
မုဆိုး တောခြောက်ခံရပြီလား
မုဆိုးအလုပ်ဆိုတာ တကယ်တော့
မလွယ်ကူလှပါဘူး။ ၀ါသနာလည်း ပါမှ၊ အပင်ပန်း အဆင်းရဲလည်း ခံနိုင်မှ၊
ဇွဲကောင်းကောင်းနဲ့ စိတ်ရှည်သည်းခံတတ်မှလည်း ရတဲ့အလုပ်တစ်ခုပါ။
တော်ရုံလူကလည်း မုဆိုးလုပ်လို့မရနိုင်ပါဘူး။ သားကောင်ကို
ချောင်းမြောင်းရတာလည်း မလွယ်ကူလှပါဘူး။ တောရဲ့ သဘောသဘာဝ အလေ့အထကို
ကျွမ်းကျင်ပိုင်နိုင်ရသလို သားကောင်ရဲ့ ဓလေ့စရိုက်ကိုလည်း
နားလည်ဖို့လိုပါတယ်။
တော်ရုံတန်ရုံတောထဲမှာ တောလည်ရတာ
အပန်းမကြီးပေမယ့် တောနက်ထဲမှာတော့ မလွယ်ကူလှပါဘူး။ တောနက်လာတာနဲ့အမျှ
တဖြည်းဖြည်းနဲ့ သာကောင်တွေပေါလာသလို တောခြောက်တာ တောမှောက်တာတွေလည်း
တွေ့ကြုံရတတ်ပါတယ်။ တောကောင်ကို အလွယ်တကူနဲ့ ရှာတွေ့တဲ့အခါလည်း ရှိသလို
ခက်ခက်ခဲခဲနဲ့ ချောင်းမြောင်းရှာဖွေရတဲ့အခါလည်း
ရှိတတ်တယ်။တောကောင်ကိုတွေ့ပေမယ့် ကိုယ်ကသားကောင်ကို
ထောင်ချောက်ဆင်ထားပြီးမှ လွတ်သွားတဲ့အခါမျိုးလည်း ရှိတယ်။
ရဲရင့်တဲ့ မုဆိုးတွေကတော့ ဘယ်လိုပဲတောနက်နက် သားကောင်နောက်ကို
ခြေရာခံလိုက်ပြီး သားကောင်ကို ရအောင် ဖမ်းနိုင်ကြတယ်။
သားကောင်ရပြီဆိုရင်တော့ မုဆိုးဟာ အောင်ပွဲရစစ်သူကြီးပါပဲ။
သားကောင်ကိုထမ်းပြီး အိမ်အပြန်တော့ မျက်နှာပန်းလှပြီပေါ့။
မုဆိုးကောင်းတို့မည်သည် ဘယ်သောအခါမှ လမ်းမမှားဘူးလို့လည်း ဆိုကြပါတယ်။
မုဆိုးကောင်းမှန်ရင် တောကောင်ကိုလည်း ရွေးပြီးပစ်တတ်တယ်။ တောကောင်ကို
ကြုံသလို ပစ်လေ့မရှိဘဲ ဦးတည်ချက်၊ ရည်မှန်းချက်ထားပြီးမှ လုပ်တတ်ကြပါတယ်။
မုဆိုးက သားကောင်ကိုခြောင်းပြီး သားကောင်က
မုဆိုးကိုပြန်ချောင်းတာခံရရင်တော့ ခပ်ညံ့ညံ့မုဆိုးဖြစ်သွားပါပြီ။
ဒီထက်ပိုဆိုးတာကတော့ တောနက်ထဲကိုဝင်ပြီးမှ မုဆိုးက
တောခြောက်တာခံရပြီဆိုရင်တော့ မုဆိုးလုပ်လို့မရတော့ပါဘူး။ တောထဲက
အမြန်ဆုံးပြန်ထွက်ဖို့ပဲရှိပါတော့တယ်။
အခုတလော တွေ့နေမြင်နေ၊ ကြားနေရတာတွေက
မုဆိုးတောခြောက်ခံရတဲ့ အဖြစ်မျိုးဖြစ်နေတာကို သတိပြုမိရင်း
လွှတ်တော်ဆိုတဲ့ မှော်ရုံတောကြီးအလယ်မှာ ကိုယ်မွေးတဲ့မျောက်
ကိုယ့်ပြန်ခြောက်တဲ့အဖြစ်မျိုးနဲ့ တောခြောက်ခံနေရပြီလားလို့
တစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိတော့တယ်။
(သက်ဆိုင်သူများသို့)
- ပရိုမီးသီးယပ်စ်
0 comments