ယခုတစ်လော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ဝေဖန်ထင်မြင်ချက်များ ကြားနေရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် အများက စိတ်ဝင်စားနေကြသည့် ကိစ္စမှာ ကိစ္စကောင်းတစ်ခုပင် ဖြစ်ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မူတည်ပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုအရေးကိစ္စများသည် လည်း မှန်ကန်တည့်မတ်ဖို့လိုသည်။ သို့မဟုတ်ပါက သဘောထားကွဲလွဲမှုများမှသည် ပဋိပက္ခအသွင်သို့ရောက်ရှိပြီး ပြည်တွင်း မငြိမ်သက်မှုများ၊ ပြည်တွင်းစစ် ဖြစ်ပွားခြင်းများအထိ ဖြစ်လာပေတော့မည်။ မိမိတို့ တိုင်းပြည် ပြည်တွင်း စစ်ဖြစ်ပွားနေရခြင်းမှာ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အားနည်းချို့ယွင်းချက်များကြောင့်ဟုဆိုလျှင် မမှားပေ။ မိမိတို့နိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မူတည်ကာ လွတ်လပ်ရေးနှင့်အတူ လွတ်လပ်ရေး၏ ဖွားဖက်တော်ဟုဆိုအပ်သော ပြည်တွင်းစစ်ကိုလည်း အမွေရခဲ့သည်။ ပြည်တွင်းစစ်၏ ဖွားဖက်တော် ဖြစ်သော စစ်ဘေးဒုက္ခသည်များသည်လည်း အမွေ၏ အမွေတစ်ခုအဖြစ် ထပ်မံလက်ခံလာခဲ့ကြရသည်။ ဒုက္ခသည်ဟုဆိုရာ၌ စစ်ဘေးစစ်ဒဏ်ကြောင့်ဖြစ်လာရသည့် ဒုက္ခသည်များအပြင် အခြားသော ဒုက္ခသည်များသည် လည်း ကျွဲကူးရေပါဆိုသလို ဆင့်ပိုးဖြစ်ပေါ်လာကြရပြန်သည်။ ပို၍ဆိုးသည်မှာ သူတစ်ပါးတိုင်းပြည်တွင် ဒုက္ခသည် အဖြစ် ပြေးဝင်ခိုလှုံနေထိုင်ကြသည့် ဒုက္ခသည်များအပြင် ပြည်တွင်းတွင်ပင် တော တောင်များအတွင်း လှည့်လည် ပုန်းအောင်းနေထိုင်နေကြရသည့် ဒုက္ခသည်များသည်လည်း ရှိလာကြရပြန်သည်။ အတိုချုပ်၍ပြောရလျှင် မိမိတို့ တိုင်းပြည်သည် အမျိုးမျိုးအစားစားသော ဒုက္ခသည်များမွေးဖွားရာ တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေခဲ့ရသည်မှာ ရာစုနှစ်တစ်ဝက်ပင်ကျော်ခဲ့ပြီ ဖြစ်သည်။ စီးပွားရေးကောင်းမွန်သည့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်များအဖြစ် တရားဝင် မှတ်ပုံတင်ပြုစုထားသည် မှာ လူဦးရေ တစ်သိန်းရှိသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင်ဒုက္ခသည် တစ်သိန်းခွဲ နှစ်သိန်းနီးပါးအထိရှိနေသည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။ ထိုင်းမြန်မာနယ်စပ် တစ်လျှောက် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်စခန်း ကိုးခုအထိ ရှိနေသည်။ လွန်ခဲ့သောနှစ်များစွာ မကြာခင်ကမူ တရုတ်ပြည်အတွင်းသို့လည်း မြန်မာဒုက္ခသည်များ သွားရောက်နေထိုင်ခဲ့ကြရ၏။ ဘင်္ဂလားဒေ့ခ်ျနှင့် အိနိ္ဒယနိုင်ငံများ တွင်လည်း မြန်မာဒုက္ခသည် အနည်းအကျဉ်း ရှိနေသည်။ အမှန်အားဖြင့်ဆိုလျှင် ယင်းဒုက္ခသည်ပြဿနာမှာ အမျိုးသားဂုဏ်သိက္ခာထိခိုက်စေသည့် ထင်သာမြင်သာလွန်း သည့် ပြဿနာဖြစ်သည်ဟု ဆိုရပါမည်။ ယင်းသို့ဖြစ်သည့်တိုင် မိမိတို့ နိုင်ငံအာဏာရအစိုးရ အဆက်ဆက်သည် မိမိတို့ နိုင်ငံသားများ သူတစ်ပါးတိုင်းပြည်တွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေထိုင်ရသည်ကို အသိအမှတ်ပြုခြင်းနှင့် ၀န်ခံခြင်း အလျဉ်းမရှိခဲ့ပါ။ မိမိတို့ နိုင်ငံသားများအဖြစ်ပင်လျှင် ယူဆဟန် မတူခဲ့ပါ။ ထို့ကြောင့်ဒုက္ခသည် ပြဿနာကို တရားနည်းလမ်းကျကျလည်း မဆောင်ရွက်နိုင်ခဲ့ပါ။ ဤသို့ဆိုလျှင် ယင်းဒုက္ခသည်ပြဿနာကို မည်သည့်နည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါမည်နည်း။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ဒုက္ခသည်ပြဿနာမှာ လတ်တလောအားဖြင့် ဖြေရှင်းရမလွယ်ကူသည့် ပြဿနာဖြစ်သည်ဟူ၍သာ ဖြေရမည် ဖြစ်သည်။ လတ်တလောအချိန်၌ ဒုက္ခသည်ပြဿနာ မှာ အပြီးအပြတ်နှင့် နည်းမှန် လမ်းမှန်ဖြေရှင်းလို့ ရနိုင်ဦးမည်လည်း မဟုတ်ပါ။ ဒုက္ခသည်ဆိုသည်မှာ တိုင်းပြည်၏ အားနည်းသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်မူတည်ပြီး ပြည်တွင်းစစ် ကြောင့် ပေါ်ပေါက်လာသောဆိုးကျိုးဖြစ်သည်။ ထို့ကြောင့် ထိုဆိုးကျိုးကိုပျောက်အောင် ကုစားဖို့ဆိုလျှင် ပြည်တွင်း စစ်ချုပ်ငြိမ်းမှသာ ဖြစ်နိုင်မည်။ မိမိတို့သည် ပြည်တွင်းစစ်ကို နိုင်ငံရေးအရအဆင့်အထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးသရွေ့ အိမ်နီးချင်းနိုင်ငံများတွင်ရှိနေသည့် မြန်မာဒုက္ခသည်များအရေး ပြီးပြတ်အောင် ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ဆိုသည်မှာ လွယ်ကူနိုင်စရာ အကြောင်းမရှိပါ။ ထို့ကြောင့် မိမိတို့သည် ပြည်တွင်းစစ်ကို နည်းမှန်လမ်းမှန်ဖြေရှင်းကြရမည်။ နိုင်ငံရေးအရ ဖြေရှင်းကြရမည်။ တော်တည့်မှန်ကန်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ယင်းကိစ္စများအောင်မြင်အောင် မဆောင်ရွက်နိုင်သေး သမျှ ကာလပတ်လုံး ဒုက္ခသည်ပြဿနာမှာ မိမိတို့အတွက် ဖြေရှင်းရခက်ခဲသော ပြဿနာဝန်ထုပ်ဝန်ပိုးအဖြစ် တည်ရှိနေဦးမှာသာဖြစ်ကြောင်း ယူဆရပါသည်။ မဇ္ဈိမ
0 comments