(ဖော်ပြပါဆောင်းပါးသည် ဆောင်းပါးရှင် အာဘော်သာ ဖြစ်ပါသည်)
ဗမာပြည်နယ် ဖွဲ့စည်းရေး (သို့မဟုတ်)
ငြိမ်းချမ်းရေးကြိုးဝိုင်းအတွင်းမှ ဒေါ်စုကို သံလက်သီးဖြင့် ကြိုဆိုခြင်း
-
အရှင်ပန်
(Facebook မှာ တင်ပြီးသား post တစ်ခုကို ပြန်လည် တည်းဖြတ်ထားတာပါ)
UNFC ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ရောက်လာတဲ့ ဒေါ်စုကို ဗမာပြည်နယ် ဖွဲ့စည်းရေးဆိုတဲ့ သံလက်သီးနဲ့ စတင် ထိုးနှက် နှုတ်ဆက်လိုက်ပါပြီ (ဒါကို အထူအပါး နားမလည်တဲ့ ဒီမိုလော်ဘီအချို့က ရမ်းသန်းထောက်ခံနေတာလဲ တွေ့ရရဲ့)။ ဒါဟာ ရေရှည် တည်တန့်ခိုင်မြဲတဲ့ ပြည်ထောင်စုကို တည်ထောင် လိုတဲ့ ဆန္ဒနဲ့ လုပ်တာမဟုတ်ဘဲ (၂၀၁၅) အတွက် ရေတိုရည်မှန်းချက်နဲ့ ကစား တဲ့ နိုင်ငံရေး ရွှေ့ကွက်လို့ ယူဆပါတယ်။ ဘာဖြစ်လို့ အဲဒီလို ထင်ရသလဲ ဆိုတော့...
၁။ တိုင်း (ရ)တိုင်းကို ပေါင်းပြီး ဗမာပြည်နယ် ဖွဲ့၊ စုစုပေါင်း (၈) ပြည်နယ် ကို ပြည်ထောင်စုဖွဲ့ဆိုတာ တကယ်ကျတော့ တိုင်းရင်းသားတွေ အတွက်ကို မကောင်းပါဘူး။ ဒါကို http://www.lankamsma.org/2013/07/blog-post_27.html မှာ အကျိုးအကြောင်း ရှင်းပြထားတဲ့ အတွက် ဒီမှာ အကျယ်မပြောတော့ ပါ။
၂။ ဗမာတွေဖက်က ကြည့်ရင် ဗမာပြည်နယ်ဖွဲ့ပါဆိုတာ ဘာနဲ့တူနေသလဲဆိုတော့ မိဘတွေ ဆုံးပါး သွားလို့ ကျန်ခဲ့တဲ့ လယ်ယာတွေကို သားသမီးတွေ အမွေခွဲကြတဲ့အခါ "အကိုကြီး ကတော့ ရွာထိပ်က စားကျက်မြေကို ယူပါ၊ အကျယ်ကြီးပဲ"လို့ ပေးတာနဲ့ တူနေတယ်။ လူအများ အသုံးပြုနေတဲ့ စားကျက်မြေ ကို ဘယ်လိုလုပ် ကိုယ်ပိုင်လုပ်လို့ ရမှာလဲ။
အခုလဲ ဒီအတိုင်းပဲ။ တိုင်း (ရ)တိုင်းဆိုတာ ဗမာအပါအ၀င် တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြ တဲ့ ဒေသတွေပါ။ ဟိုတစ်နေ့က ရခိုင်သား တစ်ယောက် ပြောတာက ရခိုင်လူမျိုး (၃) သန်းကျော် ရှိတဲ့အနက် (၁) သန်းလောက် ဟာ ပြည်မမှာ အခြေချ နေပြီလို့ ဆိုတယ်။ ဒါပေမယ့် ဗမာတွေ က ငြိုငြင်ရကောင်းမှန်း မသိပါ။ ပြည်မကို ဗမာတွေမှ ပိုင်ရမယ်လို့ သဘောမထားတဲ့အတွက် တိုင်းရင်း သား မှန်ရင် ဘယ်သူနေနေ ကိစ္စမရှိပါ။ ဒီလိုနယ်မြေတွေကို အခုကျမှ ဗမာပြည်နယ်လို့ ခေါ်ရင် နာမယ် သာ တွင်ချင်တွင်ပါမယ်၊ တကယ့် ဗမာပိုင် မဖြစ်နိုင်ပါ။
၃။ ပြည်မကို ဗမာပြည်နယ် လုပ်လိုက်ရင် ပြည်မထဲ သန်းနဲ့ချီပြီး အခြေချနေထိုင်နေတဲ့ တိုင်းရင်း သား ပေါင်းစုံဟာ သူများနယ်မြေမှာ ကပ်ရပ် မှီခိုနေရတဲ့ ဒုတိယတန်းစား နိုင်ငံသား (secondary citizen) တွေ ဖြစ်သွားမယ်၊ သူတို့ကလဲ လက်ခံနိုင်မှာ မဟုတ်ပါ။
