Related Posts Plugin for WordPress, Blogger...
                                   အရှက်နှင့် အကြောက်
          ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။
                                                                             ဒေါ်ယဉ်ကျေး (ပုဂံမြို့ဟောင်း)
          ဒေ၀ဓမ္မဇာတ်ဟူသော ဇာတ်တော်တစ်ခု ရှိပါသည်။ ထိုဇာတ်တော်ကို ဟောတော်မူရခြင်း၏ အကြောင်းအတ္ထုပ္ပတ်ကား ဤသို့ ဖြစ်၏။
          ဘုရားရှင် လက်ထက်တော်က သာဝတ္ထိမြို့သား သူဌေးတစ်ယောက်သည် ဇနီးဖြစ်သူ ကွယ်လွန်သောအခါ ရဟန်းပြုလေ၏။ ငွေကြေးပြည့်စုံသောကြောင့် ကိုယ့်ကျောင်းကိုယ်ကန် ကိုယ်စီမံ၍ စားနပ်ရိက္ခာ အပြည့်အစုံသိုလှောင်ကာ ကျေးကျွန်များကို မိမိစိတ်တိုင်းကျ ချက်ပြုတ်ခိုင်းပြီး သုံးဆောင်၏။ များသော အသုံးအဆောင် ရှိ၏။ သင်္ကန်းကိုပင် နေ့ဝတ်ဖို့ ည၀တ်ဖို့ ခွဲခြားထား၏။ သူ့ကို ဘုရားရှင်က ဆုံးမတော်မူသောအခါ စိတ်ဆိုးပြီး “သို့ဖြစ်လျှင် ဤသို့ပင် နေတော့မည်”ဟုဆိုကာ ပရိသတ်အလယ်တွင် အပေါ်ရုံ ဧကသီကို ချွတ်၍ ရပ်ပြလေ၏။ မြတ်စွာဘုရားက “ရဟန်း၊ သင်သည် ရှေးအခါ ရေကန်စောင့်ဘီလူး ဖြစ်စဉ်က ဟိရီသြတ္တပ္ပ အရှက်အကြောက်တရားကို တစ်ဆယ့်နှစ်နှစ်တိုင် ရှာဖွေခဲ့၏။ ယခု ရဟန်းဖြစ်ကာမှ အဘယ့်ကြောင့် ဟိရီသြတ္တပ္ပ ကင်းမဲ့ရဘိသနည်း”ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေ၏။
          ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင် မဟိံသနှင့် စန္ဒကုမာရဟူသော သားတော်နှစ်ပါး ထွန်းကား၏။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် မင်းကြီးသည် အခြားမိန်းမ တစ်ယောက်ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လေ၏။ ထိုမိဖုရားခေါင်ကြီးမှ သူရိယဟူသော သားတော်တစ်ပါး မွေးဖွားလေရာ ထိုမင်းသားအရွယ်ရောက်လေလျှင် ထီးနန်းလွှဲအပ်ပေးဖို့ တောင်းဆိုလေသည်။ မင်းကြီးက ငါ့တွင် သားတော်နှစ်ပါး ရှိသေးသည်ဟုဆိုကာ ငြင်းဆိုသော်လည်း အထပ်ထပ် တောင်းဆိုလေ၏။
          သားတော်နှစ်ပါးအတွက် စိုးရိမ်လာသော မင်းကြီးသည် သားတော်နှစ်ပါးကို ခေါ်ကာ ယခုအချိန်တွင် တောထဲ၌ သွားနေကာ သူနတ်ရွာစံမှ ပြန်လာ၍ မင်းပြုကြဟု မှာကြားလေ၏။ နောင်တော်နှစ်ပါး သွားရာသို့ သူရိယမင်းသားလည်း လိုက်ပါလာ၏။
