Related Posts Plugin for WordPress, Blogger...

အရှင်ဦးဥတ္တမ ( ၁၈၈၀ မှ ၁၉၃၉ )
ရွှေမြန်မာမီဒီယာဂရုမှ အရှင်ဥတ္တမ
အကြာင်း ဂုဏ်ပြုဖေါ်ပြအပ်ပါသည်။
မြန်မာ့လွတ်လပ်ရေးလမ်းပြ မီးရှုးတန်ဆောင်

 ၊ အာရှတိုက်၏ ထွန်းသစ်ကြယ်အရှင်ဦးဥတ္တမကိုရခိုင်ပြည်နယ် စစ်တွေမြို့ ၊ ရူပရပ် ၊
 ချောင်းနားတန်းတွင် ဖခင် ဦးမြသာဦး၊ မိခင်ဒေါ်အောင်ကျော့ဖြူ တို့မှ
(၁၈၈၀)ပြည့်နှစ် ဒီဇင်ဘာ(၂၈)ရက်တွင် မွေးဖွားခဲ့သော သားကြီးဖြစ်သည်။
ငယ်မည်မှာ ပေါ်ထွန်းအောင် ဖြစ်သည်။

ဦးဥတ္တမတွင် ညီကျော်ထွန်းအောင်(ကိုရင်ကြီးအရှင်အရိယ)နှင့် ညီမ မအိမ်စိုးတို့
 နှစ်ဦးရှိသည်။

ရှင်ဥတ္တမ(ပေါ်ထွန်းအောင်)နှင့် ညီဖြစ်သူကျော်ထွန်းအောင်တို့ကို မိဘများက
ကျွန်ပညာအင်္ဂလိပ်စာကို သင်ကြားမပေးလိုသော်လည်း တိုင်းရင်းသား ဘာသာ
ကျောင်းတွင် ပညာသင်ပေးခဲ့ရာ ဦးဥတ္တမ ( ပေါ်ထွန်းအောင်) သည် ဆဌမတန်းအထိ
သင်ကြားခဲ့သည်။

မိခင်က ကျောင်းမှ နှုတ်ထားသည့်တိုင်အောင် ပေါ်ထွန်းအောင်က နိုင်ငံ ရပ်ခြားကို
သွားရောက် ပညာသင်ရန် မလျှော့သောလုံ့လဖြင့် အမျိုးမျိုးကြိုးစားသည်။

အသက်(၁၃)နှစ်အရွယ်တွင်စစ်တွေမြို့၌ပရိယတ္တိသင်ကြားရာတွင်အကျော်တစောရှိသော
 ရွှေစေတီကျောင်းဆရာတော်ဘုရားထံ ဗုဒ္ဓ၏ အခြေခံစာပေများကို လေ့လာသင်ယူသည်။

(၁၅) နှစ်အရွယ်တွင် ပေါ်ထွန်းအောင်နှင့် ညီငယ်ကျော်ထွန်းအောင် ရှင်သာမဏေ
အဖြစ် သင်္ကန်းစည်းကြသည်။





ရှင်ဥတ္တမနှင့် ရှင်အရိယဟူသော ဘွဲ့ နာမများရရှိခံယူ ကြသည်။ထို့နောက်
အရှင်ဦးဥတ္တမရဟန်းဝတ်ဖြင့် ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ ၊ မန္တလေးနှင့်
ပခုက္ကူမြို့ များတွင် လှည့်လည်နေထိုင်ပညာသင်ယူခဲ့သည်။

ဗုဒ္ဓစာပေ ကျမ်းဂန်များကိုလည်း အပတ်တကုတ် လေ့လာ ကြိုးပမ်း ဆည်းပူးခဲ့သည်။
တောင်ငူမြို့တွင်ရှိစဉ် ရှင်သာမဏေစာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ
 ပထမရသည်။

တောင်ငူမြို့ မှ ရှမ်းမကြီးတစ်ဦးက သားအဖြစ်မွေးစားလိုကြောင်းပြော၍ မွေးစားလိုလျှင်
ကာလကတ္တားကို ပညာသင်လွှတ်မလားဟု တောင်းဆိုရာ ထိုအမျိုးသမီးကြီး၏
အထောက်အပံ့ဖြင့် လူဝတ်လဲကာ အသက်(၁၇) နှစ်အရွယ်တွင် ကာလကတ္တား၌ အင်္ဂလိပ်စာနှင့် ခေတ်ပညာများကို သင်ယူပြီး (၁၀)တန်း စာမေးပွဲကို အလွတ်ပညာသင် အဖြစ် ဖြေဆို အောင်မြင် ခဲ့သည်။

