မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဝါးခွရွာမှ အသက် ၂၅ နှစ်ရှိ
အမျိုးသားတစ်ဦးကို မလှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရပ်ဝတ်
ဒုရဲအုပ်နှစ်ဦးက ယာဉ်တိုက်မှု ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဇွန်လ
၇ ရက်က ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူ၏ မိသားစုထံမှ
သိရသည်။
ယင်းသို့ ထိုးကြိတ်ခံရမှုကြောင့် ထိုအမျိုးသားသည် မလှိုင်ပြည်သူ့ဆေးရုံတွင်
အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ကာယကံရှင် မိသားစုဝင်များက
ပြောကြားသည်။
ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အထက်ပါ ဆေးကုသခံနေရသူ ဝါးခွရွာသား
ကိုကျော်စံထိုက်သည် တူဖြစ်သူ အသက်လေးနှစ်ရှိ မောင်မင်းခန့်ဟိန်းနှင့်အတူ
ဆိုင်ကယ်ဖြင့် မြို့တွင်းရှိ အလုပ်မှ ရွာသို့ ပြန်လာစဉ် ခရိုင်ချင်းဆက်လမ်း
မောင်းတုံးဂိတ် အဟောင်းတွင် အရပ်ဝတ် လူနှစ်ဦးက အတင်းတား၍
ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်ပြီး မေးစဉ် မဟုတ်ကြောင်း ပြောပြီး ဆက်လက်
မောင်းနှင်လာရာ ယင်းအရပ်ဝတ် လူနှစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှ
လိုက်လာပြီး ကိုးပါးဂူ ကုန်းဆင်းအနီး အရောက်၌ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခြင်း၊
ဘေးတိုက်ယှဉ်စီးပြီး ခြေဖြင့် ကန်ခြင်းများကြောင့် ဆိုင်ကယ် လဲကျသွားရာမှ
ဝမ်းလျား မှောက်ကျနေသော ကိုယ်အပေါ်မှ ခွထိုးခြင်း၊ တစ်ဦးက နောက်မှ
ချုပ်နှောင်၍ ကျန်တစ်ဦးမှ ခြေထောက်ဖြင့် မျက်နှာကန်ခြင်း၊ ဖနောင့်ဖြင့်
ရင်ဘတ်အား ပေါက်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းပိုင်း တစ်ခုလုံးကို
လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးခြင်းများကြောင့် ဝါးခွကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးသာချိုထံ ပို့ပေးရန် တောင်းပန်ပြောသည်ကို လက်မခံဘဲ
ထပ်မံထိုးကြိတ် ရိုက်နှက်ခြင်းများကြောင့် ခန္ဓာကိုယ်အနှံ့
ဖူးရောင်ဒဏ်ရာနှင့် ပွန်းပဲ့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မလှိုင်ဆေးရုံသို့
တက်ရောက် ကုသမှု ခံယူနေရကြောင်း ကိုကျော်စံထိုက်က ပြောကြားသည်။
“လူက ဆိုင်ကယ်ထဲက သံဖြတ်လွှနဲ့ လည်ပင်းကို ချိန်တယ်၊ မင်းကို သတ်ပစ်နိုင်တဲ့
ရာထူး ငါ့မှာရှိတယ်၊ မင်းတို့ ဥက္ကဋ္ဌ (ရပ်ကွက်အုပ်ချုပ်ရေးမှူး) လည်း
ဂရုမစိုက်ဘူးကွလို့ ပြောတယ်၊ ငါ့မှာ သေနတ်မပါလို့ ပါရင် မင်းကို
ငါသတ်ပစ်နိုင်တယ်၊ မင်းကို သတ်ပစ်လို့ ဘာမှမဖြစ်ဘူးလို့ ကြိမ်းဝါးပါတယ်၊
လမ်းသွားလမ်းလာတွေ အများကြီး ရှိပါတယ်၊ အားလုံးမြင်ပါတယ်။ ကလေးကတော့
ပွန်းပဲ့ပြီး၊ အထိတ်တလန့် ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။
ရေကမိုး ကျေးရွာအနီးတွင် အင်္ကျီအစိမ်းဝတ် လူတစ်ဦး မောင်းနှင်သော
ဆိုင်ကယ်တစ်စီးက လူတစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားသည်ကို အဆိုပါ
ဒုရဲအုပ်နှစ်ဦးက လူမှားပြီး ထိုးကြိတ်ခြင်း ဖြစ်ကြောင်း၊ ကိုကျော်စံထိုက်
သွားသည့် လမ်းကြောင်းနှင့် ယာဉ်တိုက်မှု ဖြစ်ခဲ့သည် ဆိုသော နေရာသည်
သီးခြားစီ ဖြစ်ကြောင်း၊ သို့ရာတွင် ကျော်စံထိုက်ကို မြို့မရဲစခန်းက ယာဉ်
(ပ) ၂၃/၁၄ ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်ထား၍ မိမိတို့ဘက်က ဒုရဲအုပ်နှစ်ဦးကို
အမှုပြန်ဖွင့်ရာတွင် ဖွင့်ပေးခြင်း မရှိသေးကြောင်း ဝါးခွရွာ ဒေသခံများထံမှ
သိရသည်။
အရပ်သားတစ်ဦးကို ယာဉ်တိုက်မှု ကျူးလွန်သည်ဟု ဆိုကာ ရိုက်နှက်ခဲ့သော
ဒုရဲအုပ်နှစ်ဦးမှာ မလှိုင်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်
နေသူရိန်မင်းနှင့် ကျော်လင်းထွန်းတို့ ဖြစ်ပြီး ယင်းနှစ်ဦးကို ဇွန်လ ၉
ရက်နေ့က ပြည်ထဲရေးဝန်ကြီး၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ
တိုင်ကြားစာများ အသီးသီးပို့ထားကြောင်း ကိုကျော်စံထိုက်၏ မိခင် ဒေါ်မြဌေးက
ပြောကြားသည်။
“ယာဉ်တိုက်မှုနဲ့ ဖွင့်ထားတယ်၊ သူတို့ ကာယကံရှင်ကိုလည်း ကျွန်တော်
သေချာပြောတယ် ဖွင့်ပါ။ ဖွင့်ပေးမယ်၊ သူတို့က လာမဖွင့်ဘူး၊ တော်ကြာနေ အခုလို
သံသယမျိုးတွေ ရှိမှာစိုးလို့၊ သူတို့မိသားစုကို ကျွန်တော့် ရုံးခန်းထဲ
ခေါ်ပြီးတော့ ရှင်းပြတယ်၊ အမှုလာမဖွင့်တာပါ၊ သူတို့က နောက်နေ့မှ ပြန်လာခဲ့မယ်
ပြောတယ်” ဟု မလှိုင်မြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးအောင်ရွှေက
ပြောကြားသည်။
The Voice Weekly

0 comments