Related Posts Plugin for WordPress, Blogger...

ထွန်းခိုင်၊ ချစ်ဝိုင်း
လွန်ခဲ့သောနှစ်လခန့်က လူငယ်သတင်းသမားများ၊ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ခုသည် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ စစ်တမ်းတစ်ခုကို ကောက်ယူခဲ့သည်။
သူတို့စစ်တမ်းထဲတွင် နိုင်ငံရေးဆိုင်ရာမေးခွန်းအချို့လည်း ထည့်သွင်းမေးမြန်းခဲ့သည်။ ထိုမေးခွန်းများအနက် တစ်ခုကိုတော့ ဖြေဆိုသူသုံးထောင်နီးပါးအနက် သုံးပုံနှစ်ပုံခန့် မှန်အောင်မဖြေဆိုနိုင်ခဲ့။
မေးခွန်းက “မိမိရပ်ရွာကိုကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို သိရှိပါသလား”
အဆိုပါစစ်တမ်းကို လိုက်လံအကူအညီပေးခဲ့သည့် သတင်းသမားများ၏အဆိုအရ လွှတ်တော်ကိုယ်စားလှယ်ကို မြင်တွေ့ဖူးလား (သို့တည်းမဟုတ်) သင်တို့နေ့စဉ်ကြုံတွေ့ရသည့် အခက်အခဲကို ထိုလွှတ်တော်ကိုယ်စားလှယ်က လာရောက်လေ့လာစုံစမ်းလား (သို့တည်းမဟုတ်) သင့်ထံမှမဲရသဖြင့် လွှတ်တော်ထဲထိုင်နေခွင့်ရသည်ကို ကျေးဇူးတင်ရှိကြောင်း လာရောက်ပြောကြားဖူးပါသလားဆိုသည့် မေးခွန်းများအတွက် “မရှိပါ”ဟု ဖြေဆိုသူသာများသည်ဟု ဆိုသည်။
7Day မှ ပြုလုပ်သည့် လူ ၁၅၀ ခန့်ပါဝင်သည့် အသေးစားစစ်တမ်းတစ်ရပ်၏ အဆိုအရတော့ ၎င်းတို့မဲပေးခဲ့သည့် ကိုယ်စားလှယ်များက ရွေးကောက်ပွဲပြီးကတည်းက ပျောက်ချက်သားကောင်းနေခဲ့ကြောင်း ရာနှုန်းပြည့်နီးပါး ဖြေဆိုခဲ့ကြသည်။
ရာစုနှစ်ထက်ဝက်ကျော်ကြာ စစ်ခေါင်းဆောင်များကသာ အာဏာကို ထိန်းချုပ်ထားခဲ့သည့် မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ်ရာရလဒ်များ ထွက်ပေါ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ လွှတ်တော်များတွင် ရောက်ရှိနေသည့် ကိုယ်စားလှယ်များ၏ ပြည်သူလူထုအပေါ်ထားသည့် ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီဖြစ်သည်။ လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ကြာအတွင်း ကိုယ်စားလှယ်အနည်းစုကလေးကလွဲပြီး ကိုယ်စားလှယ်တော်တော်များများသည် လွှတ်တော်ပြင်ပတွင် အိပ်မောကျနေဆဲဖြစ်သည်။
မြို့နေပြည်သူများသည် ရုပ်မြင်သံကြား (သို့တည်းမဟုတ်) သတင်းဂျာနယ်များမှတစ်ဆင့် သူတို့ဒေသ၏ လွှတ်တော်ကိုယ်စားလှယ် မည်သူဆိုသည်ကို တွေ့ခွင့်ရကောင်းရနိုင်သည်။ လျှပ်စစ်မီးပင်မရရှိသည့် ကျေးလက်နေပြည်သူများအဖို့တော့ ထိုအခွင့်အရေးနှင့် အလှမ်းဝေးနေပြီး ကိုယ်မဲပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် မည်သူမှန်းကိုပင် ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မသိရှိသူများလည်းရှိသည်။
“တောမှာနေတဲ့သူတွေက လွှတ်တော်အမတ်မပြောနဲ့ သမ္မတဘယ်သူမှန်းတောင် မသိတဲ့သူတွေအများကြီးရှိတယ်။ ရွာတွေက လူတွေကလည်း အမတ်ကိုမသိဘူး။ အမတ်ကလည်း ရွာတွေကိုမလာဘူး”ဟု မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ တောင်သူတစ်ဦးကပြောသည်။