ထိုနှစ်မှာပင် ကာလကတ္တားမှပြန်လာပြီး ရှင်ဝတ်ဖြင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို
သင်ယူသည်။ ထိုစဉ် ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က
 ရဟန်းဒါယကာပြု၍ အသက်(၂၀)အရွယ်တွင် ရဟန်းအဖြစ်ခံယူသည်။

အရှင်ဥတ္တမသည် ရဟန်းအဖြစ်ခံယူပြီးနောက် ရန်ကုန်သို့ ဆင်းလာပြီး အိန္ဒိယနိုင်ငံ
ကာလကတ္တား သို့ ပြန်သွားလေသည်။ ထိုအချိန်တွင် အိန္ဒိယတွင် လွတ်လပ်ရေး
အတွက်နိုးကြားထကြွလျက်ရှိသည်။

၁၉၀၄-ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်က ဘင်္ဂလားနယ်ကိုအရှေ့နှင့် အနောက်နှစ်ပိုင်းခွဲခြားလိုက်ရာ ဒေါက်တာရာဘင်ဒြာနတ်တဂိုးနှင့် စီအာဒတ်စ်
ဆိုသော ပညာရှိပုဂ္ဂိုလ်ကြီးနှစ်ဦးက ဦးဆောင်ကန့်ကွက်ရာမှ ဆူပူကန့်ကွက်မူများ အကြီးအကျယ် ဖြစ်ပွားကျယ်ပြန့်လာသည်။

ထိုပုဂ္ဂိုလ်များနှင့် တွဲမိသော ဦးဥတ္တမ ဆရာတော်သည် အိန္ဒိယနိုင်ငံရေးနှင့် အကျွမ်း တ၀င် ဖြစ်လာပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် စိတ်ဝင်စား
တက်ကြွလာခဲ့သည်။

အိုင်စီအက်စ်(I.C.S) ရာထူးမှ နုတ်ထွက်ပြီး အမျိုးသားကောလိပ်ကို
တည်ထောင်သော ဗင်နိုဂို့ရှ်၏ ကောလိပ်တွင် အရှင်ဥတ္တမက ပါဠိနှင့် ဗုဒ္ဓ ဘာသာစာပေတို့ကို
ကူညီပို့ချ ပေးလေသည်။

တဖက်တွင်လည်း သက္ကတစသော ရှေးဟောင်းဟိန္ဒူစာပေကျမ်းများကို သင်ယူဆည်းပူးသည်။ထိုအချိန်မှာ မြန်မာပြည်တွင်လည်း နိုင်ငံရေးကိုတက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခြင်းမပြုကြသေးသော်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
(Y.M.B.A=young men’s buddhists associations)ကို တက္ကသိုလ်ပညာတတ် များဖြစ်သော ဦးဘဖေ(ဘကြီးဘဖေ) ၊ ဦးမောင်ကြီး(အမ်အေ) ၊ ဦးစိန်လှအောင်တို့က စတင်ဖွဲ့စည်း
ထုထောင်ပြီး အမျိုး ဘာသာ၊ သာသနာ၊ ပညာဟူသော ဆောင်ပုဒ်ဖြင့် စတင်
လှုပ်ရှားလာကြသည်။

အရှင်ဥတ္တမကိုယ်တော်တိုင်အိန္ဒိယမှ ပြန်ရောက်လာပြီး ၀ိုင်အမ်ဘီအေလှုပ်ရှားမှုကို တက်ကြွစွာ ဦးဆောင်ခဲ့သည်။ ၁၉၀၇-ခုနှစ် ၊ ဇန်န၀ါရီလ-၁ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ဂျပန်နိုင်ငံတွင် အနောက် ဟွန်ဂွန်ဂျီ ဘုရားကျောင်းအကြီးအမှုး(Abbot of Western Hongonji Temple) မင်းသားကြီး ကိုဇင်အိုတာရီနှင့်အတူ နေပြီး ကစ်စတိုမြို့ရှိ နိရှိဟွန်မွန်ဂျီ အမည်ရှိ ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုစဉ် ဂျပန်စာ၊ စကား ၊ အယူဝါဒ ၊ ဓလေ့ထုံးစံတို့ကို ကိုယ်တိုင်သင်ယူပြီး တစ်နှစ်အကြာစာမေးပွဲ ဖြေဆိုအောင်မြင်သည်။

