(Written by: မောင်ကြည်)
အခုနောက်ပိုင်း မိမိကိုယ်မိမိ မကြာခဏမေးမိသော မေးခွန်းတစ်ခုရှိပါတယ်။
အဲဒါကတော့ 'ငါ့တိုင်းပြည်ကို ငါတကယ်ချစ်ရဲ့လား' ဆိုတဲ့မေးခွန်းပါပဲ။
တချို့က ရေးကြီးခွင့်ကျယ်လုပ်လို့ ဒါများမေးစရာလားဟု
ပြောကောင်းပြောကြပါလိမ့်မယ်။ ဒီမေးခွန်းဟာ မေးစရာမလိုဘူးလို့ထင်ရပေမယ့်
မေးဖို့လိုအပ်တဲ့မေးခွန်းတစ်ခုဆိုတာတော့ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပစ္စက္ခအခြေအနေအရ မေးဖို့လိုအပ်လာလို့ပါပဲ။
ကျွန်တော်တို့တိုင်းပြည်မှာ မျိုးချစ်စိတ်တို့ နိုင်ငံချစ်စိတ်တို့အကြောင်းပြောရင်
တော်တော်များများက 'အလကား ပေါ်လစီတွေပါ' လို့ထင်ကြပါတယ်။
ဒါလည်းအပြစ်တော့မဆိုသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
မျိုးချစ်စိတ်ဆိုတဲ့စကားလုံးကို ပေါ်လစီဆန်ဆန်ရိုက်တဲ့ ပညာပေးရုပ်ရှင်ဇာတ်လမ်းတွေ၊ ပေါ်လစီဆောင်းပါးတွေထံမှာ လှိုင်းလှိုင်းကြီးသုံးစွဲနေကြလို့ပါပဲ။
ထိုဇာတ်ကားတွေ ထိုဆောင်းပါးတွေကို ဖန်တီးသူတွေကိုယ်တိုင်က
တကယ်ပဲရင်ထဲကမပါဘဲ လူကြားကောင်းအောင် (တစ်စုံတစ်ခုအကျိုးမျှော်ကိုးပြီး) သုံးစွဲနေကြလို့ပါပဲ။ အဲဒီအတွက် မျိုးချစ်စိတ်လို့ပြောလိုက်ရင် တော်တော်များများက နှာခေါင်းရှုံ့ကြတော့တာပါပဲ။
တကယ်တော့ 'မျိုးချစ်စိတ်' ဆိုတဲ့စကားလုံးကနှာခေါင်းရှုံ့ပြီး ပြန်လည်တုံ့ပြန်ရမယ့်စကားလုံးတော့
မဟုတ်ပါဘူး။ ထိုစကားလုံးကို သုံးစွဲသူတွေရဲ့ အမူအကျင့်ကြောင့်
မျိုးချစ်စိတ်ဟာ ပြည်သူ့ချဉ်ဖတ်ဖြစ်သွားရတာပါ။ တစ်နည်းပြောရလျှင်
လူကြောင့်မူဟာ နာမည်ပျက်သွားရတဲ့ သဘောပါပဲ။ တကယ်တော့
ကျွန်တော်တို့တိုက်ထုတ်ရမှာ မူမဟုတ် လူပါ။ လူသာပဓာန အခရာပါ။
တကယ်မျိုးချစ်စိတ်မရှိဘဲ မျိုးချစ်စိတ်ရှိသယောင်ယောင် လူတစ်စုကြောင့်
မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ အခုလက်ရှိမြင်ရတဲ့ အခြေအနေထိ
လျှောကျသွားခဲ့တာပါ။ တိုင်းပြည်ကို တကယ်မချစ်သူတွေနေရာနဲ့ အာဏာရလာတဲ့အခါ
တိုင်းပြည်ဟာ 'ဖွတ်ကျောပြာစု' ဘ၀လျှောကျဆင်းသက်ရစမြဲပါပဲ။
ဆောင်းပါးအစကို ပြန်ကောက်ရလျှင် ကျွန်တော်တို့ မိမိတိုင်းပြည်ကို တကယ်ချစ်ပါရဲ့လား။ ဘယ်သူမဆို(နိုင်ငံသားတစ်ယောက်လို့
မိမိကိုယ်မိမိ ခံယူထားသူမှန်လျှင်) မုချမလွဲမသွေ မေးသင့်မေးထိုက်တဲ့
မေးခွန်းတစ်ခုပါ။ တိုင်းပြည်ကို လေနဲ့ ချစ်လို့မရပါဘူး။ နှလုံးသားနဲ့ချစ်မှ
ရတာပါ။ နှလုံးသားရှိတဲ့ ကျွန်တော်တို့အားလုံး တကယ့်နှလုံးသားအစစ်နဲ့
မိမိတိုင်းပြည်ကို တကယ်နှစ်နှစ်ကာကာ ချစ်ပါရဲ့လား။လူတစ်ယောက်ဟာ
မိမိတိုင်းပြည်ကိုမချစ်ဘဲ မိမိတိုင်းပြည်အတွက် ဘာမှလုပ်လို့မရပါဘူး။
ဘာမှလည်းဖြစ်မလာပါဘူး။
စာဖတ်သူတော့မသိပါ။
ကျွန်တော့်ကိုယ်ကျွန်တော် သေသေချာချာမေးကြည့်တဲ့အခါ
