သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက
“မအရအောင် သမိုင်းကို သင်ရမယ်”လို့ အဆိုအမိန့်သည် ခေတ်သမိုင်းကို ထင်ဟတ်စေသည်။ လူ့မှုအဖွဲ့အစည်းတိုင်းတွင်
သူတို့ လူမျိုး၏ အတိတ်တစ်ချိန်က ဖြစ်ပျက်မှုများအားလုံးကို ပြန်ကောက်ကြည့်လျှင် သမိုင်းမည်သည်။
သမိုင်း(History)ဆိုသည်မှာ ဂရိစကားလုံးဖြစ်သည်။
အတိတ်ကို ပြန်လည် လေ့လာခြင်း ၊ အတိတ်က လူသားတို့နှင့်
ဆက်နွယ်သည့် အကြောင်းအရာများကို ပြန်လည် လေ့လာခြင်းဖြစ်သည်။ သမိုင်းကို ယနေ့ ကမ္ဘာပေါ်တွင်
နည်းမျိုးစုံဖြင့် ပြန်လည်လေ့လာဖော်ထုတ်နေကြသည်။ သမိုင်းထဲတွင် အံ့သြစရာ၊ လေ့လာသင်ယူစရာ၊
ကြီးကျယ်ခန့််နားမှု၊ ကြောက်စရာကောင်းမှု၊ ၀မ်းနည်းစရာများဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများတွင်လည်း
ယနေ့အချိန်ထိ လေ့လာစရာများ၊ သင်ယူစရာများ မကုန်ခမ်းနိုင်အောင်ထိ ရှိနေသည်။ မြန်မာ့သမိုင်းတွင်
ကြီးကျယ်ခန်းနားခဲ့သော အနော်ရထား၏ စည်းရုံးမှုကြောင့် ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်၏
စည်းရုံးမှုကြောင့် ဒုတိယမြန်မာနိုင်ငံတော်နှင့် အလောင်းမင်းတရား ဦးအောင်ဇေယျ၏ စည်းရုံးမှုကြောင့်
တတိယမြန်မာနိုင်ငံတော်တို့သည် အံ့မခန်းဖြစ်ခဲ့လျှင် ၊ အင်္ဂလိပ်တို့၏ ကျူးကျော်စစ်ကြောင့်
သီပေါမင်း ပါတော်မူခြင်း သည်လည်း ၀မ်းနည်းစရာများဖြစ်ခဲ့ရသည်။
ယနေ့ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်”တွင်
“ပြည်နယ်”များကို စုပေါင်းတည်ဆောက်ထားခြင်းကို “မြန်မာနိုင်ငံတော်”ဟု အဓိပ္ပါယ်သတ်မှတ်လျှင်
ပြည်နယ်တိုင်း၊ လူမျိုးစုတိုင်း၏ အထင်ကရ နေ့များကိုလည်း သတ်မှတ်သင့်သည်။ မြန်မာလူမျိုးတို့၏
နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း ပါတော်မူနေ့သည် သမိုင်းစာမျက်နှာထဲ၌ ၀မ်းနည်းကြည်ကွဲဖွယ်ရာ
နေ့တစ်နေ့ ဖြစ်နေသည်ကို မြန်မာလူမျိုးတိုင်း ရင်ထုမနာဖြစ်ကြရသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ-
၂၉ ရက်နေ့ရောက်တိုင်း ပါတော်မူနေ့ကို သတိတရ ကျင်းပကြသည်။ သီပေါမင်းကြီးနှင့် မိဖုရားကြီးတို့ကို