သူတို့သည် ဟိမ၀န္တာသို့ ရောက်ရှိလာခဲ့ကြပြီးနောက်        ခရီးပန်းလာခဲ့ကြ၍ သစ်ပင်ရင်းတွင် နားနေကြပြီး မဟိံသမင်းသားက သူရိယမင်းသားကို ရေရှာခိုင်းလိုက်သည်။ သူရိယမင်းသားသည် ရေကန်တစ်ခုအတွင်းသို့ ရေခပ်ရန်ဆင်းလိုက်ရာ ရေကန်စောင့် ဘီလူးတစ်ကောင်သည် သူ့ကို ဖမ်းယူကာ “သင်သည် ဒေ၀ဓမ္မကို သိသလော”ဟု မေးလေ၏။ “သိပါသည်၊ နေနှင့် လတို့သည် ဒေ၀ဓမ္မများ ဖြစ်ကြသည်”ဟု ပြောရာ ဘီလူးက “သင်သည် ဒေ၀ဓမ္မကို မသိ”ဟုဆိုပြီး ရေအောက်သို့ ယူသွားကာ သူ့နေရာတွင် ထားလိုက်လေသည်။
          သူရိယမင်းသား ပြန်မလာ၍ စန္ဒကုမာရမင်းသားကို ထပ်၍လွှတ်ပြန်ရာ သူလည်း ရေကန်စောင့် ဘီလူး၏ ဖမ်းယူခြင်းခံရပြန်၏။ သူ့ကိုလည်း ဒေ၀ဓမ္မကို မေးပြန်ရာ “အရပ်လေးမျက်နှာ”ဟု ဖြေမိသဖြင့် ရေအောက်သို့ ခေါ်သွားခံရပြန်၏။
           ညီတော်များ ပြန်မလာသဖြင့် မဟိံသကိုယ်တိုင် လိုက်သွားရာ ရေစပ်ရွှံ့ညွန်ပေါ်တွင် ညီတော်နှစ်ပါး၏ ဆင်းသက်သော ခြေရာများကိုသာ တွေ့ရပြီး တက်သောခြေရာကို မတွေ့ရသောကြောင့် ဤရေကန်သည် ဘီးလူးစောင့်သော ရေကန်ဖြစ်ရမည်ဟု စဉ်းစားမိပြီး ရေကန်တွင်းသို့ မဆင်းပေ။ ဘီလူးက မုဆိုးအသွင်ဖြင့် ရောက်လာပြီး ရေကန်တွင်းသို့ ဆင်းရန် တိုက်တွန်းလေသည်။ မင်းသားက ရေကန်စောင့်ဘီးလူးမှန်း သိရှိပြီး “သူ့ညီငယ်များကို သင် ဖမ်းထားသည်မဟုတ်လော”ဟု မေးရာ ဟုတ်မှန်ကြောင်း ၀န်ခံ၏။
          မဟိံသက ဖမ်းရသည့်အကြောင်းရင်းကို မေးရာ “ဝေဿ၀ဏ်နတ်မင်းကြီးသည် ဤရေကန်ထဲသို့ ဆင်းသူများအား စားခွင့်ပေးထားပါသည်။ ဒေ၀ဓမ္မကို သိသူများကိုကား စားခွင့်မရှိပါ”ဟု ဘီလူးက ပြောလေသည်။ ဟိရီ နှင့် သြတ္တပ္ပ တရားနှစ်ပါးကို ဒေ၀ဓမ္မဟု ခေါ်ကြောင်း မဟိံသက ပြောဟောရာ “သင်သည် ဒေ၀ဓမ္မကို အမှန်ပင် သိရှိသူဖြစ်၏။ သင်၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကို ယူပါလော့”ဟု ဆိုလေသည်။ မဟိံသက “ညီငယ် သူရိယမင်းသားကို ပေးပါ”ဟု ပြောရာ “သင်သည် အကြီးကို ကျော်လွန်၍ အငယ်ကို တောင်းချေသည်၊ ဒေ၀ဓမ္မကို သိသော်လည်း မကျင့်ချေတကား”ဟု ဆိုလေသည်။
မဟိံသမင်းသားက “ကျွန်ုပ်တို့ ဤတောသို့ လာခဲ့ကြရသည်မှာ ဤညီထွေးကြောင့်ပင် ဖြစ်၏ဟု ရှင်းပြကာ ကျွန်ုပ်တို့ပြန်သွားသောအခါ ညီထွေးကို တောထဲ၌ ဘီးလူးတစ်ကောင် စားသွား၏ဟု ပြောသော်လည်း မည်သူမျှ ယုံကြလိမ့်မည်မဟုတ်၊ ထီးနန်းလိုချင်၍ သတ်ပစ်သည်ဟုသာ ထင်ကြလိမ့်မည်၊ လူတို့ကဲ့ရဲ့ခံရမည်မှ ကြောက်သောကြောင့် ညီထွေးကို တောင်းခြင်းဖြစ်ပါသည်ဟု ပြောလေသည်။ ထိုအခါမှ ဘီလူးက သာဓုခေါ်ကာ “သင်မင်းသားသည် ဒေ၀ဓမ္မကို သိလည်းသိသူ၊ ကျင့်လည်း ကျင့်သူဖြစ်ပါ၏”ဟု မင်းသားနှစ်ပါးလုံးကို လွှတ်ပေးလေသည်။
