ယခုတလော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်လှုပ်ရှားမှုများ၊
သဘောထားအမြင်များ၊ အသိအမြင် ဖလှယ်မှုများ၊
ငြိမ်းချမ်းရေးအသင်းအဖွဲ့ဖွဲ့စည်းခြင်းများအစရှိသည့်
ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများကို နေ့စဉ် မပြတ်ဆိုသလို
မိမိတို့ကြားနေကြရသည်။
ငြိမ်းချမ်းရေးလိုလားကြသည်လည်း မှန်သည်။ ငြိမ်းချမ်းမှသာလျှင် တိုင်းပြည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်
ဆောင်ရွက်လို့ရမည်ဟုလည်း ယုံကြည်သည်။ ထို့ကြောင့်ငြိမ်းချမ်းမှ ဖြစ်မည်ဟုလည်းသိသည်။ ထိုအခါ ငြိမ်းချမ်းရေး ရရာရကြောင်းနည်းလမ်းများကို ရှာကြရ၏။ ယခုအခါ မိမိတို့သည် ပြည်တွင်းငြိမ်းချမ်းရေး ရရာရကြောင်း နည်းလမ်း များကို အပူတပြင်းရှာဖွေနေကြသည့်အချိန် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ငြိမ်းချမ်းရေး ရရာရကြောင်းအခြေခံအချက်များဆိုသည်မှာ အဘယ်နည်း။ ထိုအခါ ယခင့်ယခင် အချိန်အခါများက ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာခဲ့စဉ်က အတွေ့အကြုံများကိုလည်း တစ်စုံတစ်ရာအားဖြင့် ပြန်လည်သုံးသပ် သင့်သည်ဟု ယူဆမိသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရာရရှိကြောင်းကို ယခင်ကလည်းကြိုးပမ်းခဲ့ကြဖူးသည်။ အာဏာရအစိုးရ ကိုယ်တိုင်က ဦးဆောင်လျက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ဖိတ်ခေါ်ဆွေးနွေးလျက် ငြိမ်းချမ်းရေးရနိုင်ရန် ကြိုးပမ်းသည်များပင်ရှိခဲ့သည်။ အထင်ရှားဆုံးဥပမာမှာ ၁၉၆၃ ခုနှစ်၊ ဇွန်လအတွင်း ထိုစဉ်က အာဏာသိမ်း
တော်လှန်ရေးကောင်စီအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟုဆိုကာ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်း အားလုံးသို့ ဖိတ်ခေါ်စကားပြောခဲ့ဖူးသည်။ သို့သော် ငြိမ်းချမ်းရေး မရသည့်အပြင် တစ်ဖက်နှင့်တစ်ဖက် မယုံသင်္ကာဖြစ်မှုများ၊ အငြိုးအတေးကြီးမှုများ ပို၍ပင် ထုထည်ကြီးမားလာခဲ့ကြရသည်။ အဘယ်ကြောင့်ပါနည်း။
ဟိုစဉ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ လက်နက်နှင့်ဒီမိုကရေစီလဲရမည်၊ အမြင်မှန်ရလို့ အလင်းဝင်ရောက်ကြ ရမည်စသည့် ခေါင်းစဉ်များအောက်တွင် အာဏာရအစိုးရများက လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအပေါ်
နိုင်ငံရေးအရချိုးနှိမ်သည့် ဆောင်ပုဒ်များဖြင့် စကားပြောခဲ့သည်။ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေးပွဲ အပေါ်မူတည် ကာ အာဏာရအစိုးရများသည် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ကိုသာ မဲတင်းခဲ့သည်။ ဥပမာ - ဆွေးနွေးပွဲပျက်ပြားလို့
