
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ
လာမည့် ၅ နှစ်အတွင်း ၀န်ထမ်းဦးရေ၏ ၉၉ ရာခိုင်နှုန်းအား မြန်မာနိုင်ငံသား
ဝန်ထမ်းများ ခန့်အပ် သွားမည်ဖြစ်ကြောင်း အော်ရီဒူး (Ooredoo) ကုမ္ပဏီမှ
လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ဇွန်လ ၁၀ ရက်နေ့တွင်
မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်ရှိ အော်ရီဒူးကုမ္ပဏီတွင် မြန်မာဝန်ထမ်းဦးရေ အယောက် ၇၀၀ ကျော်ရှိပြီး
ဝန်ထမ်းအားလုံး၏ ၇၆ ရာခိုင်နှုန်း ဖြစ်ကာ ကျန် ၂၄ ရာခိုင်နှုန်းမှာ
ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ၀န်ထမ်းများ ဖြစ်သည်။
““၀န်ထမ်းခန့်ထားရေးနဲ့ သင်ကြားရေးမှာ အကြီးအကျယ် ရင်းနှီး
မြှုပ်နှံထားပါတယ်။ သုံးစွဲသူ ပရိသတ်တွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှုတွေ
ပေးနိုင်အောင် အင်မတန် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တဲ့ ၀န်ထမ်း
အများကြီး ရှိနေပါပြီ။ ငါးနှစ်အတွင်းမှာ မြန်မာဝန်ထမ်း ဦးရေ ၉၉
ရာခိုင်နှုန်းခန့် ထားသွားပါမယ်””ဟု ဒေါ်သီရိကြာညိုက မြန်မာသံတော်ဆင့်သို့
ပြောသည်။
အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ကာတာနိုင်ငံ အခြေစိုက်ဖြစ်ပြီး ပိုင်ရှင်မှာ
ဘာသာခြားဖြစ် သောကြောင့်ဟု ဆိုကာ အော်ရီဒူးမှ ထွက်သော ကုန်ပစ္စည်းများ
ဝယ်ယူ မသုံးရန်နှင့် အော်ရီဒူးကုမ္ပဏီ၌ အလုပ်မလုပ်ရန် အသိပညာပေး
ဟောပြောပွဲအား ဇွန်လ ၇ ရက်နေ့က မကွေးပရိယတ္တိ စာသင်တိုက်၌ ဆရာတော်
ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့သေးသည်။
““ကာတာနိုင်ငံက OIC ပါတဲ့ ၅၇ နိုင်ငံထဲမှာ ပါနေတယ်။ OIC ကို ၀င်လို့မရလို့
အော်ရီဒူး (Ooredoo) ကနေ မြန်မာပြည်ကို ၀င်ရောက်လာတာ။ ဆက်သွယ်ရေး
လမ်းကြောင်းဆိုတာ တိုင်းပြည်ရဲ့ ပဓာနကျတဲ့ နေရာကို
ဝင်ယူလိုက်တယ်””ဟုဆရာတော် ဦးပါမောက္ခက မြန်မာသံတော်ဆင့်သို့
မိန့်ကြားခဲ့သည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် ၁၉၆၉ ခုနှစ်၌ အစ္စလာမ်မစ်
ခေါင်းဆောင်များက ထိပ်သီး ကွန်ဖရင့် ပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး
အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ ၅၆ နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်
နိုင်ငံများဖြစ်သည်။ OIC ရုံးခန်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်ရန်
စီစဉ်ခဲ့မှုများရှိပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့၍ ရုပ်သိမ်းခဲ့ရသည်။
ယင်းကဲ့သို့ အော်ရီဒူး ထုတ်ကုန်များ မသုံးစွဲရန် ပြောဆိုနေမှုများနှင့်
ပတ်သက်၍ ““တကယ်တော့ ကျွန်မတို့က နိုင်ငံတကာ တယ်လီကွန် ဆက်သွယ်ရေး
ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲသူ ပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး
မိုဘိုင်းပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ပေးဖို့ပဲ အာရုံစိုက်နေပါတယ်။
ဒီတော့ ကျွန်မတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မိဘပြည်သူတွေဆီ ပျံ့နှံ့ပြီး
ပြည်သူလူထုအတွက် ကောင်းကျိုး ဆောင်ရွက် တာတွေ တွေ့တဲ့ အခါမှာရှိနေတဲ့
သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်””ဟု ဒေါ်သီရိ ကြာညိုက
ထွက်ပေါ်နေသော အော်ရီဒူးအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။
အဆိုပါကဲ့သို့ ဘာသာရေးအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင်
ရောယှက်ခြင်းအား နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် စီးပွားရေး
အသိုင်းအ၀ိုင်းမှ လည်း ဝေဖန် လျက်ရှိသည်။
““အန်တီက မြင်တာကတော့ စီးပွားရေး ကိစ္စတွေမှာ၊ နိုင်ငံရေး ကိစ္စတွေမှာ
ဘာသာရေးတွေ ပါလာတာကို ဒီလို အချိန်မျိုးမှာ မဖြစ်စေချင်ဘူး””ဟု
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က
သုံးသပ်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေးအပေါ်၌ ဘာသာရေး
လွှမ်းမိုးမှုများပါက တိုင်းပြည်အတွက် အန္တရာယ်ရှိပြီး တိုးတက်မည်
မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ
မောင်မောင်စိုးကလည်း ““Business က Business ပဲလေ။ ဘာသာရေးဆိုတာ Power ရယ်
အာဏာရယ်ပဲ မူတည်တယ်။ Business ကို Business လို့ပဲမြင်စမ်းပါ။
တိုင်းပြည်မှာ မရှုပ်စမ်းပါနဲ့။ နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး လွှမ်းမိုးတာ
သိပ်များရင် အဲဒီနိုင်ငံ ဘယ်တော့မှ မတိုးတက်ဘူးဗျ””ဟု မြန်မာသံတော်ဆင့်သို့
ပြောသည်။
အော်ရီဒူး (Ooredoo) ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊
အိုမန်နိုင်ငံ၊ အယ်လ်ဂျီးရီးယား နိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အီရတ်နိုင်ငံ၊
ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ
စသည်တို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၂
ခုနှစ်တွင် ၀င်ငွေ အမေရိကန်ဒေါ်လာ ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ရှိခဲ့ကာ၂၀၁၂
ဒီဇင်ဘာအထိ သုံးစွဲသူ ၉၂ ဒသမ ၉ သန်းရှိသည်။
မြန်မာသံတော်ဆင့်

0 comments