ဗြိတိသျှ အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံ ရတာဂီရိသို့ ခေါ်ဆောင်သွားပြီး ဘုရင်နှင့် မိဖုရားတို့
မည်သို့ နေထိုင်ခဲ့ရသည်ကို သတိရသူတိုင်း ယူကျုံမရ ဖြစ်ကြရသည်။
ထိုနည်းတူစွာ ရခိုင်တို့၏ ရွှေရောင်
လွှမ်းခဲ့သော အဖြစ်အပျက်တို့သည်လည်း သမိုင်းထဲတွင် ၀မ်းနည်းစရာ၊ ၀မ်းသာစရာများဖြင့်
ပြည့်နှက်နေခဲ့သည်။ ရခိုင်တို့၏ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ဆိုသည့် ခေတ်ကြီး
(၄)ခေတ်၊ ကိုယ့်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့် တိုင်းနိုင်ငံအဖြစ်
နှစ်ပေါင်း (၅၀၀၀)ကျော် နေထိုင်ခဲ့သည့် လူမျိုးတစ်မျိုးသည် မိမိဘုရင်နှင့် မိမိတို့၏
အချုပ်အချာ အာဏာ ဆုံးရှုံးခဲ့မှုကို မည်သူက ၀မ်းမနည်း သတိမရဘဲ နေနိုင်မည်နည်း။
ယခုဆိုလျှင်
၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ရေတွက်ကြည့်လျှင် ၂၂၉ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
ဒီဇင်ဘာလ (၃၁)ရက်နေ့ ရောက်တိုင်း ရခိုင်လူမျိုးတို့၏ ရင်ထဲတွင် အမှတ်ရစရာဖြစ်နေခဲ့သည်။
၁၇၈၄ ခုနှစ် ဒီဇင်ဘာမှာ ဘာတွေများ အမှတ်ရစရာ ရှိနေခဲ့ပါသလဲ။ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။
သမိုင်းစာမျက်နှာအချို့ကို ပြန်လည် လှန်ကြည့်မိသည်။
မြန်မာသက္ကရာဇ်
၁၁၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်တို့၏ မြောက်ဦးခေတ် နောက်ဆုံးဘုရင်
မဟာသမတရာဇာမင်းနှင့် မိဖုရား စောမယ်ပုံတို့ အုပ်စိုးခဲ့သည်။ မဟာသမတရာဇမင်း၏ ငယ်နာမည်မှာ
သတိုးအောင်ဖြစ်ပြီး စောမယ်ပုံ၏ ငယ်နာမည်မှာ မြသန္တာဖြစ်သည်။ ရခိုင်ပြည်တွင် တိုင်းသူပြည်သားများ
မညီညွှတ်မှုကြောင့် သူတစ်လူ ငါတစ်မင်းဖြင့် ပုန်ကန်မှုများ ဖြစ်ပေါ်လျှက်ရှိလေသည်။ (၁)
င/ကြည်တောင်တွင် ဒါးမနိုင်မင်း (၂)ရိုးကျွန်းတွင် ကုလားရွှေစာမင်း (၃) ပိန္နဲချောင်းကျွန်းတွင်
ကောင်းညွှန့် ရန်တိုင်မင်း (၄) ကြပ်စင်ကျွန်းတွင် ငသံထွေမင်း (၅) တန်းလွဲတွင် ကျော်ထွေမင်း
နှင့် (၆) မာန်အောင်ကျွန်းတွင် သတိုးဖြူမင်း တို့က စင်ပြိုင် နန်းတည်လျှက် အသီးသီးပုန်ကန်လျှက်ရှိကြသည်။
တိုင်းပြည်သည် လုံးဝ မညီမညွတ်ဘဲ သူတစ်လူ ငါတစ်မင်းဖြင့် အစိပ်စိပ် အမွှာမွှာ ကွဲလျှက်ရှိသည်။
