
ရန်ကုန်၊ စက်တင်ဘာ-၉
ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရန်ကုန်မြို့၌ ဆောင်ရွက်ခဲ့မှုများသည် လုပ်သင့်လုပ်ထိုက်၍ တာဝန်အရ ဆောင်ရွက်ခဲ့သဖြင့် မှားယွင်းခဲ့သည်ဆိုကာ တင်ပြလာပါက ကြိုးပေးလျှင်ပင်ခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေကပြောသည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာက ရန်ကုန်မြို့၌ သံဃာတော်များဦးဆောင်ကာ ဆန္ဒပြခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးဖြစ်နေစဉ်တွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် နေ့ရောညပါ ဆက်သွယ်တင်ပြခဲ့ပြီး ထိုစဉ်က ဆောင်ရွက်ခဲ့သမျှသည် လုပ်သင့်လုပ်ထိုက်၍ တာဝန်အရဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ဆွေကပြောသည်။
“ရန်ကုန်မှာ မင်းရှိတော့ မင်းမှာတာဝန်မရှိဘူးလားမေးရင် ရှိပါတယ်။ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ တင်ပြရင် ကျွန်တော်ကတော့ အဆင်သင့်ပဲ။ ကုန်ကုန်ပြောရင် ကြိုးပေးလည်း ကျွန်တော် ခံပါ့မယ်”ဟု ရန်ကုန်တိုင်း တိုင်းမှူးဘ၀မှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာသည့် ဦးမြင့်ဆွေက စက်တင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြောကြားသည်။
ရန်ကုန်တိုင်း တိုင်းမှူးတာဝန်ယူခဲ့စဉ်က ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးခဲ့ခြင်းနှင့် မဆလပါတီဥက္ကဋ္ဌဦးနေ၀င်းကို ဖမ်းဆီးခဲ့သည်မှာ မမှန်ကန်သည့် ကောလာဟလများဖြစ်ကြောင်း ဦးသူရရွှေမန်းကို သက်သေတည်၍ ဦးမြင့်ဆွေကပြောသည်။ သူရရွှေမန်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ဦးမြင့်ဆွေက ယခုကဲ့သို့ပြောကြားသည်။
“ဦးနေ၀င်းကို ကျွန်တော် မဖမ်းပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်က မော်လမြိုင်မှာရှိနေတာပါ။ ဖမ်းစရာလည်း အကြောင်းမရှိပါဘူး။ နောက် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း ကျွန်တော် ဖမ်းတာမဟုတ်ဘူးဆိုတာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းအသိပါ။ ကျွန်တော်မလုပ်ဘဲနဲ့ ကျွန်တော့်မိသားစုကို ထိခိုက်လာတယ်”ဟု ဦးမြင့်ဆွေကပြောသည်။
အထက်ပါကိစ္စများအား မဖြေရှင်းဘဲထားသောအခါ တဖြည်းဖြည်း နာမည်ဆိုးဖြင့် ကျော်စောလာသောကြောင့် ဖမ်းဆီးခဲ့မှုများကို ၄င်းမလုပ်ခဲ့ဟု မီဒီယာများတွင် ပြန်လည်ဖြေရှင်းခဲ့ရကြောင်း ဦးမြင့်ဆွေကပြောသည်။
ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်အတွင်း ရန်ကုန်မြို့အတွင်း ဆန္ဒပြနေသည့် သံဃာတော်များကို စစ်တပ်မှ သေနတ်ဖြင့်ပစ်ခြင်းနှင့် စွမ်းအားရှင်များက ၀ါးရင်းတုတ်များဖြင့် ရိုက်ခဲ့သောကြောင့် ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦးသေဆုံးပြီး လူနှင့်သံဃာတော်အများအပြား ဒဏ်ရာရရှိ ဖမ်းဆီးခံခဲ့ရသည်။ ယခုနှစ် စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး (၆)နှစ် ပြည့်မြောက်ပြီဖြစ်သည်
7Day News Journal

0 comments