လူမှုကွန်ရက်
မီဒီယာတွေပေါ်မှာ အောက်တိုဘာလ ၃ ရက်နေ့စလို့ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုမှာ
အရင်က အမေရိကန်လူမျိုး သတင်းသမား နှစ်ယောက်နဲ့၊ ဗြိတိသျှအမျိုးသား
အကူအညီပေးရေး ၀န်ထမ်းတယောက်ကို သတ်ဖြတ်ခဲ့တဲ့အတိုင်းပဲ အေလန် ဟန်းနေကို
စီရင်ခံတာကို ရိုက်ကူးထားပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အဖွဲ့က ဗြိတိသျှလူမျိုး
အကူအညီပေးရေးလုပ်သား အေလန် ဟန်းနေးကို ခေါင်းဖြတ်သတ်ဖြတ်လိုက်တာကို
ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက ရှုတ်ချလိုက်ပြီး စစ်သွေးကြွအဖွဲ့ကို
ချေမှုန်းဖို့ နည်းလမ်းအားလုံးကို သုံးသွားမယ်လို့ ပြောပါတယ်။
ဒီလို သတ်ဖြတ်မှုဟာ စက်ဆုတ်ဖွယ်ရာ၊ အဓိပ္ပါယ်မဲ့၊
ခွင့်လွတ်နိုင်စရာမရှိတဲ့၊ အရိုင်းစိုင်းဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့
ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ နောက်ထပ် အဖမ်းခံထားရတဲ့ လူတွေကို
ကယ်တင်နိုင်ဖို့ အကြမ်းဖက်အဖွဲ့ကို နည်းလမ်းမျိုးစုံကို သုံးပြီး ဖြိုခွင်း
သွားရမယ်လို့ပြောပါတယ်။
အခုအထိ အိုင်အက်အဖွဲ့ရဲ့ လက်ထဲမှာ အနောက်နိုင်ငံတွေက လူ ၁၀
ယောက်လောက်အထိကို ဆီရီးယားမှာ ပြန်ပေးဆွဲထားတယ်လို့ ယုံကြည်နေကြပါတယ်။
သူတို့ထဲမှာ အစ္စလာမ္မစ်အဖွဲ့က သုံးကြိမ်ထုတ်ပြထားတဲ့ ဗြိတိသျ သတင်းထောက်
ဂျွန်ကန့်တလို်င်းနဲ့ ဟန်းနေးကို သတ်ဖြတ်တဲ့ ဗီဒီယို အဆုံးပိုင်းမှာ
ထုတ်ပြထားတဲ့ အမေရိကန် လူမျိုး ပီတာ အတ်ဒ၀ပ် ကက်ဆင်း တို့ ပါဝင်ပါတယ်။
အခုနောက်ဆုံး အသတ်ခံလိုက်ရတဲ့ အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇
နှစ်အရွယ် ကား ဒရိုင်ဘာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ
အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ တင်သွားတဲ့ ယာဉ်တန်းအတူ
လိုက်ပါသွားရင်း အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။
DVB News

0 comments