တောင်သူလယ်သမားအရေး ဆောင်ရွက်လေ့ရှိသည့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကတော့ လယ်သိမ်းမြေသိမ်းပြဿနာများနှင့်ပတ်သက်ပြီး သူ့ထံသို့ လာရောက်အကူအညီတောင်းခံသည့် လယ်သမားများ၏ပြောကြားချက်ကို ယခုလိုပြန်ပြောသည်။
“လယ်သမားတွေကပြောတာ လွှတ်တော်အမတ်တွေက အလုပ်လုပ်တာကိုမပြိုင်ဘဲ လွှတ်တော်ထဲမှာ ငုတ်တုတ်ထိုင်တာကို ပြိုင်နေကြတယ်”
တောင်သူလယ်သမားအများစုသည် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်ထံသို့ သွားရောက်အကူအညီတောင်းခံရန် မဆိုထားနှင့်၊ ၎င်းတို့ကိုယ်စားလှယ် လွှတ်တော်အမတ်ရှိသည်ဟုဆိုသည်ကိုပင် မသိရှိသည်ကများကြောင်း ၎င်းကပြောသည်။
တိုင်းပြည်၏ အခြေခံလူတန်းစားဖြစ်သော တောင်သူလယ်သမားများသာမက နောက်ထပ်အခြေခံလူတန်းစားတစ်ခုဖြစ်သော အလုပ်သမားများနှင့်လည်း လွှတ်တော်ကိုယ်စားလှယ်များအကြားတွင် နွေးထွေးသည့်ဆက်ဆံရေးမရှိသေးဟု အလုပ်သမားအရေး ဆောင်ရွက်သူများကပြောသည်။
“ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းလောက်ကစပြီး အလုပ်သမားတွေ လမ်းပေါ်ထွက်ပြီး အကြီးအကျယ်ဆန္ဒပြခဲ့ကြတယ်။ ဒီလောက်ဖြစ်နေတာကို လွှတ်တော်ထဲမှာ ဒီထက်အသည်းအသန်ဆွေးနွေးသင့်တာပေါ့။ ကော်မရှင်ဖွဲ့ပြီး ဟိုတလောက စစ်ဆေးတဲ့သူတွေကလွဲပြီး ဘာသိဘာသာနေကြတာ များနေတယ်”ဟု အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်းကပြောသည်။
အလုပ်သမားများအနေဖြင့်လည်း လယ်သမားများနည်းတူပင် လွှတ်တော်ကိုယ်စားလှယ်ထံ ၎င်းတို့အခက်အခဲကို တင်ပြရန်မဆိုထားနှင့်၊ ၎င်းတို့ကိုယ်စားလှယ် လွှတ်တော်အမတ်ရှိသည်ဟုဆိုသည်ကိုပင် မသိရှိသည်ကများကြောင်း ၎င်းကပြောသည်။
“ဒါက ပြည်သူ့အားနည်းချက်တော့မဟုတ်ဘူး။ ပြည်သူဆိုတာ မဲပေးပြီးရင် သူ့တာဝန်ကျေသွားပြီလေ။ မဲရပြီးသွားတဲ့သူက ဆက်လက်လုပ်ဆောင်ရမှာ လွှတ်တော်အမတ်ရဲ့တာဝန်ပဲ။ လွှတ်တော်အမတ်က ကျေးရွာတွေအထိရောက်ရမယ်။ ချောင်ကြိုချောင်ကြားအထိ ရောက်ရမယ်”ဟု သူ၏အမြင်ကို ဦးကျော်စွာစိုးကပြောသည်။
ရွေးကောက်တင်မြှောက်ခဲ့သည့် မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲပြီးသော်လည်း မဲဆန္ဒရှင်များအပေါ်တွင် ကျေးဇူးမမေ့ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်စာရင်းကို သုတေသနလုပ်ကြည့်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်သည် ထိပ်ပိုင်းတွင်ရှိနေနိုင်သည်။ သူမ၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူးသို့ ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် ၂၀၁၂ ဧပြီလဆန်းနောက်တွင် ငါးကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
“ကျွန်မကို ရွေးကောက်ပွဲနေ့မှ လာတယ်ထင်မှာစိုးလို့ လာတာပါ”ဟု ကော့မှူးရောက်လျှင် သူကမကြာခဏပြောလေ့ရှိသည်။
သူ့အား လွှတ်တော်ထဲသို့ အရောက်ပို့ပေးခဲ့သည့် ကော့မှူးမြို့အကြောင်း၊ ကော့မှူးဒေသခံများ၏ ဒုက္ခများ၊ သာယာပုံများကို သူ၏ပါတီမှထုတ်ဝေသည့် ဒီလှိုင်းစာစောင်တွင် မကြာခဏရေးသားလေ့ရှိသည်။