မင်းသားမလုပ်ရလျှင်
ပွဲဖျက်မည် ဆိုသကဲ့သို့ ကြပ်စင်ကျွန်းမှ ငသံထွေမှာ သူ၏ သားငယ်၊ မင်းဟရီနှင့် ငထွန်းစံတို့အား
အမရပူရ အင်းဝဘုရင် ဘိုးတော်ဘုရား (ဗဒုံမင်း)သို့ ရခိုင်ကို သိမ်းယူရန် စာချွန်တော်နှင့်
စေလွတ်လိုက်သည်။ စစ်သွေးကြွနေသော အမရပူရ အင်းဝဘုရင်၏ သားတော် သီရိ ဓမ္မာဝီဇယသီဟသူက စစ်ကြောင်း
(၃)ကြောင်းဖြင့် ရခိုင်ကို ချီတက် လာခဲ့သည်။ စစ်ဆင် (၃၃၀)၊ စစ်မြင်း (၃၃၀၀၀)နှင့် တပ်ပေါင်း
(၃၃)တပ်ပါဝင်ပြီး ရခိုင်စစ်တပ်တို့ဖြင့် (၄၅)ရက်တိုင်တိုင် တိုက်ခိုက်ခဲ့ကြသည်။ မြောက်ဦးမြို့တော်ကို
(၃)ကြိမ်တိုင်တိုင် တိုက်ခိုက်ကြိုးစားခဲ့ရာတွင် မဟာသမတရာဇာမင်းကိုယ်တိုင်း အညံ့မခံဘဲ
ထွက်တိုက်ခဲ့သည်။ စစ်အားချင်း မမျှခြင်း၊ မိမိတို့ လူမျိုး၏ သစ္စာဖောက်ခြင်းတို့ကြောင်း
အခြေအနေ မလှဖြစ်ခဲ့ရသည်။ မဟာသမတရာဇာမင်းသည် နောက်ဆုံး ညီတော် အိမ်ရှေ့မင်း ချစ်လှစွာရွှေ
၊ အရှေ့ ၀င်မှူး ငရှောက်ပြေနှင့် အနောက်ဝင်မှူး ရောက်စည် ၊ ရနိုင်သမျှသော အင်အားတို့ဖြင့်
တိုက်လှေ(၃၀)ဖြင့် မြောက်ဦးနန်းတော်က ထွက်ခွါခဲ့သည်။ ပထမဆုံး သူ၏ ဇာတိဖြစ်သော ရမ်းဗြဲကျွန်းသို့
ထွက်ခွါခဲ့သော်လည်း ရမ်းဗြဲကျွန်းမှာ ရန်သူတို့၏ လက်အောင်သို့ ကျရောက်လျှက်ရှိနေသည်။
ထို့ကြောင့် မြေပုံမြို့အနီးက ကျွန်းသာယာကျွန်း၏ မြောက်ဘက် ၊ ပြင်ချောင်းအရပ်တွင် ယာယီတပ်စခန်းချနေလေသည်။
ရခိုင်လူမျိုး
သစ္စာဖောက်အချို့တို့ သတင်းပေးမှုကြောင့် အင်းဝတပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
မဟာသမတရာဇာမင်းနှင့် အတူ မိဖုရား စောမယ်ပုံ အပါအ၀င် မိဖုရား (၃)ပါး၊ သမီးတော် မှောက်တော်ကြီး၊
မှောက်တော်လတ်၊ သားတော် ၀က်ကောင်းနှင့် မောင်ရဲဘော်တို့လည်း ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင်
မဟာမုနိ သွန်းစက်တော်ကြီး၊ လာဘာမုနိ သွန်းစက်တော်ဘုရားကြီး၊ ရွှေဘုံသာ မုနိသွန်းစက်တော်ဘုရား၊
မာန်အောင်မြင် မုနိတို့ အပါအ၀င် နောက်လိုက်နောက်ပါများကို စစ်သုံ့ပန်းအဖြစ် အများအပြားဖမ်းဆီးခေါ်ဆောင်သွားလေသည်။
ရခိုင်ပြည်၏
စစ်ဦးခေါင်းဖြစ်သော စစ်သူကြီး၊ စစ်၏ မျက်စိဖြစ်သော ဟူးရားတတ်၊ စစ်၏ နားမည်သော သူလျှို၊