ဆရာတော်သည် မြန်မာစာပေကျမ်းဂန်တို့အပြင် ပါဠိ ၊ ဘင်္ဂါလီ ၊ နာဂရီ ၊ သက္ကဋ၊ အင်္ဂလိပ်၊
တိဘက် ၊ ဂျပန် ၊ ပြင်သစ် ဘာသာစကားကိုးမျိုးကိုတတ်မြောက်သည်။
ဆရာတော်အရှင်ဦးဥတ္တမသည် ဂျပန်ပြည်တွင် နေထိုင်စဉ် ဂျပန်ပြည်သို့ လာရောက် တိမ်းရှောင်နေသူ ဒေါက်တာဆွန်ယက်ဆင်နှင့်အကြိမ်ကြိမ်တွေ့ဆုံပြီး ပြည်တွင်းနှင့်
 နိုင်ငံတကာ နိုင်ငံရေးကိစ္စများကို ညှိနိုင်းဆွေးနွေးခဲ့သည်။

၁၉၁၁-ခုနှစ် ၊ ဂျပန်မှ ပထမအကြိမ်ပြန်လာသောအခါ ကိုရီးယားပြည် ၊ တရုတ်ပြည် ၊ ပြင်သစ်ပိုင်အင်ဒိုချိုင်းနား(ယခု ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံ)သို့ ၀င်ရောက် ပြီး ဆိုင်ဂုံမြို့(ယခု ဟိုချီမင်းမြို့တော်)တွင် မြန်မာ့နန်းတွင်းအရေးတော်ပုံ အရေးနိမ့်ပြီး ပြည်ပသို့တိမ်းရှောင် နေရသော မြင်ကွန်း မင်းသားကြီင်္းနှင့် ၄င်း၏ သားတော်တို့၏ ဆွမ်းအလှုကိုလက်ခံပြီး မြန်မာ့နိုင်ငံရေး အခြေ အနေများကို ဆွေးနွေးခဲ့သည်။

ထိုမှတဆင့် ကမ္ဘောဒီးယားနှင့် ယိုးဒယား(ထိုင်းနိုင်ငံ)တို့သို့ ၀င်ရောက်
 လေ့လာခဲ့သည်။



ထိုမှ အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ပြန်လာခဲ့သည်။မဒရပ်မြို့မှ တဆင့် ဘုံဘေမြို့သို့
သွားရောက်ပြီး ရတနာဂီရိရှိ မြန်မာနန်းကျဘုရင်သီပေါမင်းနှင့် တွေ့ဆုံ နိုင်ရန်
 စီစဉ်ခဲ့သည်။သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၁၁-ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ၀ိုင်အမ်ဘီင်္အေအသင်းကို ဦးဆောင်နေသော ၀တ်လုံတော်ရ ဦးမေအောင် (ရခိုင်) ၊ ဦးအုံး(ပညာဝန်) ၊ ဦးဘဖေတို့၏ စည်းရုံးလှုပ်ရှားမူ များလည်း တပြည်လုံးတွင် ကျယ်ပြန်လျက်ရှိသည်။

မန္တလေးတွင် မြန်မာ့သတင်းစာဆရာတစ်ဦးဖြစ်သော ” မြန်မာ့တာရာ” သတင်းစာ ပိုင်ရှင် ဦးကျော်ရန်တို့နှင့်လက်တွဲပြီး မြန်မာ့နိုင်ငံရေးနိုးကြားရေးများကို ဟောပြောသည့်အပြင်
ရန်ကုန်မြို့ တွင်ထုတ်ဝေနေသော ”သူရိယ”သတင်းစာတွင် လည်း အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက် ရေး နှင့် ကျွန်ဘ၀မှ လွတ်မြောက်ရေးတို့ကို လှုံ့ဆော်
 ရေးသားခဲ့ သည်။