သူ၏မဲဆန္ဒနယ်အကြောင်းကို ညွှန်းလွန်းသဖြင့် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးက အစည်းအဝေးတစ်ခုတွင် “တစ်ကော့တည်းကော့နေတာပဲ”ဟုပင် ဝေဖန်ခံခဲ့ရသည်ဟု ဒီချုပ်ဥက္ကဋ္ဌက ဒီလှိုင်းတွင် သူပင်တိုင်ရေးသားသည့် “ဒီစကား”တွင် ရေးသားခဲ့ဖူးသည်။
အလားတူ လာမည့်ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရရန် မျှော်မှန်းထားသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်အချို့သည်လည်း ရွေးကောက်ပွဲအပြီးနောက်ပိုင်း မဲဆန္ဒနယ်များသို့ မကြာခဏရောက်ကာ ဒေသခံများနှင့်တွေ့ဆုံလေ့ရှိသည်။
“ပြည်သူ့အသံ - လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်”ဟု ကြွေးကြော်ထားသည့် မြန်မာ့လွှတ်တော်များမှ လွှတ်တော်အမတ်များနှင့် ပြည်သူများအကြား ဆက်ဆံရေးမည်မျှအေးခဲနေသည်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏စကားက သက်သေပြနေသည်။
“ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အစည်းအဝေးများ ရပ်နားစဉ်ကာလမှာလည်း မိမိတို့ကို ယုံကြည်အားကိုးစွာဖြင့် ရွေးချယ်တင်မြှောက်လိုက်သည့် နယ်မြေများအရောက်သွားပြီး ဒေသခံပြည်သူများ၏ အသံ၊ ဆန္ဒကို နားထောင်ကြပါ”ဟု ကိုယ်စားလှယ်များအား နာယကကြီးက တိုက်တွန်းရသည်အထိပင်ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုနှင့် မည်မျှထိတွေ့မှု ရှိသည်၊ မရှိသည်ကို လွှတ်တော်တွင်း ၎င်းတို့ဆွေးနွေးသည့် မေးခွန်းများက သက်သေပြနေကြောင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးသန့်စင်ကသုံးသပ်သည်။
“အမတ်တွေက သူတို့ကိုယ်တိုင် ပြည်သူတွေရဲ့အခက်အခဲ လိုက်မေးရမယ့်အစား သူတို့ဆီကို လာပြောတဲ့ကိစ္စတွေကိုတောင် စိတ်ဝင်တစား နားတောင်မထောင်ပေးတာတွေရှိတယ်။ အဲဒီတော့ ပြည်သူတွေကလည်း အမတ်တွေဆီ မသွားချင်ကြတော့ဘူး”ဟု ၎င်းကပြောသည်။
တိုင်းပြည်လူဦးရေ၏ တောင်သူများ လယ်မဲ့ယာမဲ့ဖြစ်နေချိန်၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဆင်းရဲဒုက္ခတွေ့နေချိန်တွင် ၎င်းတို့သိမ်းဆည်းထားသည့် လယ်မြေများ ပြန်မပေးရရေး၊ ၎င်းတို့အကျိုးစီးပွားများ မထိခိုက်စေရေးကို ဦးတည်ဆွေးနွေးမှုများ ရှိနေသည်ကို မြင်နေရသည်မှာ စိတ်မသက်သာစရာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူတစ်ဦးကပြောသည်။
ရွေးကောက်တင်မြှောက်ခဲ့သည့် မဲဆန္ဒရှင်များကို မဲရပြီးနောက် ဥပေက္ခာပြုနေခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ ထွက်ပေါ်လာသည်နှင့် သက်ဆိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများကဆိုသည်။ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရန် မျှော်လင့်ချက်မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းတို့ကသုံးသပ်သည်။
