From : Shan News

ကချင်ပြည်နယ်၊
ဝိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ
မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ
ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ
အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့်
ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ
သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား
အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့်
(၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍
၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ်
ဝိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောသည်။`` သမီးကို ဖမ်းသွားပြီး
အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့
ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက
ဝိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု
၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA
တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ
အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ…………
လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။
``
မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ်
ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင်
ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို
ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ
ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို
မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့
လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး
တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။
မူကြိုဆရာမ မ…………
သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ
(ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့်
တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
၎င်းရဲစခန်းမှ သိရှိရသည်။
ညီသစ် (မြစ်ကြီးနား)

0 comments