Related Posts Plugin for WordPress, Blogger...

အခုရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဝင် ပြည်
သူတွေအကြားမှာရော၊ ရဟန်းသံဃာနဲ့
 နိုင်ငံရေး အသိုင်းအ၀ိုင်းအကြားမှာပါ
အလွန်ဂယက်ရိုက်ခတ်သွားတဲ့ ပြဿနာ တစ်ခု
က မဟာသန္တိသုခကျောင်းတိုက်က


ပီနန်ဆရာတော်ဘုရားကြီးရဲ့တပည့် အင်္ဂလန်ဆရာတော် ဦးဥတ္တမအပါအ၀င် သံဃာငါးပါးကို ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က အတင်းအကျပ် လူဝတ်လဲစေပြီး၊ တရားစွဲဆို အင်းစိန်ထောင်ပို့လိုက်တဲ့ ကိစ္စပါ။

 ဒါဟာ ပီနန်ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ တာမွေနတ်ချောင်းက မဟာသန္တိသုခကျောင်းတော်ကြီးကို ဆရာတော်ကြီး ဂျပန်ပြည်ကြွနေခိုက် သာသနာရေးဝန်ကြီးဌာနက ပုဂ်္ဂိုလ်တွေ၊ ရဲတွေနဲ့သံဃာတချို့ ပူးပါင်းပြီး ညအချိန်မတော် ၀င်ရောက်စီးနင်း သိမ်းပိုက်ချိတ်ပိတ်လိုက်ပြီး နောက်ဆက်တွဲ အရေးယူမှုတွေထဲက တစ်ခုပါ။

 မြန်မာနိုင်ငံဟာ အရင်စစ်အာဏာရှင်တွေ ခေတ်တုန်းကလိုပဲ အာဏာပိုင်တွေနဲ့ မသင့်မြတ်တဲ့၊ ဒါမှမဟုတ် နိုင်ငံတော် သံဃမဟာနာယက “မဟန” လို အဖွဲ့မျိုးနဲ့ မသင့်မြတ်တဲ့ ရဟန်းသံဃာတွေအပေါ် ခုလိုပဲ ကျောင်းတိုက်တွေကို ၀င်စီး၊ သံဃာတော်တွေကို အတင်းအကျပ်လူဝတ်လဲ၊ အကျဉ်းထောင်ပို့တဲ့ခေတ် မကုန်သေးဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ ဒီကနေ့ ဒီအကြောင်း ဆွေးနွေးသွားပါ့မယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဟန၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေကတော့ ကျောင်းလုတဲ့ ပုံစံဖြစ်အောင် သရုပ်ဖော်ကြပါတယ်။ မဟာသန္တိသုခကျောင်းတိုက်ကြီးကို ပီနန် ဆရာတော်ကြီးနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိသယောင် ပုံဖော်ပါတယ်။ ဒါပေမဲ့ ဒါဟာ မှန်ကန်မှုမရှိဘူးဆိုတာ ရဟန်းရှင်လူပြည်သူတွေ သိကြပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေ၊ ရဟန်းတော်တွေအားလုံး သိကြပါတယ်။

ပီနန်ဆရာတော်ကြီးဆီမှာ အဓိကကျတဲ့ မြေကြီးကို ပိုင်ဆိုင်ကြောင်း အထောက်အထား ရှိနေသလို ဒီကျောင်းတိုက်ကြီးကို ဆရာတော်ကြီး ဦးဆောင် ကမကထလုပ်ပြီး တည်ထောင်ခဲ့တယ်ဆိုတာကလည်း ဘယ်လိုမှ ငြင်းကွယ်လို့မရတဲ့ အချက်ပါ။

ဒါနဲ့ပတ်သက်ရင် အရာရာကို နှိုင်းနှိုင်းချိန်ချိန် ပြောတတ်တဲ့၊ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံး ကြည်ညိုကြတဲ့၊ နိုင်ငံတကာနဲ့ ဘာသာခြားတွေကတောင် လေးစားကြတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရရဲ့ သတင်းမီဒီယာတွေကို မိန့်တဲ့မှတ်ချက် စကားက မှတ်သားလောက်ပါတယ်။ လက်ကိုင်ထား ကိုးကားသမှုပြုနိုင်ပါတယ်။

ဆရာတော်ကြီးမိန့်တာက “နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာသနာရေးတို့ နိုင်ငံတော် သံဃမဟာနာယကတို့က ထိန်းပေးရမယ်။ သာသနာရေးဌာနတို့၊ သံဃမဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့က ထိန်းတယ်လို့ ဒီလိုထင်ပုံရတယ်။ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာ မရောက်ဘူး။ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင် လှုံ့ဆော်ရာရောက်တယ်။

 နောက်တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟောပါဠိတော်ထဲမှာပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာ ၀င်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ ဆိုပါတယ်။

“ပီနန်ဆရာတော်ကြီးဟာ ဒီကျောင်းတိုက်ကြီး တည်ထောင်ပြီး နိုင်ငံခြားထွက်သွားပြီး “သံဃာ့ဥသျှောင်” ဆိုတဲ့ အဖွဲ့ကြီးဖွဲ့ပြီးတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အပြင်ကနေ အပြင်းအထန်တိုက်ခိုက်တဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။

