ဖွံ့ဖြိုးစနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ဆင်းရဲချမ်းသာကွာဟမှုမှာ အဓိကပြဿနာတစ်ခု ဖြစ်သည်။ နိုင်ငံ့ဓန အင်အားနှင့်တကွ
အရင်းအမြစ်အားလုံးကို တရားနည်းလမ်းကျရုံတင်မက လူ့ကျင့်ဝတ်သိက္ခာတရားကိုပါ
ထည့်သွင်းစဉ်းစားပြီးမှသာ ပိုင်ဆိုင်ခွင့် ပိုင်ဆိုင်ထိုက် ခြင်း တည်းဟူသော
အကျိုးကျေးဇူးကို ခံစားစေ သင့်သည်ဟူသည့် အယူအဆမှာ ယင်းသို့သော
နိုင်ငံများအတွက် အလွန်အရေးကြီးသောအချက် ဖြစ်သည်။
ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း ဖွံ့ဖြိုးစနိုင်ငံများ၏ အာဏာခွဲဝေမှုဆိုင်ရာ အခက်အခဲများ၊ တရားဥပဒေစိုးမိုးမှု ဆိုင်ရာ အတွေ့အကြုံနည်းပါးမှုများအပေါ် မူတည်ကာ လူတစ်စုသည် တစ်မုဟုတ်ချင်း အလွန်အမင်း ချမ်းသာကြွယ်ဝ လာခဲ့ကြရ၏။ ထို့ပြင် နိုင်ငံ၏ သဘာဝအရင်းအမြစ်များအပေါ်တွင်လည်း ထိုလူတစ်စုသည် မည်သည့်ကျင့်ဝတ်သိက္ခာကိုမျှ မငဲ့ကွက်နိုင်ဘဲ လက်တစ်ဆုံး နှိုက်ယူသုံးစွဲလာခဲ့ကြ၏။ အမှန်တကယ်အားဖြင့်
ပြောရလျှင် သဘာဝ အရင်းအမြစ်ဟူသည်မှာ ကုန်ကြမ်းပစ္စည်းအဖြစ် ထုတ်ရောင်းခြင်းထက် ကုန်ချောအဖြစ် မိမိကိုယ်တိုင်ထုတ်လုပ်ရောင်းချခြင်းဖြင့် ဈေးကွက်ကိုလည်း ချုပ်ကိုင်နိုင်သလို အကျိုးအမြတ်မှာလည်း တစ်လုံးတစ်ခဲတည်း ရစေသောနည်းဖြစ်သည်။
သို့သော် ယင်း အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ခွင့်ရသူလူတစ်စုသည် အခြေအနေနှင့် အချိန်အခါ၏ ထူးခြားသည့်အခြေအနေတစ်ခုကြောင့်သာလျှင် လက်ဝါးကြီးအုပ်ခွင့် ရရှိသူများဖြစ်ကြလျက် ပညာဥာဏ်
နည်းပါးခြင်း၊ လူ့ကိုယ်ကျင့်သိက္ခာအရာတွင် နိမ့်ပါးခြင်းတို့ကြောင့် ကုန်ကြမ်းကို ကုန်ကြမ်း အနေနှင့်သာ အလွန်အမင်း ထုတ်လုပ်ရောင်းချခြင်းဖြင့် ကြီးပွားချမ်းသာအောင် လုပ်ခဲ့ကြ၏။ ထို့ကြောင့် တိုင်းပြည်၏ သဘာဝသယံဇာတ အရင်းအမြစ်များမှာ အချိန်ကာလတိုအတွင်း မကြုံဘူးအောင် ဆုံးရှုံးကြရ၏။ ထိုအခါ
နောင်လာမည့် မျိုးဆက်များအတွက် အခက်အခဲဖြစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးခြင်းများ
ဖြစ်ကာ အခြေအနေမှာ ပို၍ ဆိုးရွားကြရတော့သည်။
