ဗဟိုဘဏ်၊
အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ စာရင်းဖွင့်ထားသည့် နိုင်ငံခြား ငွေပမာဏမှာ
စက်တင်ဘာ ၁၀ ရက်အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံရှိကြောင်း
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ
စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင်
မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၁၁ ဘီလျံ ကိစ္စမှာလည်း ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ
နိုင်ငံခြားငွေစာရင်း ဖွင့်ထားသည့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံနှင့်
ပတ်သက်ခြင်း မရှိကြောင်းကို ဗဟိုဘဏ် ဥက္ကဋ္ဌက အတည်ပြု ပြောကြားခဲ့သည်။
ပြည်ပတွင် တရားမ၀င် ငွေများအပ်ထားသည်ဆိုသည့် သတင်းအပေါ် အစိုးရ အနေဖြင့်
ပြည်သူများကြားမှ သတင်းအတွက် မည်သို့စုံစမ်း ဖော်ထုတ်လေ့လာကာ ပြင်ဆင်သင့်
ပြင်ဆင်ထိုက်သည်ကို ပြင်ဆင်ရန် ရှိမရှိ မီဒီယာဘက်က မေးမြန်းချက်အပေါ်
ပြန်လည်ဖြေကြားရာတွင် ပြောကြားခြင်းလည်း ဖြစ်သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်က "အစောက ဖြေခဲ့သလိုမျိုး ၁၁ ဘီလျံ ကိစ္စတွေကတော့
ကျွန်တော်တို့ရဲ့ Official record မှာ မရှိပါဘူး။ ဘယ်သူတွေ ဘယ်မှာထားတာရယ်။
ဘယ်လောက်ထားတယ် ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ရဲ့ Official record
ကတော့ ၇ ဒသမ ၆ ဘီလျံပဲ ဖြစ်ပါတယ်ဆိုတာ တင်ပြပြီး ဖြစ်ပါတယ်။
ကျွန်တော်တင်ပြ ခဲ့သလိုမျိုး အဲဒါမျိုး ပွင့်ပွင့်လင်းလင်း Transparency
ရှိရှိ အပ်ထားတာတွေပဲ သိပါတယ်။ ဟိုဟာတွေကတော့ ဗဟိုဘဏ်နဲ့ လည်းကောင်း၊
နိုင်ငံတော်ဘဏ် အနေနဲ့ လည်းကောင်း၊ တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ လည်းကောင်း
ဘာမှပတ်သက်ခြင်း မရှိပါဘူး။ အဲဒါတွေ မသိပါဘူး။ ကျွန်တော်တို့ အနေနဲ့
Transparency ရှိတဲ့ official result ကိုပဲ တင်ပြတာ ဖြစ်ပါတယ်" ဟု
ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံခြား အရန်ငွေကြေးမှာ
အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏
ကြွေးမြီများကို အပြီးသတ် လျှော်မပေးခြင်းမှာ ၁၁ ဘီလျံကိစ္စဖြင့်
လုံးဝမပတ်သက်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသော
အကြွေးပြန် မဆပ်နိုင်လောက်အောင် ဆင်းရဲမွဲတေသည့် အဆင့်တွင် မရှိသည့်အတွက်
လျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
Posted by
Arakan Man
on
9/21/2013
0 comments