၎။ စစ်တပ်က လုံးဝလက်ခံမှာ မဟုတ်ပါ၊ (၈) ပြည်ထောင်မူအရ ပြည်နယ်အသီးသီးမှာ ရှိနေကြမယ့် လူနည်းစုတွေရဲ့ အခွင့်အရေးကို ဘယ်လို ဖြေရှင်းမယ်ဆိုတာ မပါလို့ ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်နဲ့ကိုယ် ကြည့်ကျက်လုပ်မယ် ဆိုတာမျိုးကိုလဲ လက်ခံနိုင်မှာ မဟုတ်ပါ။ အခုကို မညီညွတ်ကြလို့ ဖြစ်ပါတယ်။ UNFC ရယ်လို့ တိုင်းရင်းသားအဖွဲ့တွေ ဖွဲ့ထားပေမယ့် ၀, လို အင်အားကြီးတဲ့အဖွဲ့ မပါဝင်ပါ။ (၈) ပြည်ထောင် လုပ်လိုက်ရင် ၀,နဲ့ ရှမ်းတိုက်ကြရမှာ သေချာသလောက် ဖြစ်ပါတယ်။
အဲဒီလို လက်တွေ့ မဖြစ်နိုင်တာကို မသိရလောက်အောင် UNFC က တိုင်းရင်းသား ခေါင်းဆောင်တွေ မ,အဘူးလို့ ယူဆပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ ဒီမူကိုတင်လာရသလဲ။ ကျွန်တော့ အထင်ကတော့ ရေတို နိုင်ငံရေးအကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ ဘာလို့ အဲဒီလိုထင်ရ သလဲဆိုတော့...
၁။ ဒေါ်စုလို ကမ္ဘာကျော် ပုဂ္ဂိုလ် ပါလာခဲ့ရင် MPC အများကြီးသိက္ခာ တက်သွား မှာ ဖြစ်ပါတယ်။ အရင်တုံးက ပြဿနာ တစ်ခုခုဖြစ်လို့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ အပြန်အလှန် အပြစ်တင်ကြရင် သူသူကိုယ်ကိုယ် တိုင်းရင်းသားတွေစကားကိုပဲ ယုံကြတာပါ၊ အားနည်းသူ (underdog) ဘက်လိုက်ချင်တဲ့ လူ့သဘာဝကြောင့် ဖြစ်ပါတယ်။ ဒေါ်စုပါလာရင်တော့ သူ့အရှိန်အ၀ါနဲ့ ယှဉ်ရတော့မှာ ဖြစ်လို့ တိုင်းရင်း သားတွေ ဖက်က ပြည်တွင်းရော၊ နိုင်ငံတကာ မျက်နှာစာမှာပါ public relations ကိစ္စမှာ တပန်းရှုံး သွားနိုင်ပါတယ်။
၂။ (၂၀၁၅) ရွေးကောက်ပွဲသာ မျှမျှတတ ဖြစ်ခဲ့ရင် ပြည်မမှာတော့ NLD က နိုင်မှာပါပဲ။ ပြည်နယ်တွေ ကျတော့ နယ်မြေခံ တိုင်းရင်းသား ပါတီတွေနဲ့ ယှဉ်ရမှာပါ။ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ နယ်မြေခံ ပါတီမို့လို့ နိုင်ရမယ်လို့တော့ မပြောနိုင်ပါ။ ဘာလို့လဲ ဆိုတော့ ဒေါ်စု အပေါ် မျှော်လင့်ချက် ထားသူ တွေဟာ ဗမာတွေသာ မဟုတ်၊ နှစ်ရှည်လများ စစ်ဘေးစစ်ဒဏ် ခံလာရတဲ့၊ ပြည်တွင်း စစ်ကို ငြီးငွေ့ နေပြီဖြစ်တဲ့ တိုင်းရင်းသားတွေလဲ အများကြီး ရှိပါတယ်။ အဲဒီတော့ ပြည်နယ်တွေမှာ NLD ကသာ ကိုယ်စားလှယ်နေရာ အများစု နိုင်သွားခဲ့ရင် ဒီပါတီကြီးဟာ ဒီမိုကရေစီအရေးသာမဟုတ်၊ တိုင်းရင်း သား အရေး၊ ပြည်ထောင်စု အရေးတို့မှာပါ တာဝန်ယူ ပြောဆိုဆောင်ရွက်နိုင်တဲ့ အခြေအနေကိုရောက်ပြီး တိုင်းရင်းသားပါတီတွေက ဘေးရောက်သွားမှာပါ။
အဲ...တိုင်းရင်းသားပါတီတွေအတွက်သက်သက် ဆိုရင်တော့ ရွေးကောက်ပွဲတစ်ခါရှုံးရုံနဲ့ ဘာမှမဖြစ်ပါ ဘူး။ နိုင်ငံရေးလောကဓံ သဘောအရ NLD လုပ်တာ၊ ကိုင်တာ ချို့ယွင်းခဲ့ရင် နောက်ရွေးကောက်ပွဲ မှာ ပြန်နိုင်နိုင်ပါတယ်။