အများဆုံးရေးသားတိုက်တွန်းချက်များမှာ ၀ံသာနုရက္ခိတတရားများနှင့် မြန်မာပြည်တွင်းဖြစ် ပင်နီနှင့် ယောလုံချည်ဝတ်ဆင်ရေး ၊ နိုင်ငံခြား အ၀တ်အထည်များ သပိတ် မှောက်ရေးဖြစ်သည်။

၁၉၁၂-ခုနှစ်တွင် ဂျပန်ပြည်သို့ ဒုတိယအကြိမ်ပြန်လည်ကြွချီသည်။ ထိုခရီးတွင် ညီမရင်းဖြစ်သူ
 မအိမ်စိုးနှင့် လူငယ်သုံးဦးကို ဂျပန်တွင်ပညာသင်ရန်ခေါ်ဆောင်သွားခဲ့သည်။

တစ်နှစ်ကြာနေထိုင်ခဲ့ပြီး နောက်ပြန်လာခဲ့သည်။၁၉၁၄ခုနှစ်တွင်တတိယအကြိမ်အဖြစ်
ဂျပန်ပြည်သို့သွားရောက်ခဲ့ပြန်သည်။

ဂျပန်မှ အပြန်တွင် အမေရိကန် ၊ သြစတြေးလျနှင့် ဂျဗားကျွန်းများ (ယခု အင်ဒိုနီးရှား)တို့သို့ သွားရောက်လေ့လာ ခဲ့ပြီးမှ မြန်မာပြည်သို့ ပြန်လာခဲ့သည်။

ဆရာတော်အရှင်ဥတ္တမကိုယ်တော်ကြီးသည် စောစောပိုင်းနှစ်များ ကလည်း ပြင်သစ်နှင့်
အင်္ဂလန်နိုင်ငံတို့သို့ သွား ရောက်ခဲ့သေးသည်။

ရှင်ဥတ္တမဂျပန်တွင်ရှိစဉ် ဂျပန်ပြည်အတ္ထုပတ္တိစာအုပ်ကို ရေးသားခဲ့ပြီး အပြန်တွင် သူရိယသတင်း
 စာတိုက်မှ ရိုက်နှိပ်ထုတ်ဝေခဲ့ရာ အလွန်ရောင်းအားကောင်းခဲ့သည်။ ၁၉၁၁-ခုနှစ်နောက်ပိုင်းတွင်
ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေးအတွက် ထိုစဉ်ကစကားအတိုင်း
ဟုမ်းမ်ရှုး(Home Rule) ရရှိ ရေးအတွက် စည်းရုံး လှုံ့ဆော် တရားများဟောခဲ့သည်။

”အာဂါရာအနာဂါစ ၊ ဥဘော ၊ အညောညနိဿတာ ၊ အရဒ္ဒယန္တိသဒ္ဒမံ ၊ ယောဂက္မေမံမနုတ္တရံ”
ဟူသော ဗုဒ္ဓ္ဓ မြတ်စွာဘုရား၏ ပါဠိတော်လာနှင့်အညီ ဘုန်းကြီးရဟန်းတို့အား
 နိုင်ငံရေးကိုခြေစုံပစ်လျက် ၀င်အောင်လှုံ့ဆော်ခဲ့သည်။

ရဟန်းရှင်လူတို့ကို ထိုသို့စည်းရုံးခဲ့ပြီး ၁၉၂၀-ခုနှစ်တွင် ထိုစဉ်က မြန်မာပြည် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည်မှ ထွက်သွားလိုက်ပါဟူသော စာတစ်စောင်ကို ရေးသားပေးပို့လိုက်သည်။ထိုစာကို သူရိယသတင်းစာက ဖော်ပြလိုက်ရာ အထူးအရေးပါသောလှုံ့ဆော် ချက်ဖြစ် သည်။

ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားများကို မြို့ကြီး ၊ မြို့နယ်များတွင်သာမက
 တောလက်ကျေးရွာများ တိုင်အောင် ဟောပြောခဲ့သည်။