“၂၀၁၅ ကျရင် ငါပိုပြီးတော့ကြိုးစားပြီး အလုပ်လုပ်သွားမယ်ဆိုတဲ့ ဆန္ဒထက် ၂၀၁၀ ကနေ ၁၅ အထိကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ လစာလေးယူပြီးတော့ မှိန်းပြီးနေတာ ပိုပြီးတော့ သင့်တော်မယ်လို့ထင်တဲ့ လွှတ်တော်အမတ်တွေ များနေတယ်။ အနာဂတ်ကိုသာ တကယ်မျှော်မှန်းထားတဲ့ လွှတ်တော်အမတ်ဆိုရင်တော့ ရွပ်ရွပ်ချွံချွံနဲ့ အလုပ်လုပ်နေပြီပေါ့”ဟု ဦးကျော်စွာစိုးကပြောသည်။
၎င်းတို့၏ မဲဆန္ဒနယ်များသို့ ကွင်းဆင်းလေ့လာရန် စိတ်အားထက်သန်မှုမရှိသည့် အမတ်များရှိကြောင်း လွှတ်တော်အမတ်များကိုယ်တိုင် ၀န်ခံမှုများရှိခဲ့သည်။
မဲဆန္ဒနယ်များဆီသို့ ကွင်းဆင်းလေ့လာရန် ကြိုးစားသူများသည်လည်း စိန်ခေါ်မှုအချို့ကြောင့် လုပ်သလောက်ခရီးမတွင် ဖြစ်နေခဲ့ကြောင်း လွှတ်တော်အမတ်အချို့ကပြောသည်။
ထိုအခက်အခဲများတွင် ငွေကြေးမလုံလောက်မှုသည်လည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ)ကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များရရှိသည့် လစာသုံးသိန်းမှာ ငွေကြေးအင်အားချို့တဲ့သည့် ကိုယ်စားလှယ်များအတွက် ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက်ရန်အတွက် အကန့်အသတ်တစ်ခုဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
“စင်ကာပူက လွှတ်တော်အမတ်တွေဆိုရင် တစ်လကို စင်ကာပူဒေါ်လာ ၁၃၀၀၀ လောက်ရတယ်။ အဲဒီတော့ သူတို့က တစ်လတစ်ခါလောက် ပုံမှန်အိမ်တွေဆီ သွားမေးဖို့လုပ်နိုင်တယ်။ ကျွန်တော်တို့က တစ်လသုံးသိန်းလောက်ရကြတော့ သွားချင်တဲ့သူတွေတောင် အခက်အခဲရှိတယ်။ တတ်နိုင်သလောက်လုပ်ပေမယ့် ခရီးမတွင်တာလည်းရှိတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။
အခြားအခက်အခဲများမှာ မိမိမဲဆန္ဒနယ်သို့ဆင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား ဒေသဆိုင်ရာအာဏာပိုင်များက လိုက်လံစုံစမ်းမေးမြန်းခြင်းကဲ့သို့သော အခက်အခဲများကြောင့် ခရီးမတွင်မှုများလည်းရှိကြောင်း ဦးကြည်မြင့်(လသာ)ကပြောသည်။
မဲဆန္ဒရှင်များအနေဖြင့်တော့ များမကြာမီကာလအတွင်း မိမိတို့ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး ပြန်လည်ဆုံတွေ့နိုင်မည့် အခွင့်အရေးတစ်ခုရှိသည်။ ထိုအချိန်ရောက်လျှင် သင်တစ်ခါမှမတွေ့ခဲ့ဖူးသည့် သင်၏မြို့နယ်မှ လွှတ်တော်အမတ်အသီးသီးက ပြည်သူများခံစားနေရသည့် အခက်အခဲများကို တစ်အိမ်တက်တစ်အိမ်ဆင်း မေးကောင်းမေးလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီများမဲဆွယ်ရန် စတင်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။
လက်ရှိတည်ဆဲဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြိုက်မတွေ့ပါက ဖြုတ်ချရန်မဖြစ်နိုင်ဘဲ နောက်ငါးနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအထိ စောင့်ရမည်ဖြစ်သည်။ တစ်ခါအရွေးမှားပါက ငါးနှစ်အထိခံစားကာ စောင့်ရမည်သာဖြစ်သည်။       ။


7Day News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