ယခုအခါ မိမိတို့နိုင်ငံသည် တံခါးဖွင့်စီးပွားရေးဝါဒကို ကိုင်စွဲခြင်းဖြင့် ကမ္ဘာကြီးနှင့် ထိကပ်နီးစပ်စွာ ကုန်သွယ်မှုကို ဖန်တီးနေသည့်အချိန် ဖြစ်သည်။ တံခါးဖွင့် စီးပွားရေးဝါဒသည် ထင်သာမြင်သာခြင်း အခြေခံအပေါ်တွင် အခြေစိုက် ရမည် ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင်လည်း အမျိုးသားအကျိုးစီးပွားကို အဓိကခွန်အားဖြစ်စေသည့် ကုန်သွယ်ရေးသဘောတူ စာချုပ်များ၊ မျိုးချစ်စိတ်ရှိပြီး လူ့ကိုယ်ကျင့်သိက္ခာကို လေးစားသော အမျိုးသား ဓနရှင်များကို မြေတောင်မြှောက်ပေးသည့်နည်းများဖြင့်သာ တံခါးဖွင့်စီးပွားရေးကို အောင်မြင်အောင်
ဆောင်ရွက်သင့်သည်။
အခြေအနေနှင့်အချိန်အခါအရ ယခုလက်ရှိ တံခါးဖွင့်စီးပွားရေးဝါဒသည် ယခင် ခေတ်ဟောင်းတုန်းကလိုပင် ကုန်သွယ်ခွင့် ဖက်စပ်လုပ်ပိုင်ခွင့်များကို အကျင့်ပျက် အာဏာပိုင်တချို့၏ အကူအညီနှင့် တိုင်းပြည်အကျိုး တိုင်းပြည်မျက်နှာမကြည့်သည့် လူတစ်စုလက်သို့ ဆက်လက် ဝကွက်ပြီး ပေးအပ်လိုက်သည့် စီးပွားရေးဝါဒ
ဖြစ်နေဦးမည်ဆိုပါက မိမိတို့နိုင်ငံသည် ယခင်ကထက် ပိုမိုဆိုးရွားသော အကျိုးဆက်များကို ခံစားကြရတော့ မည်သာ ဖြစ်သည်။
ယခုအချိန်၌ ရာစုနှစ်တစ်ဝက်ကျော် မတရားနှိုက်ယူ အမြတ်ထုတ်ခံခဲ့ရသည့်တိုင် မိမိတို့နိုင်ငံ၏ သဘာဝ အရင်းအမြစ်များမှာ နိုင်ငံတကာမျက်စိကျစရာအဖြစ် အထုတ်အထည်နှင့် ကျန်ရှိနေသေးသည့်အဖြစ်မှာ မိမိတို့နိုင်ငံအား ကံကြမ္မာက မျက်နှာသာပေးခြင်းဟု ယူဆရပါမည်။ မိမိတို့နိုင်ငံ ကြွယ်ဝချမ်းသာရေး
မျှော်လင့်ချက်မှာ အခိုင်အမာ ရှိနေပါသေးသည်။
သို့သော် အထူးတလည် သတိပေးအကြံပြုလိုသည်မှာ မည်သည့်တံခါးဖွင့် စီးပွားရေးဝါဒပင်မဆို ထင်သာမြင်သာ သည့် အခြေခံအပေါ်တွင် မစိုက်ထူသရွေ့၊ မျိုးချစ်စိတ်ရှိသူ အမျိုးသား ဓနရှင်များကို နည်းမှန်လမ်းမှန်
မြေတောင်မြှောက် မပေးနိုင်သရွေ့ ယခု မိမိတို့ရရှိထားသည့် ကံကြမ္မာကောင်းမှာ ပျက်စီးသွားမည်သာ
ဖြစ်သည်။
ထိုအခါ လူတစ်စုချမ်းသာပြီး ထူထုဆင်းရဲသည့် စီးပွားပျက်ခြောက်ကမ်းပါးကြီးက မိမိတို့၏ ရှေ့မှ စောင့်ကြိုနေ မည်သာ ဖြစ်ကြောင်း ယူဆရပေသည်။

0 comments