၁၉၂၁-ခုနှစ်တွင် ဒေးဒရဲမြို့နယ် ၊ ဆူးကလပ်နှင့် တမာတကောကျေးရွာတို့တွင် ဦးဥတ္တမဟောပြောခဲ့သော နိုင်ငံရေးတရားများသည် ဥပဒေကို ချိုးဖောက် သည်ဟုဆိုကာ အိန္ဒိယရာဇသတ်ကြီး ပုဒ်မ-၁၂၄(က)နှင့် ၁၅၃(က) တို့ဖြင့် ဖမ်းဆီးပြီး မအူပင်ခရိုင်တရား
ရုံးတွင် အမှုစစ်ပြီး ထောင်ဒဏ်(၁)နှစ်နှင့် (၈)လအလုပ်မဲ့ ထောင်ဒဏ် ချမှတ်ခြင်းခံရသည်။

တစ်ပြည်လုံးရှိ ရဟန်းသံဃာတော်များစုစည်းပြီး ဦးဥတ္တမကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအကျိုး ထမ်းဆောင်ရန်အတွက် သံဃာ့သမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းထူထောင်လာကြသည်။

အမျိုးသမီးများ၏ ကုမ္မာရီ အဖွဲ့များလည်းပေါ်လာခဲ့ သည်။အရှင်ဦးဥတ္တမသည် နိုင်ငံရေးကို ဆောင်ရွက်နေစဉ်ကာလအတွင်း အိန္ဒိယနှင့်
 မြန်မာပြည်ကို ကူးချီ သွားချီလုပ်နေခဲ့သည်။

၁၉၂၀-ခုနှစ် ပထမတက္ကသိုလ်သပိတ်ကြီးဆင်နွဲချိန်တွင် ကာလကတ္တားကို ရောက်နေခဲ့သည်။
ရန်ကုန်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွဲကြောင်း ကြေးနန်းစာရသောအခါ များစွာကြေနပ်ဝမ်းသာဖြစ်ပြီး ရန်ကုန်သို့ ချက်ချင်းပြန်လာကာ ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်၍ျှ် သပိတ် တိုက်ပွဲကို အားပေးကူညီပြီး သခင်ပညာရေးအတွက် အမျိုးသားကျောင်းများ ထူထောင်ရေးကို စည်းရုံးသည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။

၁၉၂၀-ခုနှစ်တွင် တပြည်လုံးရှိ ၀ိုင်အမ်ဘီအေအသင်းများ ညီလာခံမှစပြီး ဂျီစီဘီအေနိုင်
ငံရေးအသင်းချုပ်( General Council of Burmese Associations )ကို ဖွဲ့စည်းထူထောင်
လိုက်သည်။ ၀တ်လုံတော်ရ ဦးချစ်လှိုင်ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။

ပြည်သူများလုံးဝလွတ်လပ်ရေး(Home Rule)ကို အပြင်အထန်တောင်းဆိုလာကြ သည်။
၁၉၂၃-ခုနှစ် ဇွန်လဆန်းမှစ၍ အင်္ဂလန် ၊ ထိုမှတဆင့် ပြင်သစ် ၊ စပိန် ၊ ဆွစ်ဇာလန် ၊
ဆွီဒင် ၊ ပေါ်တူဂီ ၊ နော်ဝေးစသော ဥရောပတိုက်ရှိ နိုင်ငံများစွာကို လှည့်လည်ပြီး နိုင်ငံရေး
လှုပ်ရှားမှု များကို လေ့လာခဲ့သည်။ထိုအချိန် မြန်မာပြည်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက
 ပြည်သူတို့၏ အုံကြွဆန့်ကျင်မှုကြောင့် ၀ှိုက်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုဖြစ်သည်။

Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးအစား ဒိုင်အာခီခေါ် အင်္ဂလိပ်ဘုရင်ခံနှင့် ပြည်သူ့ကိုယ်စား
လှယ်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ကိုသာပေးပြီး အင်္ဂလိပ်နယ်ချဲ့တို့က တဖက်လှည့် ကြိုးကိုင်
အုပ်ချုပ်ခြင်းဖြစ်သည်။

ဒိုင်အာခီနှင့်ဟုမ်းမ်ရူးသဘောထားကွဲပြီး ဂျီစီဘီအေလည်း နှစ်ခြမ်းကွဲလေသည်။ ဦးချစ်လှိုင်က ဒိုင်အာခီဆနှ့်ကျင်ရေး ဂျီစီဘီအေအသင်းခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။

