အမေရိကန်နိုင်ငံမှာ နိုင်ငံသားဖြစ်နိုင်ရန်အခွင့်ရေးက
တရားဝင်ပြဌာန်းထားပါတယ်။ နောက်တခုက အမေရိကန်ပြည်ထောင်စုမှာ
တိုင်းရင်းသားဆိုတဲ့ လူမျိုးခွဲခြားထားခြင်း တရားဝင်မရှိပါဘူး။
မူရင်းမြေပိုင်ရှင် လူနီတွေကိုတော့ Native American အဖြစ်ပြဌာန်းတာတခုက
ချွင်းချက်ပါ။ ဒီအကြောင်းကတော့ နောက်မှ သပ်သပ်ရှင်းမှ ဖြစ်မယ်။
ဘာလို့လဲဆိုတော့ Native American ပြဿနာက အမေရိကားတိုက်ကို
စတင်တွေ့ရှိချိန်က စခဲ့တာရယ်။ လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်
စာချုပ်စာတမ်းများနှင့် လွတ်လပ်ရေးရပြီးနောက် သဘောတူညီချက်များ ဖြင့်
ရှုပ်ထွေးနေလို့ပါ။ Native American တွေကလွဲပြီး အားလုံးကို အမေရိကန်လို့
ခြုံငုံပြီးခေါ်ပါတယ်။
အမြဲတမ်းနေထိုင်သူ
အမေရိကန်ပြည်ထောင်စုပိုင်နယ်နမိတ်အတွင်းမှာ မွေးဖွားရင် ထိုကလေးသည်
အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ
မွေးဖွားသူများဖြစ်လျှင်တော့ အမေရိကန်နိုင်ငံသား ဖြစ်ခွင့် တန်းပြီး
မရနိုင်ပါဘူး။ Green card လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်သူဖြစ်ခွင့်ရပါမယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံသားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဌာန ( U.S.
Citizenship and Immigration Services – USCIS) မှ ထုတ်ပြန်ထားသည့်
အခွင့်လမ်းများမှာ
• လျှောက်ထားသူသည် သားသမီးအရင်း(သို့)အိမ်ထောင်ဖက်မှာ အမေရိကန်နိုင်ငံသားဖြစ်လျှင်။
• လျှောက်ထားသူသည် အမေရိကန်နိုင်ငံသားမိဘများ၏ အသက်မပြည့်သေးသော သားသမီးဖြစ်လျှင်။
• လျှောက်ထားသူသည် ပညာရှင်တဦးဖြစ်ပြီး မိမိအတွက်
အမေရိကန်နိုင်ငံအခြေစိုက် လုပ်ငန်းရှင်မှ လိုအပ်သူ ဖြစ်သည့်အကြောင်း
တင်ပြနိုင်လျှင်၊ (သို့မဟုတ်) အမေရိကန်ပြည်ထောင်စုကို အကျိုးပြုနိုင်သည့်
ပညာရှင်ဖြစ်လျှင်၊ (အနုပညာသည်ပါအကျုံးဝင်သည်)
• လျှောက်ထားသူသည် အမေရိကန်ပြည်ထောင်စုတွင် ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးသမားတဦးဖြစ်သည်။ ငွေကြေးပမာဏ သတ်မှတ်ချက်ရှိသည်။
• လျှောက်ထားသူသည် အမေရိကန်ပြည်ထောင်စုသို့အခြေချခွင့် ကံစမ်းမဲပေါက်လျှင်။
• လျှောက်ထားသူသည် အမေရိကန်ပြည်ထောင်စုအစိုးရမှ လူသားအခြင်းခြင်း စာနာထောက်ထားသည့် အစီစဉ်ဖြင့် ခေါ်ယူခြင်းခံရလျှင်။
• လျှောက်ထားသူသည် အမေရိကန်ပြည်ထောင်စုအစိုးရ၏
နိုင်ငံရေးခိုလှုံခွင့်ရရှိပြီး အခြေချခွင့်ပြုလျှင်။ (ခိုလှုံခွင့်ပေးပြီး
အပြီးပိုင် အခြေချခွင့်မရသူများ အများပြားရှိသည်။)
နိုင်ငံသားဖြစ်ခွင့်
အမြဲတမ်းနေထိုင်သူဖြစ်ပြီးနောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံသား
ခံယူခွင့်ကို ဖြေဆို နိုင်ခွင့် ရှိပါတယ်။ ဖြေဆိုခွင့်ကို အခြေခံအားဖြင့်
• အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်သူအဖြစ် ငါးနှစ်တိတိ
ဆက်တိုက်နေထိုင်ခဲ့ရမည်။ အမေရိကန်နိုင်ငံသား၏ အိမ်ထောင်ဖက်(သို့) မိဘ
(သို့) အသက်မပြည့်သားသမီးအဖြစ် အမြဲတမ်းနေထိုင်ခွင့်ရသူအတွက်
သုံးနှစ်ဖြစ်သည်။
• အင်္ဂလိပ်လိုရေးတတ် ဖတ်တတ် ပြောတတ်ကြောင်း စာမေးပွဲဖြေဆိုရမည်။
• ပြစ်မှုကင်းရှင်းရမည်။ • အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံနှင့်
တရားဥပဒေကို လက်ခံလိုက်နာနိုင်သူ ဖြစ်ရမည်။ ထိုသို့ လိုက်နာနိုင်ကြောင်း
ကျမ်းကျိမ် နိုင်ရမည်။
• အမေရိကန်သမိုင်းနှင့် နိုင်ငံရေးဆိုင်ရာမေးခွန်းများကို
ဖြေဆိုနိုင်ရမည်။ အမေရိကန်နိုင်ငံနှင့် ဆိုင်သည့် အထွေထွေ ဗဟုတုတ ရှိရမည်။
ထိုအချက်လက်များဖြင့် ပြည့်စုံလျှင် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။
နိုင်ငံသားဖြစ်ခွင့်ကို နိုင်ငံတော်လုံခြုံရေးဌာန (Department of
Homeland Security- DHS) ထောက်လှမ်းသိရှိသော အချက်လက်များ အရ
လုံခြုံရေးဆိုင်ရာ အချက်လက်များ နှင့် ငြိစွန်းလျှင်။ နောက်ကြောင်း
ရာဇ၀င်ကို ယုံကြည်စိတ်ချမှု မရှိလျှင် ငြင်းဆိုပိုင်ခွင့်ရှိပြီး။
ထိုသို့ငြင်းဆိုကြောင်းကို လျှောက်ထားသူထံ စာပို့အကြောင်းကြားမည်။
လျှောက်ထားသူမှ တရား ရုံးတော်တွင် ဦးတိုက်လျှောက်ထားပြီး
တရားရင်ဆိုင်နိုင်ပြီး တရားရုံးတော်မှ အဆုံးဖြတ်ဖြင့်
နိုင်ငံသားဖြစ်နိုင်သည်။ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုအပြီး ထိုကဲသို့
ငြင်းဆိုခံရ သူများရှိပြီး တရားရုံးတွင် နိုင်ငံတော်လုံခြုံရေးဌာနနှင့်
အပြန်လှန်ကြားနာပြီး တရားရုံးအဆုံးဖြတ်ဖြင့် နိုင်ငံသားဖြစ်ခွင့်ရှိကြသည်။
ဒီနေရာမှာ ဆိုချင်တာ နိုင်ငံသားအဖြစ်လျှောက်ထားသူ၏ နောက်ကြောင်းရာဇ၀င်ကို
ခြေရာခံပြီး လုံခြုံမှုရှိအောင် လုပ်ယူတယ် ဆိုတာကို သိစေချင်တာပါ။
နောက်တချက်က တသွေးတသံ တမိန့်မရှိဘူး အရာရာကို ဥပဒေနှင့်အညီ
ဆုံးဖြတ်နိုင်ဖို့ လျှောက်ထားခွင့် ရှိတယ် ဆိုတာကို သိစေချင်လှပါတယ်။
ပြည်နှင်ဒဏ်
အဲဒီ့မှာ ပြည်နှင်ဒဏ် ရှိတဲ့အကြောင်းကို ထည့်ပြောချင်သေးတယ်။
ပြည်နှင်ဒဏ်ကို အမြဲတမ်းနေထိုင်သူ အဖြစ် နေထိုင်ဆဲကာလသို့မဟုတ်
လျှောက်ထားဆဲကာလမှ ပေးလို့ရပါတယ်။ အကယ်၍ အမေရိကန်နိုင်ငံသား အဖြစ်
ကျမ်းကျိမ်ပြီးရင်တော့ အမေရိကန်ဖြစ်သွားပြီမို့ ပြည်နှင်ဒဏ်
ပေးလို့မရပါဘူး။
ပြည်နှင်ဒဏ်ကိုတော့ အမေရိကန်ပြည်ထောင်စုမှာ လက်ခံထားရန် သင့်တော်မှု
မရှိကြောင်းကို အမေရိကန်ပြည်ထောင်စု တရားရေးဌာန DOJ (U.S. Department of
Justice) လက်အောက်မှ လူဝင်မှုကြီးကြပ်ရေးခုံရုံးမှ အမိန့်ချမှတ်၍ သော်လည်း၊
DOJ (U.S. Department of Justice) လက်အောက်ရှိ ပြစ်မှုဆိုင်ရာခုံရုံးများမှ