အထက်ပါဇာတ်ဝတ္ထုတွင် ပစ္စုပ္ပန်ဝတ္ထုအရ သူဌေးကိုယ်တော်ကြီး၏ ပရိသတ်အလယ်တွင် အပေါ်ရုံ သင်္ကန်းကို ချွတ်ပစ်သည့်လုပ်ရပ်အား ဘုရားရှင်က ဟိရီသြတ္တပ္ပကင်းမဲ့သည့်လုပ်ရပ်ဟု ကဲ့ရဲ့တော်မူ၏။ အတိတ်ဝတ္ထုတွင် ဇေဋ္ဌာပစာယနကမ္မ = အကြီးကိုအလေးအမြတ်ပြု ဦးစားပေးရမည့် အစဉ်အလာကို ချိုးဖောက်ကာ ညီထွေးအား အလွှတ်ခိုင်းသည့် လုပ်ရပ်အား ဒေ၀ဓမ္မနှင့် မညီသည့်လုပ်ရပ်ဟု ဘီလူးက ကဲ့ရဲ့လေသည်။
          ထို့ကြောင့် “(အဟိရိက-အနောတ္တပ္ပ = ဟိရီသြတ္တပ္ပ မရှိ”ဟူရာ၌ “လုံခြုံအောင် ဖုံးကွယ်ရမည့် အင်္ဂါကြီးငယ်တို့ကို မဖုံးကွယ်ခြင်း သက်သက်ကိုသာ အဟိရိက အနောတ္တပ္ပဟု ခေါ်သည်” ဆိုလျှင် မမှန်သကဲ့သို့ “၀တ်စားဆင်ယင်မှုသည် ဟိရီသြတ္တပ္ပတရားနှင့် မဆိုင်”ဟု ဆိုလျှင်လည်း မှားပါသည်။
          မိမိ၏ ၀တ်စားဆင်ယင်မှုက မိမိကိုရော သူတစ်ပါးကိုပါ ရာဂတရား တိုးပွားစေမည်ဆိုလျှင် သို့မဟုတ် လူကြီးမိဘများကို မလေးစားရာ ရောက်နေမည်ဆိုလျှင် ထိုသို့သိပါလျက် မိမိနှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ၀တ်စားဆင်ယင်သူကို ဟိရိသြတ္တပ္ပ ကင်းမဲ့သူဟု မဆိုထိုက်ပေဘူးလား။
လောဘ,ဒေါသစသည် တိုးပွားစေသော မကောင်းမှုမှန်သမျှကို ပြုလုပ်ရမည်မှ ရှက်ရွံ့ကြောက်လန့် မနေဘဲ ပြုလုပ်ရဲရာ၌ အဟိရိက အနောတ္တပ္ပသဘော ပါဝင်ပါသည်။ တနည်းအားဖြင့် မကောင်းမှု ပြုလုပ်မိခြင်းမှန်သမျှ ဟိရီသြတ္တပ္ပ ကင်းမဲ့သွား၍ ဖြစ်ပါသည်။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံတတ်ပါ။  ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့တတ်ပါ။ (မဟာဋီ၊၂၊၁၄၉။)
အမျိုးသမီးများ မလုံမခြုံဝတ်ဆင်ကြရာ၌ အချို့က Exhibitionism ဟူသော ဖုံးကွယ်အပ်သည့် အရာတို့ကို တမင်တကာ လှစ်ပြချင်သည့် စိတ်ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိမိ၏ လှပမှုကို ပြချင်သည့်စိတ်၊ ထင်ပေါ်ချင်သည့် စိတ်များဖြင့် မလုံမခြုံဝတ်ဆင်ကြရာ၌ကား အလွန်အကျွံ မဖြစ်သင့်ပါ။ “ဣတ္ထီနဉ္စ ဓနံ ရူပံ = မိန်းမတို့၏ ဥစ္စာသည် အဆင်းတည်း”ဟူသော နီတိဆရာတို့၏ စကားကား တစ်စိတ်တစ်ပိုင်း မှန်သော်လည်း နာတတ်လျှင် နာဖို့ကောင်းပါသည်။ မိန်းမများသည် အဆင်းလှမှသာ ဥစ္စာရှာနိုင် ရနိုင်သည်၊ အခြားအရည်အချင်းဖြင့် ဥစ္စာမရှာနိုင်ဟု အဓိပ္ပါယ်ရောက်နေ၏။ ထို့ကြောင့် အလှကို ပြဖို့ထက် အရည်အချင်းကို ပြနိုင်အောင် ကြိုးစားသည့်ပါသည်။