ဒိုင်အာခီနှင့်ပူးပေါင်း ဆောင်ရွက်သည့် (၂၁)ဦးအဖွဲ့ကိုဦးမောင်ကြီး(အမ်အေ)၊ ဆာဂျေ
 အေ မောင်ကြီးစသူတို့ ဦးဆောင်ပြီး ဒိုင်အာခီ အစိုးရတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

၁၉၂၄-ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် လူထုအစည်းအဝေးကြီးတစ်ခုတွင် ဦးဥတ္တမသည်
အခွန်မပေးရေး လှုံ့ဆော်ခဲ့ရာ ဥပဒေကို ကျူးလွန်သည်ဆိုကာ အစိုးရကို အကြည်အညိုပျက်စေသည့်
ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲပြီး ရန်ကုန်ခရိုင်တရားသူကြီးက ၁၉၂၄-ခုနှစ် အောက်တို
ဘာလတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် အပြစ်ပေးလိုက်သည်။

။ထောင်မှလွတ်ပြီး ရန်ကုန်မြို့ဗိုလ်တထောင် ဘုရားဝင်းအတွင်း တရားပွဲတွင် သင်္ကန်းချွတ်ပြီး အတွင်းတွင်ဝတ်ထားသော ထောင်ဝတ်စုံကို ပြလိုက်ရာ တရားပွဲလာ ပြည်သူတရပ်လုံး မခံမရပ်နိုင်ဖြစ်ကြလေသည်။

၁၉၃၀-ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာပြည်ကို ခွဲခြမ်းအုပ်ချုပ်ရေး ပြဿနာပေါ်လာပြန်သည်။ ဦးဥတ္တမက နယ်ချဲ့အင်္ဂလိပ်ကို ပူးတွဲတိုက်မှ အောင်မြင်မည်ဟူသော သဘောတရားဖြင့် တွဲရေးအတွက် လှုံ့ဆော် သည်။

၁၉၃၂-ခုနှစ် ဒီဇင်ဘာလတွင် တွဲရေး ၊ ခွဲရေးကို လူထုဆန္ဒမဲကောက်ယူရာ တွဲရေး ဘက်မှ မဲ(၅)သိန်းကျော်ပို၍ အပြတ်အသတ်နိုင်သော်လည်း အမတ်များအစည်းအဝေးတွင်
ခွဲရေးဖြစ်သွားပြီး အိန္ဒိုယနှင့်ခွဲရေးဖြစ်သွားသည်။

ထိုသို့ဖြင့် ၁၉၅၃-ခုနှစ် မြန်မာနိုင်ငံဥပဒေဖြင့် (၉၁)ဌာနအုပ်ချုပ်ရေးဖြစ်လာသည်။ဆရာတော်ဦးဥတ္တမသည် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ နည်းလမ်းအတိုင်း မပူးပေါင်းရေး မူဝါဒ (Non-Co.opration)(ထိုစဉ်က နန်းကိုအော်ပရေးရှင်း ဟုပင်သုံးသည်။

)နှင့် အကြမ်းမဖက်ရေး (Non Violence)ကို လိုက်နာကျင့်သုံးခဲ့သည်။ ဆရာတော်ဦးဥတ္တမအိန္ဒိယ၏ ဟိန္ဒူမဟာဆဗ္ဗအသင်းကြီး၏ ဥက္ကဌအဖြစ် ယှဉ်ပြိုင် အရွေး ခံရသည်။ကွန်ဂရက်ပါတီတွင်လည်း ဦးဆောင်ခဲ့သည်။

အရှင်ဦးဥတ္တမကို အိန္ဒိယတစ်ပြည်လုံး၏ ခေါင်းဆောင် ကြီး အဖြစ်အသိအမှတ်ပြုခြင်း ဖြစ်သည်။မဟတ္တမဂန္ဒီကြီး၏ စကြာဂြဟ အဖွဲ့ (SaKaGraHa)နှင့် နယ်ချဲ့ဆန့်ကျင် ရေးအဖွဲ့၏ သရာဇပါတီ (Swaraj Party)တို့တွင်လည်း ပါဝင်ဦးဆောင်
လှုပ်ရှားခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်လမ်းပြကြယ်ဖြစ်ပြီး ဦးဆောင်ခဲ့သော်လည်း
ဒိုင်အာခီ လက်ခံလိုက်ကြပြီး ရာထူးယူကာ အမျိုးသားနိုင်ငံရေးဦးတည်ချက် မှေးမှိန်ခဲ့ရသည်။

