ရခိုင်ပြည်နယ်သည် နိုင်ငံတော်၏ အနောက်ဘက် အစွန်းပိုင်းတွင် တည်ရှိပြီး
ဧရိယာ စတုရန်း မိုင်ပေါင်း ၁၄၂ဝဝ ကျယ်ဝန်းသည်။ ပြည်နယ် အတွင်းရှိ မြို့နယ်
၁၇ မြို့နယ်၌ လူဦးရေ သုံးသန်းကျော် နေထိုင်လျက် ရှိသည်။
ယခင်က ရခိုင်ပြည်နယ်သည် ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီး များနှင့်
ပြည်နယ်များကို ရခိုင်ရိုးမ တောင်တန်းကြီးက သဘာဝ အတားအဆီး အဖြစ်
ရှိနေခြင်းကြောင့် ခရီးလမ်း ဆက်သွယ်ရေး ခက်ခဲသည်။ ဘင်္ဂလား ပင်လယ်အော်
အတွင်းစီးဝင်သော မြစ်ချောင်းများ ပေါများသဖြင့် ဒေသတွင်း သွားလာရေး
ခက်ခဲသည်။ ၂ဝဝဝ ပြည့်နှစ် တွင် ယခင် တပ်မတော် အစိုးရက ရန်ကုန်-စစ်တွေ
မော်တော်ကား လမ်းမကြီး ဖောက်လုပ်ပေးခဲ့သည်။ ကားလမ်းမကြီးတွင် ပေ ၁ဝဝဝ အထက်
တံတားကြီးပေါင်း ၁ဝ စင်းနှင့် တံတားငယ်ပေါင်း ၈ဝဝ ကျော်
တည်ဆောက်ဖွင့်လှစ်ပေး ခဲ့သည်။ နိုင်ငံတော်အတွင်း တည်ဆောက် လျက်ရှိသော
မီးရထား ကွန်ရက်နှင့် ချိတ်ဆက်သွားရန် ရခိုင်ပြည်နယ် စစ်တွေမြို့မှ
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့အထိ မီးရထားလမ်း ၂၅၇ မိုင်
ဖောက်လုပ်နေပြီဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ၌ ၂ဝ၁၂ ခုနှစ် မေ ၂၈
ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကို အခြေခံ၍ ပြည်နယ်အတွင်း
မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရသည်။ ဇွန် ၁ဝ ရက်တွင်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်မှ တစ်ဆင့် နိုင်ငံတော် သမ္မတက
ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူ များသို့ မေတ္တာ
ရပ်ခံချက်အား ကိုယ်တိုင် ပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတက ပဋိပက္ခများ
ရပ်တန့်ရန် ပြောကြားရာ၌ ''ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ
ရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ
ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန်
ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေ နိုင်တာကို မိဘပြည်သူများ အားလုံး
အထူးသတိထား ကြစေချင်ပါတယ်''ဟူ၍ ထည့်သွင်း ပန်ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက် ရှိသည့် အခြေအနေ များတွင် အသုံးပြုရန်
မြန်မာနိုင်ငံ ဘောလုံးကလပ် အသင်းများနှင့် အလှူရှင်များ က ငွေကျပ်သိန်း
၄၂ဝဝ ကို ဇွန် ၁၃ ရက်တွင် လှူဒါန်းခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာအတွင်း
နေထိုင်လျက် ရှိကြသော ကျေးရွာသူ၊ ကျေးရွာသား များအား ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ
ဆေးဝန်ထမ်း ၃၂ ဦးဖြင့် ဆောင်ရွက် ပေးခဲ့သည်။ အရေးပေါ် လူနာများအား တပ်မတော်
ရဟတ်ယာဉ်များ ဖြင့် ပို့ဆောင်၍ ဆေးကုသပေးခဲ့သည်။
ရခိုင်ပြည်နယ် ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်
ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က
နေပြည်တော်၌ ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်
အတွက် ရန်ပုံငွေ လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၁ဝ၉ ဒသမ ၃ သန်း လိုအပ်ပြီး
ယခုအချိန်အထိ လက်ရှိငွေမှာ အမေရိကန် ဒေါ်လာ ၇၉ ဒသမ ၄၉ သန်းရှိကြောင်းနှင့်
ရရှိငွေများမှာ စီမံချက် ၁ဝ၉ ခု၌ သုံးစွဲ ထားကြောင်း သိရသည်။
သို့ဖြစ်၍ အဖျက်လွယ်သော်ငြား အပြုခက်ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ်များအား
တိုင်းရင်းသား ပြည်သူ အပေါင်း သင်ခန်းစာ ယူကြရ မည် ဖြစ်ပေသည်။ ။
http://www.mwdmedia.net
http://www.mwdmedia.net
0 comments