'ကျွန်တော့်တိုင်းပြည်ကို ကျွန်တော်တကယ်မချစ်သေးပါဘူး' ဆိုတဲ့အဖြေ
ထွက်လာပါတယ်။
ကျွန်တော်ရှက်ရှက်နဲ့ ၀န်ခံရတော့မှာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လက်ရှိပြုမူနေတဲ့ ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော ကံသုံးပါးစလုံးဟာ ကျွန်တော့်တိုင်းပြည်ကို
တကယ်မချစ်သေးကြောင်း သက်သေပြနေလို့ပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ
ကိုယ့်တိုင်းပြည်ကို အလုပ်မပါအပြော သက်သက်နဲ့သာချစ်နေတဲ့ လူတစ်ယောက်
ဖြစ်နေတုန်းပါပဲ။
ကျွန်တော်တို့တိုင်းပြည်မှာ
လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေနဲ့ အကျိုးရလဒ်တွေဟာ ကိုယ့်တိုင်းပြည်ကို
ကိုယ်တကယ်ချစ်ရာ ရောက်ပါရဲ့လား။ ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ဟု
ပါးစပ်ကကြွေးကြော်ပြီး ဒီမိုကရေစီနဲ့ ပြောင်းပြန်အကျိုးတရားတွေကို
ခံစားနေရတဲ့ ဆင်းရဲသားမိဘပြည်သူတွေရဲ့ ဘ၀တွေကို လျစ်လျူရှုနေစိမ့်သော
အပြုအမူများသည် မိမိတို့တိုင်းပြည်ကို မိမိတို့ကိုယ်တိုင် ချစ်နေတာလား
နှစ်နေတာလား။ ကျွန်တော်တို့သည် မိမိတိုင်းပြည်ကို တကယ်ချစ်ရိုးမှန်လျှင်
အခုလိုမျိုး သစ်တောတွေ ပြောင်သလင်းခါအောင် မခုတ်ပါဘူး။
တိုင်းပြည်ရဲ့ရှေ့လာမယ့် အနာဂတ်မျိုးဆက်သစ်တွေ အကျိုးမျှော်ကိုးပြီး
မိမိတိုင်းပြည်ရဲ့ ရေမြေတောတောင် မြစ်ချောင်းတွေ
ပျက်စီးဆုံးရှုံးမယ့်စီမံကိန်းတွေကို
အကောင်အထည်ဖော်မှာ မဟုတ်ပါဘူး။ ငါ့မိသားစုအဆင်ပြေရင်ပြီးရော
ပြည်သူတွေဘာဖြစ်ဖြစ်ဆိုတဲ့ ' ဘယ်သူသေသေ ငတေမာရင်ပြီးရော'
စိတ်ဓာတ်မျိုးထားမယ်မထင်ပါဘူး။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်' ဆိုပြီး တိုင်းပြည်စုတ်ပြတ်သတ်ပြီး
မွဲပြာကျအောင် ဖန်တီးမယ်မထင်ပါဘူး။ ကိုယ့်ထက်အရည်အချင်းသာပြီး
ကိုယ့်ထက်လည်း တိုင်းပြည်ကို ပိုချစ်မှန်းသိပါရက်နဲ့ ကိုယ့်နေရာကို
မဖယ်ပေးဘဲ ပေကပ်ကပ်လုပ်နေမယ် မထင်ပါဘူး။ ပြည်သူများစုက
ဆန္ဒပြတောင်းဆိုနေတဲ့အရာတွေဟာ တိုင်းပြည်အတွက် တကယ်အရေးကြီးပြီး
လုပ်သင့်လုပ်ထိုက်ပါမှန်းသိပါရက်နဲ့
မကြားချင်ယောင်ဆောင်ပြီး နားပိတ်ထားမယ် မထင်ပါဘူး။ ဥပဒေကို
လက်တစ်လုံးခြားလုပ်ပြီး မသိနားမလည်တဲ့ ဆင်းရဲသားပြည်သူတွေကို အာဏာပါဝါပြကာ
ခြိမ်းခြောက်မယ် မထင်ပါဘူး။
မိမိကိုယ်ကိုချစ်တဲ့လူတစ်ယောက်ဟာ ကိုယ်ဆင်းရဲဒုက္ခရောက်မယ့် အပြုအမူတွေကို ရှောင်ရှားသလိုပဲ။ ကိုယ့်တိုင်းပြည်ကိုချစ်တဲ့လူဟာ တိုင်းပြည်ဆင်းရဲဒုက္ခရောက်အောင် မလုပ်ပါဘူး။ ကျွန်တော်တို့အားလုံး ကိုယ့်တိုင်းပြည်ကိုတကယ်ချစ်ရဲ့လားလို့ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းမေးဖို့ အချိန်တန်ပါပြီ။
0 comments