Related Posts Plugin for WordPress, Blogger...

ဆွန်နီမူဆလင်အကြမ်းဖက်အုပ်စု အစ
္စလမ္မစ်နိုင်ငံတော် (IS) သည် ဆီးရီးယားနိုင်
ငံ၏ သုံးပုံတစ်ပုံကို သိမ်းယူထားပြီး အီရတ်
တွင်လည်း များပြားကျယ်ပြန့်လှသော
နယ်မြေများကို သိမ်းယူထားကာ ယခုနှစ်


၂၀၁၄ အတွင်းကပင် ၎င်းသိမ်းပိုက်ထားသော နှစ်နိုင်ငံရှိနယ်မြေများကို ပေါင်းစည်း၍ "ခါလီဖိတ်" ဟူ၍ ကြွေးကြော်ခဲ့သည်။

အမေရိကန်ဦးဆောင်သော ပူပေါင်းတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံနေရသော ၎င်းအုပ်စုတွင် အီရတ် နှင့် ဆီးရီးယားတို့မှ တိုက်ခိုက်ရေးသမားများ၊ ကမ္ဘာတစ်လွှားမှ နိုင်ငံခြားသား အဖွဲ့ဝင်များပါဝင်ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့၏ ခေါင်းဆောင်ပိုင်း၌ အီရတ်စစ်ပွဲအတွင်း တိုက်ပွဲအတွေ့အကြုံရှိခဲ့သူများ အဓိက ပါဝင်သည်။

ဖော်ပြပါပုဂ္ဂိုလ်များသည် IS ကို အဓိက ဦးဆောင်လှုပ်ရှားနေသူများ ဖြစ်ကြသည်။
အဘူ ဘကရ် အယ်လ် ဘဂ္ဂဒက်ဒီ (IS အဖွဲ့ခေါင်းဆောင်)
၁၉၇၁ တွင် မွေးဖွားသည်။ အီရတ်လူမျိုးဖြစ်သည်။ အာရေဗျဘာသာသင်ဆရာမျိုးနွယ်၊ ဗလီဆရာမျိုးနွယ် ဖြစ်သည်။ ဘဂ္ဂဒက်ရှိ အစ္စလမ္မစ် တက္ကသိုလ်၌ ပညာဆည်းပူးခဲ့သည်။

အမေရိကန် မီဒီယာများ၌ ဖော်ပြချက်အရ ဘဂ္ဂဒက်ဒီသည် အီရတ်တောင်ပိုင်းရှိ အမေရိကန်တို့ တည်ဆောက်ထားသော "ကမ့် ဘက်ကာ" အကျဉ်းထောင်၌ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရဖူးသည်။


 ထောင်မှ ထွက်လာပြီးနောက် ၂၀၁၀ တွင် အီရတ် အစ္စလမ္မစ်နိုင်ငံတော်အုပ်စု၏ ခေါင်းဆောင် ဖြစ်လာသည်။ ၎င်းအုပ်စုမှ အစ္စလမ္မစ်နိုင်ငံတော် (IS) အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၂၀၁၃ တွင် IS ၏ ခြေလှမ်းကို ဆီးရီးယားသို့ ချဲ့ထွင်ခဲ့သည်။

၂၀၁၄ တွင် အင်အားကြီးမားလာသော ၎င်းအုပ်စုမှ ဘဂ္ဂဒက်ဒီကို "ခါလီဖာ" ဟူ၍ ကင်ပွန်းတပ်ခဲ့ပြီး မူဆလင်မှန်သမျှ ဘဂ္ဂဒက်ဒီအား သစ္စာခံကြရန် ဆော်သြထားသည်။

ဘဂ္ဂဒက်ဒီသည် ရန်သူများကို အမြစ်ပြတ်ချေမှုန်းရာ၌ ညှာတာခြင်း အလျဉ်းကင်းသူဖြစ်ပြီး ယခင်မဟာမိတ်အဟောင်းများကို လက်တွဲဖြုတ်တိုက်ခိုက်ရာ၌လည်း လက်မတွန့်သူတစ်ဦး ဖြစ်သည်။

ယခုနှစ် အစောပိုင်းက IS မှ ဆီးရီးယားရှိ အယ်လ်ကိုင်ဒါလက်ခွဲ အယ်လ်နူဆရာတပ်ဦးအား စစ်ကြေငြာ တိုက်ခိုက်ခဲ့ရာ ဘဂ္ဂဒက်ဒီ နှင့် အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟရီ တို့ ခွာပြဲခဲ့ကြသည်။


မကြာသေးမီက IS မှ ဖြန့်ချီသော လက်ကမ်းစာစောင်၌ ဘဂ္ဂဒက်ဒီ၏ စစ်ရေးအောင်မြင်မှုများကို စာရင်းပြုစုထားပြီး ဘဂ္ဂဒက်ဒီမှာ တမန်တော်မိုဟာမက်၏ မျိုးရိုးဖြစ်ကြောင်းနှင့် နောက်ကြောင်းစစ်ဆေးပြီးမှန်ကန်ကြောင်းတို့ကို ရေးသားထားသည်။ အမေရိကန်ပြည်ထောင်စုမှ ဘဂ္ဂဒက်ဒီ၏ တည်နေရာအား သတင်းပေးနိုင်သူ၊ ဖမ်းဆီးပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေပေးမည်ဟု ထုတ်ပြန်ထားသည်။ ဘဂ္ဂဒက်ဒီ၏ အမည်ရင်းမှာ အီဗရာဟင် သြဝဒ် အီဗရာဟင် အလီ အယ်လ် ဘာဒရီ အယ်လ် ဆာမာရိုင်း ဖြစ်သည်။




