှဆွေ ပြောသလို ပေါ် ပြူလာဖြစ်အောင် မပုတ်ခတ်ရဲတော့မှာကွ။

Author: မောင်နံ့သာ

7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