ထို့နောက်(၉၁)ဌာနအုပ်ချုပ်ရေး ဖြစ်လာသောအခါ ဆရာတော်၏
တပည့်များ ငါးထောင်စားရာထူးကို လက်ခံပြီး ဆရာတော်ကို ပစ်ပယ်လာကြပြီး နယ်ချဲ့အလိုတော်ရိများဖြစ်လာကြသည်။

၁၉၃၅-ခုနှစ်များ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေတ်ပညာတတ် လူငယ်များ
ဦးဆောင်သည့် ဒို့ဗမာ အစည်းအရုံး(သခင်ပါတီ) ပေါ်ပေါက်လာသောအခါ ဆရာတော်ဦးဥတ္တမက သခင်များကို အားပေးအားမြှောက် ပြုခဲ့သည်။

နယ်ချဲ့အင်္ဂလိပ် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု ခရီးတလျှောက်
ဝိုင်အမ် ဘီင်္အေ ၊ ဂျီစီဘီအေ ၊ ၀ံသာနု ၊ ကုမ္မာရီအသင်းအဖွဲ့များ ခေတ်မှသည် ဒို့ဗမာအစည်း
အရုံးတိုင်အောင် ဆရာတော်ဦးဥတ္တမသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မူကို
 ပေး ခဲ့သည်။

ထို့ကြောင့် ဆရာတော်ကြီး၏ ရည်မှန်းခဲ့သော လုံးဝလွတ်လပ်ရေးကို မြန်မာ ပြည်သူတို့ ရရှိခြင်းဖြစ်သည်။၁၉၃၅-ခုနှစ် မြန်မာပြည်အုပ်ချုပ်ရေးဥပဒေ(The Goverment of Burma
Act,1935)အရ (၉၁) ဌာန အုပ်ချုပ်ရေးပုံစံဖြင့်အုပ်ချုပ်ကြသည်။

ထိုအခါ အရှင်ဦးဥတ္တမ၏ နိုင်ငံရေးတပည့်များဖြစ်ကြသော ပုဂ္ဂိုလ်များ နန်းရင်းဝန်(၀န်ကြီး ချုပ်)
 ၊ ၀န်ကြီး ၊ အတွင်းဝန် ၊ မင်းတိုင်ပင်အမတ်များ ဖြစ်လာကြသော်လည်း ဆရာတော်ဦးဥတ္တမကို လုံးဝပစ်ပယ်ထားကြသည်။

ဆရာတော်မှာ အသက်အရွယ်ကြီးလာပြီး သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတို့ ဖိစီး
လာသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်ညစ်ထေးသော သင်္ကန်းကိုရုံကာ လွယ်အိတ်တစ်လုံးလွယ်ပြီး ဖိနပ်မပါ ၊ ထီးမပါဖြင့် ရန်ကုန်မြို့လမ်းမများပေါ်တွင်
 လျှောက်သွားလျက်ရှိသည်။

သတင်းစာတိုက်များကိုမြင်လျှင် သတင်းစာများ တောင်းပြီး ကြုံရာနေရာတွင် ထိုင်ဖတ်သည်။ကိုယ်ခန္ဓာကြုံလှီပိန်ချုံးပြီး အသွားအလာယဲ့ယဲ့ဖြစ်နေသည်။
စိတ်အင်အားလည်း ချို့ယွင်းလာသည်။လမ်းပေါ်တွင် မူးလဲခြင်းများဖြစ်လာသည်။

ဆရာတော်ကို ကြည်ညိုသူများက တည်းခိုနေထိုင်ရာ ကျောင်းတိုက်သို့ ပို့ပေးရသည်။ ဆရာတော် ကြီးအား ပြုစုသူကင်းလာရာ အခြေအနေဆိုးရွားလာသောအခါ ၁၉၃၉ ခုနှစ် သြဂုတ်လ ၇ ရက် နေ့တွင် ရန်ကုန်မြို့၌ ရခိုင်ရဟန်းတော်များအသင်း စတုတ္ထအကြိမ် အစည်း အဝေးက ဆရာတော်ဦးဥတ္တမအား
 စောင့်ရှောက်ရန် ဆုံးဖြတ်သည်။ ငါးပွင့်ဆိုင်အဖွဲ့ကို ရှုတ်ချပြစ်တင်ကြောင်းလည်း ဖော်ပြသည်။

