
ကျုပ်တို့
အမျိုးသားများ တယ်လည်း အခွင့်အရေး နည်းသကိုးဗျ။ မိန်းမများကတော့
အခွင့်အရေးတွေ များလိုက်တာ။ ယောက်ျားနဲ့ မိန်းမ ယှဉ်လို့ရရင်
ယောက်ျားတွေအနေနဲ့ မိန်းမတွေလောက် အခွင့်အရေး မရတာ အမှန်ပါပဲဗျာ။
စဉ်းစားကြည့်လေ။
အမျိုးသမီးရေးရာ အဖွဲ့ဆိုပြီး ရှိတယ်။ အမျိုးသားရေးရာ အဖွဲ့ဆိုပြီး
ရှိမှမရှိပဲ။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရှိတယ်။ ဖခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း ရှိလို့လား။ အချို့ကတော့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုပြီးရှိတယ်။ အမျိုးသမီး
ဒီမိုကရေစီအဖွဲ့ချုပ် မရှိဘူးတဲ့။ တကယ်တော့ဗျာ သူတို့ဆိုလိုတဲ့
အမျိုးသားဆိုတာ National ကို ဆိုလိုတာဗျ။ Men ကို ဆိုလိုတာ မဟုတ်ဘူးတဲ့။
ဒါကြောင့်လည်း NLD ဆိုပြီး ဖြစ်နေတာပေါ့။ ယောက်ျားတွေကို ကိုယ်စားပြုတဲ့
အဖွဲ့အစည်းဆိုရင် MLD ဖြစ်ရမှာပေါ့လေ။
ထားပါတော့ဗျာ။ အခွင့်အရေး
တောင်းတာ ဆိုရင်လည်း ကြည့်လိုက်ပါဦး.....။ အမျိုးသမီး အခွင့်အရေးတွေပဲ
တောင်းနေကြတယ်။ ကျုပ်တို့ အမျိုးသားများ တစ်ခါမှ အခွင့်အရေး
မတောင်းခဲ့ဖူးပါဘူး။ ကျုပ်တို့ အမျိုးသားအခွင့်အရေး တောင်းတာဆိုလို့
ကိုယ့်မိန်းမဆီက အရက်သောက်ခွင့်နဲ့ ဘောလုံးပွဲ ကြည့်ခွင့်လောက် တောင်းတာပါ။
ဒါလည်း တစ်ခါတလေမှ ရတာပါ။ သူတို့ မိန်းမတွေလို ကြီးကြီးကျယ်ကျယ်
တစ်နိုင်ငံလုံးနဲ့ချီပြီး အမျိုးသမီးအခွင့်အရေး မတောင်းဖူးပါဘူး။
NGO
ဆိုရင်လည်း ကြည့်လိုက်ပါဦးဗျာ။ အမျိုးသမီး အခွင့်အရေးအတွက် လုပ်နေတဲ့ NGO
ပဲ ရှိတယ်။ အမျိုးသား အခွင့်အရေးအတွက် လုပ်တဲ့ NGO ရှိတယ်လို့ကို
မကြားဖူးပါဘူးဗျာ။
အဲ့ဒီလိုမျိုး ပြောတော့ အမျိုးသမီးတွေ
ပြန်ပြောတယ်။ သူတို့ကို ယောက်ျားတွေက အခွင့်အရေး မပေးဘဲ နှိမ်ထားတဲ့အတွက်
အခွင့်အရေးတွေ တောင်းရတာပါတဲ့။ ကျုပ်တို့က ဘယ်မှာများ ချုပ်ချယ်
ထားလို့ပါလဲဗျာ။ မိန်းမတွေကို ယောက်ျားတွေက တန်းတူလို အခွင့်အရေး
ပေးထားတာပဲလေ။ အလုပ်လုပ်ချင်သလား။ လုပ်ရမယ်။ လုပ်ခွင့် ပေးထားတာပဲ။