တောတွင်းပြန်ဝင်ကြရသည့် တောတွင်း အဖွဲ့အစည်းဝင် များကျောပေးထွက်ခွာသွားကြသည့်ပုံကို အစိုးရသတင်းစာ များတွင် သူတို့ပြည်သူကို ကျောခိုင်းသွားကြ ပြီဟူသော ခေါင်းစည်းများဖြင့် အကျယ်တ၀င့်ဖော်ပြကာ နိုင်ငံရေး အမြတ် ထုတ်ခဲ့ကြသည်။ ထိုအခါ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစမှာ ပို၍ပင် မှေးမှိန်ရတော့သည်။
နောက်ပိုင်းတွင် အာဏာရအစိုးရများသည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရာရရှိကြောင်း ဆောင်ရွက်ရာ၌ အမြစ်ပြုတ်
ရေး လမ်းစဉ်ကိုသာ ကိုင်စွဲလာခဲ့ကြသည်။ သဘောထားကွဲသော တောတွင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အပေါ် လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်း၊ ပို၍ဆိုးသည်မှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ကို သွေးခွဲဖဲ့ထုတ် စည်းရုံးခြင်း၊ အခွင့်အရေးများပေးကာ အားနည်းသည့်အစု အဖွဲ့များအဖြစ်သို့ရောက်အောင် ကြိုးပမ်းခြင်းဖြင့် ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ခဲ့ကြသည်။ ရရှိလာသည့်အဖြေမှာ အားလုံးသိကြသည့် အတိုင်း ပြည်တွင်းစစ် မီးမှာ မကြုံဖူးအောင်ပင်ပို၍ ကြီးထွားလာခဲ့ရသည်။
ယခုအခါ အာဏာရ အစိုးရသည်လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် လည်းကောင်း အကြမ်းဖက် ရင်ဆိုင်တိုက်ခိုက်သည့်နည်းဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံအေးချမ်းရေး ဆောင်ရွက်ခြင်းသည် နှစ်ဦးနှစ်ဖက်စလုံး ပျက်စီးခြင်း အဖြစ်သို့သာရောက်တော့မည်ကို လက်တွေ့အရ သိရှိလက်ခံလာကြပြီလောဟု ယူဆရပါသည်။
ပြည်သူတို့သည် မမျှော်လင့်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစကို မြင်တွေ့ရစပြုပြီဟုပင် ဆိုနိုင်ပါသည်။
ငြိမ်းချမ်းရေးရရာရကြောင်း နည်းလမ်းများသည်ကား များများစားစား မရှိပါ။ အပြုတ်တိုက်ရေးလမ်းစဉ်ကို စွန့်ရပါ မည်။ သွေးခွဲသပ်လျှို ဖျက်ဆီးရေးအလုပ်ကို စွန့်ရပါမည်။ အကြမ်းဖက်ဖြေရှင်းသည့် တောရိုင်းဥပဒေသကို စွန့်ရ ပါမည်။ တစ်ပြိုင်နက်တည်းမှာပင် အပြန်အလှန်အသိအမှတ်ပြု၊ အပြန်အလှန်လေးစား၊ အပြန်အလှန် အပေးအယူ ညှိနှိုင်း၊ မတူကွဲပြားခြားနားသူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မူကို အခြေခံခြင်းဖြင့် ငြိမ်းချမ်းရေးကို ရအောင် ယူကြ ရမည်သာ ဖြစ်သည်။ ငြိမ်းချမ်းရေးသည်ကား ပြည်သူတို့၏ အဓိကမျှော်မှန်းချက်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် တိုးတက်ခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထို့ ကြောင့်ငြိမ်းချမ်းရေးသည်ကား အပေါင်းလက္ခဏာ အသွင်ဆောင်ပေ သည်။ မိမိတို့သည် မိမိတို့၏ မျက်မှောက်ခေတ်မှာတင် ငြိမ်းချမ်းရေးကိုမဖြစ်မနေတည်ဆောက်ခြင်းဖြင့် မိမိတို့၏ အနာဂတ်ကို အာမခံချက် ပေးခြင်းသာဖြစ်ကြောင်း အခိုင်အမာယူဆရပေမည်တည်း။

မဇ္ဈိမသတင်းဌာန
0 comments