ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးပြီး တရားစွဲခံခဲ့ရသည့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
(SNLD)ကျိုင်းတုံမြို့နယ်တာဝန်ခံကို
မေ ၂၉ ရက် ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း
သိရသည်။
အဆိုပါ
ကျိုင်းတုံတာဝန်ခံ စိုင်းအိုက်ကျိန်(ခ) အိုက်ကျိမ်းကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားရုံးတွင် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည့်
ကျိုင်းတုံမြို့မရဲစခန်းမှ မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် အမှုပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် ညနေပိုင်းတွင် တရားရုံးမှ အပြီးသတ်ပြန်လည်
လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း SNLD
ပြောရေးဆိုခွင့်ရှိသူ
ဦးစိုင်းလိတ်က ပြောကြားသည်။
“အခု မွန်းလွဲပိုင်းမှာ ရဲစခန်းက
တရားရုံးမှာ အမှုလာရုပ်သိမ်းသွားတာပေါ့။ အဲဒါနဲ့
တရားသူကြီးနဲ့သွားတွေ့ပြီးမှ
လက်မှတ်တွေယူပြီး
သွားထုတ်လာတာပေါ့။ ညနေ ၅ နာရီ ၂၅ မိနစ်မှာ
အပြင်ရောက်လာတယ်” ဟု ဦးစိုင်းလိတ်က မေ ၂၉ ရက် ညပိုင်းက ပြောကြားသည်။
ယခုကဲ့သို့
အချိန်တိုအတွင်း ပြန်လည်လွှတ်ပေးလိုက်သည့်အတွက် စိတ်သက်သာရာရကြောင်း၊ ပြန်လွတ်အောင် ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း အသိအမှတ်ပြုကြောင်း၊ မည်သည့်အတွက် အမှုရုပ်သိမ်းပေးသည်ဆိုသည်ကိုမူ
မသိရသေးကြောင်း ၎င်းကပြောကြားသည်။
အဆိုပါ
စိုင်းအိုက်ကျိန်(ခ) အိုက်ကျိမ်း ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ SNLD ဘက်မှ တာဝန်ရှိသူများက ဖြေရှင်းပေးရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး
သမ္မတဦးသိန်းစိန်ထံသို့လည်း တင်ပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ယင်းအတွက်ကြောင့် သမ္မတဦးသိန်းစိန်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ
ပြောကြားပေးမှုရှိခဲ့ကြောင်းလည်း SNLD သတင်းထုတ်ပြန်မှုများအရ
သိရသည်။
SNLD ကျိုင်းတုံမြို့နယ် တာဝန်ခံ
စိုင်းအိုက်ကျိန်(ခ)အိုက်ကျိမ်းကို
မေ ၅ ရက် ည ၈
နာရီခန့်က ခလရ ၂၄၅ မှ လက်နက်ကိုင်ဆောင်ထားသော တပ်မတော်သား ၃ဝ ခန့်က လာရောက် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ် ပြီး RCSS/SSA
နှင့် ဆက်သွယ်ကြောင်းနှင့် ၎င်းတို့က ပေးထားသော
သေနတ်တစ်လက်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့်
သုံးရက်ကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ရဲစခန်းတွင် ရမန်ယူချုပ်နှောင်ခဲ့သည်။
ထို့နောက် မေ ၂၂
ရက်တွင် ပုဒ်မ ၁၇(၁) ဖြင့်
ကျိုင်းတုံမြို့နယ်တရားရုံးတွင်
တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမှုကို
ပြန်လည်ရုပ်သိမ်းကာ
အပြီးသတ်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
RCSS/SSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှု ရယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
Eleven Media Group
Eleven Media Group

0 comments