အဲဒါတွေကို အညှိုးထားပြီး ရန်ငြိုးတွေနဲ့လုပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်သွားမှာကို အလွန်စိုးရိမ်တယ်။ လက်နက်ကိုင်သောင်းကျန်းသူတွေကိုတောင် လက်နက်ကိုင်သောင်းကျန်းသူလို့ မခေါ်တော့ဘူး။

လက်နက်ကိုင်အဖွဲ့လို့ ခေါ်တယ်။ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက် တိုက်ခိုက်လာတာ အခုစားပွဲဝိုင်းမှာ ဆွေးနွေးနေကြပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးနေကြပြီ။ သာသနာရေးဝန်ကြီးဌာနက ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြေရှင်းနိုင်သေးတာဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တစ်ခုပဲ။

လူတွေတောင် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်သေးရင် သံဃာတော်တွေ၊ သာသနာရေးဝန်ကြီးဆိုသူတွေက စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် နိုင်ငံအတွက် အေးချမ်းသွားမှာ”လို့ မိန့်တော်မူပါတယ်။

ဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ကြည့်ရင် မဟနအဖွဲ့ကြီးဟာ ပီနန်ဆရာတော်ကြီးကို ဘာကြောင့် အညှိုးအတေးထားရသလဲ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။ တကယ်တော့ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရက ပြည်သူတွေကို မတော်မတရား ဖိနှိပ်တဲ့အခါ အဲဒီအချိန်က ရဟန်းလောကမှာ သက်တော်အငယ်ဆုံး ပဉ္စမမြောက် တိပိဋကဆရာတော် ဦးသုမင်္ဂလဦးဆောင်ပြီး သံဃာတော်တွေက အာဏာပိုင်တွေကို ပတ္တနိက္ကုစ္စန ကံဆောင်ခဲ့ပါတယ်။

အာဏာပိုင်တွေ ကပ်တဲ့ ဆွမ်းကွမ်း၊ ၀တ္တုအလှူမခံဘဲ သပိတ်မှောက်တာမျိုးပါ။ ဒီအတွက် အာဏာပိုင်တွေဟာ ဆရာတော်ဦးသုမင်္ဂလနဲ့ သံဃာအတော်များများကို အတင်းအကျပ် လူဝတ်လဲ၊ ရက်ရက်စက်စက်ထောင်သွင်း အကျဉ်းချထားခဲ့ပါတယ်။

ဒီလိုကိစ္စမျိုး အဲဒီအချိန်က မဟနအဖွဲ့ဟာ သံဃာတော်တွေဘက်က ရပ်တည်တာ မရှိခဲ့ပါဘူး။ အလားတူ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတော့လဲ အာဏာပိုင်တွေဟာ သံဃာတော်တွေ ငြိမ်းချမ်းစွာ စီတန်းကြွချီ မေတ္တာပို့တာကို လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ခုလိုပဲ ညအချိန် စစ်ဖိနပ်တွေ မချွတ်ဘဲ ကျောင်းတိုက်တွေ ၀င်စီး၊ သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက်၊ ဖမ်းဆီး၊ လူဝတ်လဲ ထောင်ချခဲ့ပါတယ်။ ကျောင်းတိုက်တွေကို ချိတ်ပိတ်ခဲ့ပါတယ်။

အဲဒီအချိန်ကလည်း မဟနအဖွဲ့ဟာ သံဃာထုဘက် ပြည်သူတွေဘက်ရပ်တည်တာ မရှိခဲ့ပါဘူး။ ဒီလိုအခြေအနေအောက်မှာ ပြည်ပရောက်နေတဲ့ ပီနန်ဆရာတော်ကြီး ဦးဆောင်ပြီး “သာသနာ့ဥသျှောင်” လို့ခေါ်တဲ့ “အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်” တည်ထောင်ပြီး အာဏာရှင်တွေ အလိုကျလုပ်နေတဲ့ မဟနအဖွဲ့ကြီးကို ဝေဖန်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမဟနအဖွဲ့ရဲ့ ပီနန်ဆရာတော်ကြီးအပေါ် သဘောထားဟာ အငြိုးအတေး အာဃာတတွေနဲ့ လုပ်ဆောင်နေတာ အလွန်ထင်ရှားပါတယ်။ ဒီအပေါ် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖော် ပေးလိုက်တဲ့အခါ အရင်စစ် အစိုးရခေတ်က လုပ်နည်းလုပ်ဟန်တွေနဲ့ တစ်ထပ်တည်းလို ရုပ်လုံးပေါ်လာပါတယ်။

ဒီလုပ်ရပ်အပေါ် ဝေဖန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အကူးအပြောင်းကာလ ရောက်ဖို့ နေနေသာသာ အာဏာရှင်ခေတ်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာ သတိရကြစေဖို့ မီးမောင်းထိုးပြလိုက်သလို ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


စည်သူအောင်မြင့်
Mizzima News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