အမိန့်ချမှတ်၍ သော်လည်းကောင်း ပြည်နှင်ဒဏ် ပေးခံရမည်။ အဆိုပါအမိန့်ကို
အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့် ICE
(Immigration and Customs Enforcement) မှ တာဝန်ယူပြီး ပြည်နှင်ခြင်းကို
ဆောင်ရွက်သည်။ ပြည်နှင်ခံရခြင်း အခြေခံအချက်များမှာ
• အမေရိကန်ပြည်ထောင်စုကို သစ္စာဖေါက်လျှင် (အဲဒီမှာတော့ အင်မတန်မှ
နက်နဲရှုပ်ထွေးပါတယ်။ အတော်လေးကိုများပြားတာကြောင့် သစ္စာဖေါက်လျှင်ဆိုတာကို
အတိကျရည်ညွှန်းဖို့ ဥပဒေရေးရာအရ ငြင်းခုန်နေဆဲ)
• ပြစ်မှုဆိုင်ရာဥပဒေကို ဆက်တိုက်ကျုးလွန်ဖေါက်ဖျက်လျှင်
• လူမျိုးရေး ဘာသာရေး အစွန်းရောက်သည့် လုပ်ရပ်များ လူမှုအဖွဲ့စည်းတွင်လုပ်ကိုင်လျှင်
• အခြားသူ လူတဦးတယောက်အဖြစ် ဟန်ဆောင်ခဲ့လျှင်
• တရားမ၀င်ငွေကြေးများကို ငွေဖြူအဖြစ်လျှော်ဖွတ်လျှင်
• အမေရိကန်ပြည်စုအစိုးရသို့ အခွန်မဆောင်ဘဲ လိမ်လည်လှည့်ဖြားကြောင်း ခိုင်လုံလျှင်
• နိုင်ငံခြားတိုင်းပြည်မှ အကြမ်းဖက်သမားများကို ဆက်သွယ်လျှင် အားပေးထောက်ပံ့လျှင် (သို့) လှုံ့ဆော်ပေးလျှင်
• အမေရိကန်နိုင်ငံသားတဦးဦးကို နိုင်ငံခြားတိုင်းပြည်တွင်
လုပ်ကြံတိုက်ခိုက်ရန် ကြိုးစားလျှင် (သို့) အားပေးကူညီလျှင် စသည့်
အချက်များကို ချိုးဖေါက်သူဖြစ်လျှင် အမေရိကန်နိုင်ငံမှ
နှင်ထုတ်ခြင်းခံရပါမည်။ သို့သော် အမေရိကန်ပြည်ထောင်စုသည် တရားဥပဒေ
စိုးမိုးသည့် နိုင်ငံဖြစ့်သည့် အလျောက် ပြည်နှင်ဒဏ်ပေးခံရသူသည် ဥပဒနှင့်အညီ
ထုချေပိုင်ခွင့်နှင့် သနားခံခွင့်ရှိပါသည်။
ထပ်မံပြီး အသေးစိတ် ပိုမိုသိလိုပါက အမေရိကန်ပြည်ထောင်စု
နိုင်ငံသားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဌာနUSCIS နှင့်
အမေရိကန်ပြည်ထောင်စု တရားရေးဌာန DOJ အင်တာနက်စာမျက်နှာများတွင်
စာရေးမေးမြန်းနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံသားဖြစ်ခွင့်ဆိုသည်မှာ
တရားဥပဒေနှင့်သာဆိုင်ပါတယ်။ တရားဥပဒေဖြင့် အတည့်အလင်း ပြဌာန်းထားပါက
နိုင်ငံသားဖြစ်သင့်သည့် မဖြစ်သင့်ဘူးအတွက် စိုးရိမ်စရာမရှိပါ။ ဒါကြောင့်
နိုင်ငံသားအငြင်းပွားမှုမှာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလည်း။
တရားဥပဒေခိုင်မာမှု ဘယ်လောက်ရှိသလည်းဖြင့်သာ အဖြေထွက်နိုင်မည်။
အခြားမည်သည့်အချက်များဖြင့် လုပ်ယူလို့မရနိုင်ပါ။
နိုင်ငံသားဖြစ်ပိုင်ခွင့်ဥပဒေတရပ် အတည်တကျရှိပြီး။ ဥပဒေကို အတည်တကျ
လိုက်နာကျင့်သုံးသည့် အစိုးရတရပ်တွင် နိုင်ငံသားဖြစ်ခွင့်နှင့်
ဆက်နွယ်ပြီး ဖြစ်ပွားရသည့် ပဋိပက္ခများ ကင်းဝေးနိုင်သည်။ တရားဥပဒေ နှင့်
တရားဥပဒေစိုးမိုးရေး သာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
http://myanmar.wontharnu.com

0 comments