စစ်၏ အားမည်သော နောက်လိုက်ဗိုလ်ပါ ရဲမက်၊ စစ်၏ ခံတွင်းဖြစ်သော သံတမန်၊ စစ်၏ အစွယ်ဖြစ်သော
အမတ်သူရဲကောင်း၊ စစ်၏ ခြေဖြစ်သော ဆင်းကောင်း၊ မြင်းကောင်း၊ စစ်အင်္ဂါမည်သော လက်နက်ပစ္စည်းများ
အားလုံးလည်း ဖျက်ဆီးခံလိုက်ရသည်။ ထို့အပြင် မြောက်ဦးရွှေနန်းတော်မှာလည်း လုံးဝ မီးရှိုးဖျက်ဆီးခံလိုက်ရသည်။
ကျောင်းကြီး (၃၀)၊ ကျောင်းငယ် (၃၇၀၀) တို့လည်း ဖျက်ဆီးခံလိုက်ရသည်။
အမရပူရ
အင်းဝ နေပြည်တော်သို့ ဖမ်းဆီးခံရပြီး မိဖုရား စောမယ်ပုံ(မြသန္တာ)မှာ ဘိုးတော်ဘုရား၏
တော်ကောက် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ရခိုင်ဘုရင် မဟာသမတရာဇာမင်းတွင်လည်း နန်းကျဘ၀ဖြင့်
သားတစ်ကွဲ မယားတစ်ကွဲဖြစ်ကာ နောက်ဆုံး ၁၁၄၉ ခုနှစ်တွင် နတ်ရွာစံ ကံတော်ကုန်လေတော့သည်။
ထိုအချိန်က
စပြီး ရခိုင်ပြည်၏ အချုပ်အချာဏာသည်လည်း စခန်းသိမ်းခဲ့ရသည်။ နှစ်ပေါင်း (၅၀၀၀)ကျော် ကိုယ့်မင်း ၊ ကိုယ်ချင်းဘ၀မှာ
ချုပ်ငြိမ်းသွားခဲ့ရသည်။ အင်းဝနေပြည်တော်၏ အုပ်ချုပ်မှု အောက်တွင် နှစ်ပေါင်း (၄၀) နေခဲ့ရပြီး
၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီး
တစ်ဖန် ဂျပန်၊ ယင်းကတစ်ဖန် အင်္ဂလိပ်နှင့်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ရေးထိုးခဲ့သော
ပင်လုံစာချုပ်ကို လက်ခံခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ထဲတွင် နေထိုင်ခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါလည်း ရခိုင်တို့သည် ကြည်ဖြူစွာဖြင့် ပါဝင်ခဲ့ကြသည်။
သမိုင်းဆိုသည်မှာ ဖျောက်ပစ်ကောင်းသည့်
အရာမဟုတ်ချေ။ သမိုင်းကို ဖျောက်ဖို့ကြိုးစားခြင်းသည် လူမျိုးတစ်မျိုး၏ ဇာတိကို ဖျောက်ပစ်ဖို့
ကြိုးစားခြင်းနှင့်တူသည်။ သမိုင်းကို အရှိတရားအတိုင်း လက်ခံခြင်းသည် ငြိမ်းချမ်းရေးကို
ပိုမိုရှေရှုစေသည်။ သမိုင်းနဲ့ ပတ်သတ်သော အကြောင်းအရာမျးကို စာအုပ်၊ စာပေထုတ်ဝေခွင့်၊
သင်ကြားပို့ချခြင်းတို့သည် လူမျိုးချစ်စိတ်နှင့် တိုင်းပြည်အပေါ် သစ္စာရှိမှုတို့ကို ပိုမိုရှေ့ရှုစေပါသည်။
၂၀၁၀ ခုနှစ် ဒီမိုကရေစီနိုင်ငံသစ်မှ စတင်ပြီး ရခိုင်တို့၏ ရင်ထဲ ကိန်းအောင်းနေခဲ့သော