အရက်သောက်ချင်သလား။ သောက်လေ။ ဖဲရိုက်မလား။ ရိုက်လေ။ ဟင်းမချက်ချင်ဘူးလား။
အပြင်မှာ ဝယ်စားကြမယ်လေ။
အားလုံးကို တန်းတူထားတာပါပဲဗျာ။ နှိမ်တယ်လို့ကို မရှိရပါဘူး။ ဒါကိုများ သူတို့က အခွင့်အရေးတွေ ထပ်လိုချင်သေးတယ်တဲ့။
သူတို့တောင်းတဲ့ အခွင့်အရေး....။ သူတို့ရော သိရဲ့လား မသိပါဘူး။
အဲ့...ဒီလို ပြောလိုက်တော့ သူတို့က သိတယ်ဗျ။ အလုပ်မှာ ယောက်ျားတွေနဲ့
တန်းတူအခွင့်အရေး ရဖို့တဲ့...။ သူတို့ ပြောတာက ရာထူးကြီးတွေမှာ
ယောက်ျားတွေချည်းပဲတဲ့။ မိန်းမရာထူးကြီးတာ နည်းတယ်တဲ့။ ဒါကတော့
ကြိုးစားရမှာပဲဗျ။ အခုဆို စစ်ဗိုလ်မမတွေ ခေါ်နေပြီလေ။ စစ်ဗိုလ်မမတွေလည်း
စစ်တပ်ထဲက အနားယူပြီး အရပ်ဘက်ကို ပြောင်းရင်း ရာထူးကြီးကြီး ရမှာပေါ့ဗျာ။
အခုလည်း ရာထူးကြီးကြီး ယောက်ျားတွေ ဆိုတာ စစ်တပ်က အနားယူထားတဲ့ လူတွေပဲ
မဟုတ်လား။ သူတို့ ပြောပြန်တယ်။ လွှတ်တော်ထဲမှာလည်း မိန်းမနည်းတယ်တဲ့။ ဒါတော့
မပြောနဲ့လေ။ ဒီမိုကရေစီ။
လွှတ်တော်ထဲမှာ မိန်းမနည်းတယ် ဆိုပြီး
စစ်တပ်လူတွေလို လွှတ်တော်ထဲ ဝင်တိုင်ခွင့် ပေးလို့မှ မရတာ။ အရွေးခံပေါ့။
အမျိုးသမီးတွေ များများ ဝင်အရွေးခံပြီး နိုင်ရင် အမျိုးသမီးအမတ်တွေ
များလာမှာပေါ့လေ။
နောက်ပြီး ပြောသေးတယ်။ အမျိုးသားဆိုတဲ့
အသုံးအနှုန်းတဲ့....။ သတင်းစာထဲမှာ ကြည့်လိုက်ရရင်လည်း အမျိုးသားလုံခြုံရေး၊
အမျိုးသားအမြင်၊ အမျိုးသားလွှတ်တော် ဆိုတဲ့ အမျိုးသားနဲ့ သက်ဆိုင်တာတွေပဲ
များနေတယ်တဲ့။ ဒါက အမျိုးသမီးတွေကို သတ်သတ်နှိမ်တာ ဆိုပဲ။ အဲ့ဒါတော့
စောစောက ပြောပြီးပြီပါကော....။ အမျိုးသားဆိုတာ National ကို ပြောတာလို့။
Men ကို ပြောတာ မဟုတ်ဘူးလို့။
ဒီစကားလုံး ကိစ္စကလည်း တော်တော်
လက်ပေါက်ကပ်တာပဲဗျာ။ National ကို ဘယ်ပညာရှိကများ အမျိုးသားလို့
ဘာသာပြန်လိုက်လဲ မသိဘူး။ အဲ့ခေတ်တုန်းကတော့ နိုင်ငံကို အမျိုးသားတွေ
အုပ်ချုပ်နေတဲ့ ခေတ်မို့ ထင်တယ်လေ။ နောက်ပိုင်း အမျိုးသမီးတွေ အုပ်ချုပ်တဲ့
အခါများ ဆိုရင်တော့ National ကို အမျိုးသမီးလို့များ ပြင်လိုက်မလားမသိ။
အချို့
အခွင့်အရေးတွေကတော့ ယောက်ျားတွေက ပေးထားပေမယ့် မိန်းမတွေကိုယ်တိုင်