အဘူ မိုဟာမက် အယ်လ် အဒါနီ (IS ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ)
၁၉၉၇ ၌ ဆီးရီးယားနိုင်ငံ၊ အဒ်လစ်၌ မွေးဖွားသည်။ အဒါနီသည် ငါးဘာသာဖြင့် ဖြန့်ချီခဲ့သော ISIL မှ IS-ခါလီဖိတ် အဖြစ် ကြေငြာချက် အပါအဝင် IS ၏ သဘောထား၊ ကြောငြာချက် များကို ထုတ်ပြန်ပေးခဲ့သူဖြစ်သည်။


၂၀၁၄ တွင် အမေရိကန်ပြည်ထောင်စုမှ ၎င်းအား ကမ္ဘာ့အကြမ်းဖက်သမားတစ်ဦးအဖြစ် စာရင်းသွင်းခဲ့သည်။ ၎င်းသည် IS ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်မလာမီ ၂၀၁၃ ကတည်းကစပြီး အမေရိကန်ဦးဆောင်သော ပူးပေါင်းအဖွဲ့ကို ဆန့်ကျင်လာခဲ့သည့် ပထမဆုံးသော နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။


စစ်သွေးကြွများ၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသော ၎င်း၏ ကိုယ်ရေးရာဇဝင်အရ အဒါနီ၏ အမည်ရင်းမှာ တာဟာ ဆူဘီ ဖာလာဟာ ဖြစ်ပြီး ဗလီများအလယ်၌ ကြီးပြင်းလာခဲ့ကာ ဗလီချစ်သူတစ်ဦးဖြစ်ပြီး စာဖတ်သန်သူ တစ်ဦးလည်း ဖြစ်သည်။




အဘူ မူဆလင် အယ်လ် တာ့ခ်မန်နီ (အီရတ်ဘက်ခြမ်း IS တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်)
ဆက်ဒမ်ဟူစိန်လက်ထက် အီရတ်စစ်တပ်၏ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည်။ အီရတ်ရှိ IS သိမ်းပိုက်ထားသော ပြည်နယ်များကို ၎င်းကွပ်ကဲနေသည်ဟု ယုံကြည်ရသည်။ ဟူစိန်လက်ထက်က အီရတ်စစ်တပ် စစ်ထောက်လှမ်းရေးဌာန နှင့် သမ္မတသက်တော်စောင့်တပ်တို့၌ အမှုထမ်းခဲ့သည်။
အမည်ရင်းမှာ ဖာဒယ် အာမက် အဗ္ဗဒူလာ အယ်လ်ဟာယီလီ ဖြစ်သည်။

 ၎င်းသည်လည်း ကမ့်ဘာကာ အကျဉ်းထောင်၌ ကျခံခဲ့ရသူတစ်ဦး ဖြစ်သည်။ ယခင် ဆက်ဒမ်ဟူစိန်တပ်မှ တပ်ဖွဲ့ဝင်ဟောင်းများသည် ရှီးဟိုက် ဘဂ္ဂဒက်အစိုးရကို တိုက်ခိုက်ရန် IS တပ်ဖွဲ့ဝင်ထားကြသည်။


အဘူ အိုမာ အယ်လ် ရှီရှာနီ (ဆီးရီးယားဘက်ခြမ်း IS တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်)
၁၉၈၆ တွင် ဂျော်ဂျီယာ၌ မွေးဖွားသည်။ ချေချင်းလူမျိုး ဖြစ်သည်။ ရှီရှာနီသည် ဆီးရီးယားရှိ IS တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး IS မှ အီရတ်နယ်စပ်အထိ ကျယ်ပြန့်လှသော နယ်မြေများကို သိမ်းပိုက်ရာ၌ ဦးဆောင်ခဲ့သူ ဖြစ်သည်။


အမည်ရင်းမှာ တာခန် ဗာထရီယာဗီလီ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဆီးရီယားစစ်တပ်အားတိုက်ခိုက်နေသော တိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းခဲ့ကာ ထို့နောက်တွင် ဘဂ္ဂဒက်ဒီအား သစ္စာခံခဲ့သည်။ အီရတ်နှင့် ကာ့ဒ်တပ်ဖွဲ့များ၏ အဆိုအရ ၎င်းသည် IS အုပ်စု၏ အဓိက တိုက်ခိုက်ရေး မောင်းနှင်အားဖြစ်ပြီး တူရကီနယ်စပ်ရှိ စစ်ရေးအရ အရေးပါသော ကာ့ဒ်မြို့ ကိုဘာနီအား သိမ်းပိုက်ရန် တိုက်ခိုက်နေသော IS တပ်ဖွဲ့များအား ဦးစီးနေသူဖြစ်သည်။
_________________________________________
Ali Abdelaty နှင့် Beirut bureau တို့၏ Who runs the militant group Islamic State? ကို ဘာသာပြန်ဆိုသည်။

Source:
မူရင်းလင့်

မျိုး မင်းသန့်  ဘာသာပြန်ဆိုသည်။
ရွှေမြန်မာမီဒီယာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