တကယ် အကြပ်အတည်း တွေ့မှာက လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဖြစ်ပါတယ်။ (၂၀၁၅) မှာ ပြည်နယ်၊ ပြည်မ နေရာအားလုံး ရွေးကောက်ပွဲ ဖြစ်မြောက် ခဲ့လို့ ရှိရင်၊ အဲဒီ ရွေးကောက်ပွဲကနေ နယ်မြေ အလိုက် ပြည်သူ့ ကိုယ်စားလှယ် တွေ ပေါ်ထွက်လာလို့ရှိရင် ဥပဒေပြင်ပမှာ ရှိနေသေးတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ အနေနဲ့ နိုင်ငံရေးအရ ဆက်စပ်ပတ်သက်မှု (political relevance) ကို ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အကျိုးစီးပွားအတွက် လက်နက် ကိုင်နေတယ်ဆိုပေမယ့် တိုင်းရင်းသား ဆိုတဲ့သူတွေကိုယ်တိုင် မဲပေးပြီး တင်ထားတာက လက်နက်ကိုင်တွေ မဟုတ်ဘဲ လက်နက် မကိုင်တဲ့ မြေပေါ်နိုင်ငံရေးပါတီတစ်ခုခုသာ ဖြစ်မှာကိုး။
အဲဒီလိုမဆုံးရှုံးချင်ဘူးဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအရ သူတို့ ပြောချင်တာ၊ သူတို့ဖြစ်ချင်တာတွေကို ဥပဒေဘောင်တွင်းမှာ တရားဝင်ပြောပေး၊ လုပ်ပေးဖို့ အားကိုးရှာရပါတော့မယ်။ သူတို့ အားကိုးရဲတာကလဲ နယ်မြေခံ တိုင်းရင်းသား ပါတီတွေသာ ဖြစ်ပါတယ်၊ NLD မဟုတ်ပါ။ အဲဒီတော့ ပြည်နယ်တွင်း ရွေးကောက်ပွဲတွေမှာ နယ်ခံ တိုင်းရင်းသားပါတီတွေ နိုင်ဖို့က လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် အလွန် အရေးကြီးလာပါတယ်။
အဲဒီလို နိုင်ဖို့အတွက် ဒေါ်စုနဲ့ NLD ရဲ့ ပုံရိပ်ကို တိုက်ဖျက်ရတော့မှာ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိပါရက်နဲ့ ဗမာပြည်နယ် ဖွဲ့စည်းရေးမူကို တင်လာတာ ဖြစ်တယ် လို့ ယူဆပါတယ်။ ဒီမူကို ဒေါ်စုက လက်မခံခဲ့ဘူးဆိုရင် ဒေါ်စုနဲ့ NLD ဟာ ဗမာတွေအကျိုးသာ ကြည့်တယ်၊ တိုင်းရင်းသားတွေရဲ့ အကျိုးကို မငဲ့ဘူးလို့ မောင်းထုကြေညာပြီး တိုင်းရင်းသားပါတီတွေက (၂၀၁၅)မှာ မဲရအောင် စည်းရုံးကြမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စမှာ ရခိုင်ပြည်နယ်အတွင်း NLD ကို ထောက်ခံမှု လျော့ခဲ့တာကို ကြည့်ရင် ဒီနည်းဗျူဟာ အလုပ်ဖြစ်နိုင်ပါတယ်၊ တိုင်းရင်းသား ပါတီတွေလဲ အကျိုးရှိ၊ လက်နက်ကိုင် အဖွဲ့တွေလဲ အကျိုးရှိမယ့် ကိစ္စပါ။
တိုင်းရင်းသားတွေဖက်က ရွှေ့ကွက်ကတော့ လှပါတယ်၊ ဒေါ်စုဖက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အတော်စိတ်ဝင်စားမိကြောင်းပါဗျာ။
(မှတ်ချက်။ ။ စစ်အစိုးရလက်ထက် အနှစ် (၂၀)ကျော်အတွင်းမှာ တောတွင်းအဖွဲ့တွေနဲ့ အဆက်အသွယ် ရှိသူ နိုင်ငံရေးသမား အတိုက်အခံမှန်သမျှကို ဖမ်းဆီးထောင်ချခဲ့ပါတယ်၊ အဲဒီလို လုပ်တာဟာ သူတို့ ဥပဒေအရ ဘယ်လိုရှိရှိ၊ နိုင်ငံရေးသဘောအရ အင်မတန် မိုက်မဲရာ ရောက်ပါတယ်။ နောင်မှ အကျယ်ရေးပါ ဦးမယ်)
ရေးသားတင်ပြသူ ဆောင်းပါးရှင် အရှင်ပန်
0 comments