ရခိုင်ရဟန်းတော် များက ဆရာတော်ဦးဥတ္တမအား ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကု
သပေးကြသည်။ သူရိယသတင်းစာမှ ဦးဘကလေး၊ မြို့တော်ဝန်ဦးဘ၀င်း၊ ကပ္ပတိန်
ဘဖူးတို့နှင့် ဆရာတော်အား လေးစားသူတို့ ဆေးရုံသို့ သွားရောက်အားပေး ကူညီ ကြသည်။

 ဆရာဝန်များ၏ စစ်ဆေးချက်အရ ခြေထောက်တစ်ဖက်ဖြတ်ရမည်ဟု ပြော
လာသောအခါဆရာတော်က အကုသမခံဘဲ ဆေးရုံမှ ဇွတ်ဆင်းပြီး (၄၆)လမ်းရှိ အရိယာဆမတ်အသင်းတိုက်တွင် နေထိုင်သည်။ထို့နောက်ပိုင်းတွင် ဆရာတော်
သည် ပြန်လည် နာလန်မထူနိုင်တော့ဘဲ ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၉)ရက်တွင်
 ပျံလွန်တော်မူသည်။

ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ၁၉၃၉-ခုနှစ် စက်တင်ဘာလ (၁၁)ရက် ၊ တနင်္လာနေ့တွင် ကျင်းပသည့် အောက်လွှတ်တော်အစည်းအဝေး၌ မင်းတိုင်ပင်အမတ် များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုထံ ၀မ်းနည်းသ၀ဏ်လွှာပို့ရန် ၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရွှေ့ဆိုင်းရန် အဆိုကို ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်းမောင်က တင်သွင်းပြီး လွှတ်တော်တက်ရောက်သူ မင်းတိုင်ပင်အမတ်
အားလုံး က တညီတညွှတ်တည်း အတည်ပြုကြသည်။

ဦးဥတ္တမ၏ ဂုဏ်သိက္ခာတို့ကိုလည်း ချီးကျူးပြောကြားကြသည်။ဆရာတော်ဦးဥတ္တမ
ပျံလွန်တော်မူခြင်းမှာ ၀မ်းနည်း ကြေကွဲဖွယ်ဖြစ်ကြောင်း ၊ မြန်မာပြည်အတွက် နိုင်
ငံရေးမျက်စိကိုပထမဦးဆုံး ဖွင့်ပေးသူဖြစ်ကြောင်း ၊ ကိုယ်ကျိုးမငဲ့ အနစ်နာခံသူဖြစ်ကြောင်း ၊ ဆရာတော်ကြီးနာမကျန်းဖြစ်လာသောအခါ ကျေကျေပွန်ပွန် မပြုစု ၊ မစောင့်ရှောက်
သည့်အတွက် ၀မ်းနည်းကြောင်း စသည်တို့ကို မင်းတိုင်ပင်အမတ်များက
 ဖော်ပြကြပြီး ၀မ်းနည်း မှတ်တမ်းတင်ကြသည်။

ဆရာတော်ဦးဥတ္တမကို အာဏာရူးနိုင်ငံရေးသမား ၊ ၀န်ကြီး ၊ အတွင်းဝန်စသူတို့က
အလေးမထားကြသော် လည်း ဒို့ဗမာအစည်းအရုံးဝင်သခင်လူငယ်များက အလေး
ထား ပြီး အရှင်ဦးဥတ္တမကွယ်လွန်ချိန်မှ အစပြု၍ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်း
ပခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့ အုပ်စိုးသည့်ကာလ မြန်မာပြည်တွင် ဂျပန်စာသင် ကျောင်း
 များ ဖွင့်လှစ်သောအခါ ဆရာတော်ဦးဥတ္တမ၏ အထ္ထုပ္ပတ္တိကို ပြဌာန်းသင်ကြား
 ပေးခဲ့သည်။

မြတ်နိုင်ဘလော့မှကူးယူဖော်ပြသည်။

Posted by Unknown on 9/07/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