အမှတ်တရနေ့များကို ဖော်ထုတ်ခွင့်ရလာခဲ့သည်။ ကိုယ့်ပြည်ထောင်၊ ကိုယ်ပိုင်အုပ်ခွင့်များဖြင့်
နေထိုင်လာခဲ့ကြသော လူမျိုးပေါင်းများစွာသည် အေးအတူ ပူအမျှ မြန်မာနိုင်ငံထဲတွင် အတူတကွ
နေထိုင်လျှက်ရှိကြသည်။ ဒီမိုကရေစီမှသည် ဖယ်ဒရယ်နိုင်ငံတော်ကြီးဆီသို့ ရှေ့ရှုသွားသင့်ပေသည်။
ယနေ့အခါတွင် မြန်မာနိုင်ငံထဲရှိ ၁၃၅
မျိုးသော လူမျိုးတို့သည် ကိုယ်ပိုင်စာပေ ကိုယ်ပိုင် ယဉ်ကျေးမှုများဖြင့် နေထိုင်ခဲ့ကြသောကြောင့်
ဖယ်ဒရယ်မူကို မျှော်လင့်လာကြသည်။ ဖယ်ဒရယ်ဆိုသည်မှာ ပြည်နယ်အစိုးရတွေနှင့် ဗဟိုအစိုးရတို့အကြားတွင် ကဏ္ဍများ ခွဲခြားသတ်မှတ်ပြီး၊ အာဏာကို
ဝေခြမ်း ကျင့်သုံးခြင်းခေါ်ဆိုသည်။ ဖယ်ဒရေးရှင်းသည်
လွတ်လပ်ခွင့် ရှိသော ပြည်နယ်များက စုပေါင်း၍ ပြည်ထောင်စုဖွဲ့ထားသည့် စနစ်ဖြစသည်။ နိုင်ငံခြားရေးနှင့်
ကာကွယ်ရေးကို ဗဟိုအဆင့်ဖြစ်သော ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စုအစိုးရမှာသာ လုပ်ပိုင်ခွင့်
ရှိသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုသည့် အဓိပ္ပါယ်နှင့် ကိုက်ညီသည်။
ဖယ်ဒရယ်ဝါဒသည် အဖွဲ့ဝင်
ပြည်နယ်များကို အခြေခံ၍ ဗဟိုပြုထားသည့် နိုင်ငံရေး အယူအဆတခုဖြစ်ပြီး၊ ဗဟိုနှင့်
ပြည်နယ်တွေ အကြားသော်လည်း၊ ပြည်နယ်တခုချင်း အလိုက်သော်လည်းကောင်း
လုပ်ပိုင်ခွင့်အာဏာတို့ကို ပိုင်းခြား သတ်မှတ်ထားခြင်း ဖြစ်သည်။
ဖယ်ဒရယ်ဝါဒ ဆိုသော ဝေါဟာရ၏
အနက်အဓိပ္ပါယ်ကို ဖေါ်ပြကြရာတွင်
အချုပ်အချာအာဏာကို ဗဟိုအစိုးနှင့် ပြည်နယ်များ အကြား အခြေခံဥပဒေ (စာချုပ်) ဖြင့်
နိုင်ငံရေးနယ်နမိတ်ကို သတ်မှတ် ပိုင်းခြား၍ ကျင့်သုံး အုပ်ချုပ်သော အစိုးရစနစ်တခု
ဖြစ်သည်ဟု ဆိုထားသောကြောင့် မြန်မာနိုင်ငံနှင့် ကိုက်ညီပေသည်။
ထို့ကြောင့် ၂၂၉ နှစ် ရခိုင်ပြည်၏ အချုပ်အချာအာဏာကျဆုံးခြင်း စာမျက်နှာမှသည်
သမိုင်းသစ်လှပသော ဖယ်ဒရယ် ပြည်ထောင်စုသို့ ချီးတက်ကြစို့ဟု သမိုင်းစာမျက်နှာ
ဟောင်း ၂၂၉ လှန်ကြည့်ရာမှ သမိုင်းစာမျက်နှာသစ်ဆီသို့ -
ဝေဟင်အောင်
၂၅၊ ၁၊
၂၀၁၄။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလထုတ် ဖွံ့ဖြိုးတိုးတက်ရေး
ဂျာနယ်တွင် ဖော်ပြပြီး
0 comments