စိတ်ထားပြောင်းမှ ဖြစ်မှာလေ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါတယ်။
ကျိုက်ထီးရိုးဘုရား ရွှေကပ်လေ၊ ရွှေတိဂုံ အထက်ပစ္စယာ တက်လေ ဆိုတော့ သူတို့က
မတက်ရဲဘူးဗျ။ မိုးကြိုးပစ်မှာ ကြောက်တယ် ဆိုလားပဲ။ အဲ့ဒါသာကြည့်.... သူတို့
မိန်းမတွေကို သတ်သတ်နှိမ်ထားတဲ့ ဘုရားပေါ် မတက်ရတဲ့ ကိစ္စကိုတော့
မတွန်းလှန်ဘူး။ စကားအဖြစ် ပြောတာပါဗျာ။ ဒါမျိုးတော့ လုပ်လို့ ဘယ်ဖြစ်မလဲ။
ဘာသာရေးကိုဗျ။ မိုးကြိုးပစ်တာက နောက်မှ၊ အဆဲခံရမှာက အရင်လေ။
ဘုရားပေါ်တက်ရခြင်း၊ မတက်ရခြင်းက ဘဝမှာ သိပ်မှ အရေးမပါတာ။
နောက်တစ်ခု
ပြောသေးတယ်ဗျ။ ယောက်ျားတွေက ကားပေါ်မှာဖြစ်ဖြစ်၊ လူပြတ်တဲ့နေရာမှာ ဖြစ်ဖြစ်
မိန်းမတွေကို ဟိုကိုင်ဒ်ီကိုင်၊ ဟိုပွတ်ဒီပွတ် လုပ်တာတဲ့။ ဒါတော့
ခင်ဗျားတို့လည်း ယောက်ျားတွေကို ပြန်ကိုင်ပေါ့လို့ ပြောလို့ မဖြစ်ပြန်ဘူး။
မိန်းမနဲ့ ယောက်ျားက သဘာဝချင်း တူတာမှ မဟုတ်တာ။ မိန်းမတွေက
ကိုယ်ချစ်တဲ့လူကို တစ်ကိုယ်လုံး ပုံပေးချင် ပေးပေမယ့် ကိုယ်မသိတဲ့
ယောက်ျားက လက်ညှိုးလေးနဲ့ တို့တာကိုတောင် စိတ်သိပ်ဆိုးတာ။ ယောက်ျားများကတာ့
ကိုယ်နဲ့ သိသိမသိသိ နည်းနည်းလေး အသားယူလိုက်ရမှာ ဝန်မလေးတဲ့ လူမျိုးကိုး။
အမျိုးသမီးအခွင့်အရေး
များတာကို ပြောရရင် မိန်းမနဲ့ ယောက်ျား သဘောတူလို့ အတူတူအိပ်တာတောင်
မိန်းမက အခြားတစ်ခုခုကြောင့် စိတ်ဆိုးတဲ့အခါ အဓမ္မကျင့်ပါတယ် ဆိုပြီး
တိုင်လို့ ရသေးတာပဲ။ မိန်းမနဲ့ ယောက်ျား ရန်ဖြစ်ရင်လည်း မိန်းမက
တူနဲ့ထုပြီး ယောက်ျားက လက်သီးနဲ့ ထိုးရင်လည်း ယောက်ျားပဲ ထောင်ကျတာလေ။
ပြောတာတွေလည်း
ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ။ နောက်ဆုံးတော့လည်း မိန်းမနဲ့ ယောက်ျားက
သဘာဝခြင်း မတူဘူး။ မိန်းမက အားနွဲ့တယ်။ ယောက်ျားက အားကြီးတယ်။ ဒီတော့လည်း
မညီမမျှ ဖြစ်မှာစိုးလို့ အားနည်းတဲ့ လူဘက်မှာ ဥပဒေကို ထားလိုက်တာပဲလို့
မှတ်လိုက်ကြရအောင်။
The Voice Weekly
How Brand Mentions and Citations Improve SEO
2 days ago

0 comments