ဟိရီ သြတ္တပ္ပအကြောင်း ဆက်ရလျှင် ပုထုဇဉ်တို့၏ သန္တာန်၌ ဟိရီ သြတ္တပ္ပတရား နည်းပါးလေ မကောင်းမှုပြုမိလေ၊ မကောင်းမှု ပြုသူများလေ လောကကြီးပျက်စီးဖို့ အကြောင်းများလေ ဖြစ်ရကား ဟိရီ သြတ္တပ္ပဟူသော လောကပါလ တရားများ တိုးပွားအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို အမြွက်မျှ ဖော်ပြလိုပါသည်။
          ဟိရီဖြစ်ရန် မိမိကိုယ်ကို အလေးအမြတ်ပြု၍ စဉ်းစားရ၏။ သြတ္တပ္ပဖြစ်ရန် သူတစ်ပါးကို အလေးအမြတ် ပြု၍ စဉ်းစားရ၏။
          ဟိရီဖြစ်ရန် မိမိကိုယ်ကို မဏ္ဍိုင်ပြု၍ “မိမိ၏ ၁။ အမျိုးဇာတ် ၂။ အသက်အရွယ် ၃။ ရဲရင့်သည်၏အဖြစ် ၄။ ဗဟုသုတရှိသည်၏အဖြစ်တို့ကို ဆင်ခြင်၍ ဟိရီကို မွေးမြူရ၏။
          (၁) မျိုးရိုးညံ့ဖြင်းသူတို့သာ ဤကဲ့သို့သော မကောင်းမှုများကို ပြုလုပ်ကြသည်၊ ငါတို့မျိုးရိုးတွင် ဤကဲ့သို့ ပြုလုပ်သူမရှိ၊ မျိုးရိုးမြင့်မြတ်သူတို့သည် ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်ကောင်း၊
          (၂) ဤသို့သော မကောင်းမှုများကို အသိဉာဏ်မရင့်ကျက်သေးသော ငယ်ရွယ်သူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အရွယ်ရောက်ပြီးသူအဖို့ ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
          (၃) ဤသို့သော မကောင်းမှုများကို ခွန်အားနည်းသူတို့သာ ပြုလုပ်ကြ၏။ ငါကဲ့သို့ ရဲရင်တည်ကြည်သူ အဖို့ ဤကဲ့သို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
          (၄) ဤသို့သော မကောင်းမှုများကို အသိဉာဏ် ဗဟုသုတမရှိသူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အသိဉာဏ် ဗဟုသုတရှိသူအတွက် ဤကဲ့သို့ မပြုလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း ဟိရီကို မွေးမြူရ၏။
          သြတ္တပ္ပဖြစ်ရန် လောကကို ဗဟိုပြု၍ “ငါသည် ဤကဲ့သို့သော မကောင်းမှုကို ပြုလိုက်လျှင် လူအများက ကဲ့ရဲ့ကြလိမ့်မည်ဟုလည်းကောင်း၊ ငါ့ကိုအကြောင်းပြု၍ ငါ့မိဘ ငါ့ဆရာသမား ငါ့ဆွေမျိုး ငါ့အပေါင်းအသင်းများလည်း အကဲ့ရဲ့ခံရလိမ့်မည်ဟုလည်းကောင်း ဆင်ခြင်၍ သြတ္တပ္ပကို မွေးမြူရ၏။
