
ထိုအတူ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့် အခါကလည်း အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့သည် လူမှု ၀န်ထမ်းဌာနသို့ မိဘမဲ့ ကလေး နှစ်ဆယ် သုံးဆယ်ခန့် ပေးရန် လာရောက် တောင်းဆိုကြကြောင်း၊ ထိုသို့တောင်းဆိုသည့် အတွက် မိဘမဲ့ ကလေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ရန် အဆင့်သင့် ရှိမရှိ မေး မြန်းသည့် အခါတွင် အဆင်သင့် မရှိသေးဘဲ အလှူရှင်ရှာ ရဦးမည်ဟု ပြန်လည် ပြောဆို ကြကြောင်း ၎င်း က ဆိုသည်။
၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာနှင့် သင်တန်းကျောင်း စုစုပေါင်း (၁၇၇) ခု ၌ ကလေးငယ်ပေါင်း (၁၄၄၁၀) ရှိခဲ့ပြီး၊ ယခုအခါတွင် ဂေဟာ၊ သင်တန်းကျောင်းနှင့် အဖွဲ့အစည်း စုစုပေါင်း(၂၂၇) ခု ရှိလာပြီး၊ ကလေးငယ် ပေါင်း (၂၁၇၉၁) ဦး ရှိလာကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၏ စာရင်းများ အရ သိရသည်။
ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာတွေ၊ သင်တန်းကျောင်းတွေဟာ ကလေးငယ်တွေရဲ့ အခွင့်အရေးကို ပြည့်ပြည့် ၀၀ပေး၊ မပေး စောင့်ကြည့်ပြီး လုပ်ဆောင် သွားမှာဖြစ်ပါတယ် ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် က ပြောသည်။
ယခုအခါ မိသားစုနှင့် တကွဲတပြားဖြစ်ခြင်းကို ကာကွယ်သည့် အသိပညာ ပေးခြင်း အစီအစဉ်ကို လူမှုဝန်ထမ်း ဦးစီးဌာန၊ Unicef ၊Terres des Hommes Lauseanne ၊ The Code၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရတနာ့မေတ္တာအဖွဲ့၊ မြန်မာနိုင်ငံလူမှုရေး လုပ်သားများ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်း ဖက်ဒရေးရှင်းတို့ ပူးပေါင်းကာ ကလေးတိုင်းမိသားစုနှင့် အတူကြီးပြင်းရမည် ဟူသည့် ဆောင်ပုဒ် ပါသော ပိုစတာများစိုက်ထူခြင်း၊ ကားများတွင် စတစ်ကာ ကပ်ခြင်း စသည်တို့ လုပ်ဆောင်လျက် ရှိသည်။
မင်းသူအောင်
Messenger News Journal
0 comments