
ရန်ကုန်၊ သြဂုတ်-၂၄
ထိုင်းနိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် မြန်မာကျောင်းသား ၆၀ ဦးအား ပညာသင်ဆု ထပ်မံပေးသွားမည်ဖြစ်ပြီး အစိုးရ၀န်ထမ်းနှင့် ပြင်ပမှပုဂ္ဂိုလ်များ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရှိ မဟီဒေါတက္ကသိုလ်တွင် မဟာဘွဲ့ ၂ နှစ်သင်တန်း တက်ရောက်ရန် ကျောင်းသား ၃၀ ဦးနှင့် ပါရဂူဘွဲ့ သုံးနှစ်သင်တန်းတက်ရောက်ရန် ကျောင်းသား ၃၀ အား၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာသင်ဆုပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါပညာသင်ဆု အစီအစဉ်အတွက် သဘာဝသိပံ္ပနှင့်ကျန်းမာရေး၊ လူမှုရေးနှင့် လူဦးရေဆိုင်ရာသိပံ္ပ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာလေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင်သိပံ္ပဘာသာရပ် နယ်ပယ်များကို လေ့လာလိုသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာသင်ယူပြီးဆုံးပါက မိမိနိုင်ငံသို့ပြန်၍ အလုပ်အကျွေးပြုရမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်လွှာကို သြဂုတ်လတွင် စတင်လက်ခံနေပြီး အလျင်အမြန်လျှောက်ထားရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် ကျေးလက်ဒေသတွင် နေထိုင်သူများဦးစားပေး လျှောက်ထားရန် နော်ဝေးအစိုးရက တိုက်တွန်းထားသည်။
ပညာသင်ဆုအစီအစဉ်နှင့်ပတ်သက်၍ အီးမေးလ် anadi.nit@ mahidol.ac.th သို့ဆက်သွယ်၍ အသေးစိတ်အချက်အလက်များကို http://www. grad.mahidol.ac.th တွင် ကြည့်ရှုနိုင်သည်။
နော်ဝေးအစိုးရသည် ၂၀၁၂ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျောင်းသား ၄၀ စီဖြင့် မြန်မာကျောင်းသား ၁၂၀ အား သုံးနှစ်ဆက်တိုက် ရွေးချယ်၍ ထိုင်းနိုင်ငံရှိ အာရှနည်းပညာအင်စတီကျူ့ဒ် (AIT)တွင် သင်ယူစေသော အစီအစဉ်ကို ဆောင်ရွက်ထားသည်။
7Day News Journal

0 comments