          ငါ ဤမကောင်းမှုကို ပြုလိုက်လျှင် “မလုပ်သင့်သည်ကို လုပ်မိလေခြင်း”ဟု မိမိကိုယ်ကို အပြစ်တင် ဝေဖန်မိခြင်း-ဟူသော အတ္တာနုဝါဒဘေး၊ သိသူမြင်သူများက ကဲ့ရဲ့ပြစ်တင် ဝေဖန်ကြခြင်းဟူသော ပရာနုဝါဒဘေး၊ ပြစ်မှုမြောက်လျှင် အရေးယူခံရခြင်းဟူသော ဒဏ္ဍဘေး၊ သေပြီးနောက် အပါယ်သို့ လားရောက်ရခြင်းဟူသော ဒုဂ္ဂိဘေးများ တွေ့ကြုံရနိုင်၏ဟု ဆင်ခြင်၍လည်း သြတ္တပ္ပကို မွေးမြူနိုင်သည်။
          နိဂုံးချုပ်ပါတော့မည်။ “အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ သြတ္တပ္ပ မဟုတ်၊ မာယာသဘောသာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။
ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ၊ ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက်သော အမူအရာတို့ကား ဟိရီ သြတ္တပ္ပ အစစ်သာ ဖြစ်သည်။” (နိဗ္ဗာနဂါမိနိပဋိပဒါ- စတုတ္ထတွဲ)ဟူသော အဆုံးအဖြတ်ကို မှတ်သားကာ…
          မစင်ပေနေသော သံလုံး နှင့် ရဲနေအောင် မီးဖုတ်ထားသော သံလုံးဟု သံလုံးနှစ်လုံးရှိရာ အသိဉာဏ်ရှိသူသည် မစင်ပေနေသော သံလုံးကို စက်ဆုပ်ရွံရှာသောကြောင့် မကိုင်သကဲ့သို့ မိမိသန္တာန်၌ မကောင်းမှုကို ရှက်ရွံ့စက်ဆုပ်ခြင်း ဟိရီဖြစ်အောင်၊ မီးဖုတ်ထားသော သံလုံးကို ပူမှာကြောက်သောကြောင့် မကိုင်သကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သော သြတ္တပ္ပဖြစ်အောင် ကြိုးစားကာ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေ။
                                                                                      အရှင်ကောဝိဒ (ယော)
Posted by Arakan Man on 9/06/2013
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း
ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား
တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား
သန်းခေါင်စာရင်း စစ်ကြသူများ
အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း
အမျိုးသားဥပေးမူကြမ်း
ရခိုင်ပြည်ကို မလာပါနဲ့
Sensitive Area မောင်တော
ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ
ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား
သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄
သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း
လုပ်စားနေသော သတင်း ဌာနများ
သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား
Labels
Arakan Express Daily
Arakan Express Daily
Popular Posts
ရောက်တတ်ရာရာနေရာများ