ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ် ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။

ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ်
အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား
အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ
စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား
ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊
အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့်
လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင်
တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ
ဆိုက်လာခဲ့တယ် ဆိုပါတော့။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
www.mmdailystar.com
0 comments