ယမန်နေ့က မလေရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဒဏ်ရာများဖြင့် ပြန်လည်ရောက်လာခဲ့သူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကျောက်ရန်သာ စည် ရွာမှ ကိုဝေအောင်သိန်းက“ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူး။ ကျွန်တော့ရှေ့မှာ မလေး သွားမယ့်သူတွေ ရှိရင်လည်း ရအောင် တားသွားမယ်”ဟု ပြောကြားသည်။
၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ မလေးရှားသို့ အောက်လမ်းမှ
အလုပ်သွားလုပ်ခဲ့သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၆ ရက်က ညဘက် အဆောင်၌
အိပ်နေစဉ် အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုင်ခြင်းကို ခံခဲ့ရကြောင်း၊
ယင်းနောက် လည်ပင်းကို ကြိုးနဲ့ဆွဲကာ ခေါင်းကို ဓါးညှောင့်ဖြင့်
အထုခံခဲ့ရပြီး လက်ကို ဓါးဖြင့် အခုတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက်သမားများလက်မှ
ထွက်ပြေးပြီးနောက်ပိုင်း ရေနုတ်မြောင်းထဲသို့ ဝင်ပုန်းရင်း
သတိလစ်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ စက်ရုံက အဆောင်မှာ မြန်မာလုပ်သား အားလုံး ၆ ယောက်ရှိတယ်။
အခင်းဖြစ်တဲ့ညက ကျွန်တော်တို့ တအားအော်ကြတာပဲ။ ကျွန်တော်တို့ ဘေးဆောင်မှာ
ဘင်္ဂါလားက အလုပ်သမား ၁၈ ယောက် နေတယ်။ တစ်ယောက်မှ မနိုးကြဘူး။
အကြမ်းဖက်သူတွေထဲမှာ စက်ရုံထဲကလည်း ပါမယ်ထင်တယ်”ဟု ယင်းက ဆက်လက်
ပြောကြားသည်။
ယင်းမြန်မာအလုပ်သမား ၆ ဦးသည် မလေးရှားနိုင်ငံ ကွာလာမြို့ ဆူပန်ပါဆာ
ဝါယာစက်ရုံတွင် အလုပ်လုပ်ကြသူများ ဖြစ်ပြီး အခင်းဖြစ်သည့်ညတွင်
ဝင်ရောက်အကြမ်းဖက်သူ စုစုပေါင်း ၆ ဦးဖြစ်ပြီး မျက်နှာဖုံးများ စွတ်၍
ဓါးတစ်လက်စီ ကိုင်ထားကာ မီးသတ်ဆေးဘူးများလည်း ပါကြောင်း
ယင်းအကြမ်းဖက်မှုကြောင့် လက်တွင် ဓါးဒဏ်ရာ ၂ ချက် ရရှိခဲ့သူ
ကိုခင်မောင်ဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ ပြန်လာချိန်ထိ မလေးမှာ ဆူပူမှုတွေ ဖြစ်နေတုန်းပဲ။ နေ့တိုင်း
မသေတဲ့သူ မရှိသလောက်ပဲ။ မလေးရဲတွေကလည်း ကုလားဆိုရင် မဖမ်းဘူး။ ဗမာပြည်က
သူတွေဆိုရင် ပတ်စပို့ ရှိရှိ၊ မရှိရှိ ဖမ်းတယ်။ ပတ်စပို့ရှိတယ် ဆိုရင်တော့
ပြန်ပို့ပေးတယ်”ဟု ကိုဝေအောင်သိန်းက ပြောကြားသည်။
ယခုလက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့်
မြန်မာလုပ်သားများ အနေဖြင့် လက်ထဲတွင် ပိုက်ဆံမရှိခြင်း၊
ပတ်စပို့မရှိသည့်အတွက် အပြင်သွားရန် ခက်ခဲခြင်းတို့ကို အဓိက
ကြုံတွေ့နေရကြောင်း သိရသည်။
“ခုဆိုရင် မလေးက ဗမာတွေက သံရုံးကိုတောင် ကားနဲ့ မသွားရဲကြဘူး။ ကုလားတွေက
လမ်းမှာ ရဲဟန်ဆောင်ပြီး ဖမ်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တချို့လည်း
အပြင်မသွားဝံ့ကြတာတွေ ရှိတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။
အကြမ်းဖက်ခံရသည့် မြန်မာလုပ်သား ၆ ဦးတွင် ပတ်စပို့ မရှိဘဲ မလေးသို့
အောက်လမ်းမှ ထွက်သွားခဲ့ကြခြင်းဖြစ်ပြီး တချို့မှာ မလေးရှားနိုင်ငံသို့
ရောက်သည်မှာ ၂ လပင် မပြည့်သေးကြောင်း၊ ယခု ပဋိပက္ခများကြောင့် မလေးမှ
ပြန်လာခဲ့ကြသော်လည်း ထွက်သွားစဉ်က အကြွေးများပင် မကျေသေးကြောင်း သိရသည်။
“ပြဿနာတွေ အများစုက ဆာလာရမ်းမှာ အဓိက ဖြစ်တယ်။ ခုအခြေအနေမှာ ကျွန်တော်တို့
သိသလောက် အဲလောက် ပြဿနာမကြီးဘူး။ မလေးရှားမှာ အဓိက ဖြစ်နေတာက over stay
ပြဿနာပဲ။ ဒဏ်ရာရတဲ့သူလည်း ရှိသလို သေတဲ့သူလည်း ရှိတယ်။ အဲဒီ over stay
သမားတွေကို အတက်နိုင်ဆုံး ဒီကို ပြန်ပို့ပေးဖို့ ကြိုးစားသွားမယ်” ဟု
ဧရာဝတီဖောင်ဒေးရှင်းမှ Public Relation Director ဖြစ်သူ ကိုရဲမျိုးဟိန်းက
ပြောကြားသည်။
မလေးရှားနိုင်ငံရှိ နောက်ထပ် ပြဿနာတစ်ခုမှာ အလုပ်သမား ပြဿနာဖြစ်ပြီး
ယင်းပြဿနာ ကို ဖြေရှင်း ရန် မှာ နှစ်နိုင်ငံ အစိုးရ နှစ်ဦးနှစ်ဘက်
ညှိနှိုင်းဖြေရှင်းမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်
ပြောကြားသည်။
“မလေးမှာ အလုပ်လုပ်ရတာနဲ့ မြန်မာပြည်မှာ လုပ်ရတာ နေရာသာ မတူတာ။
ပိုက်ဆံရတာချင်းကျတော့ တူတူလောက်ပါပဲ။ ဒီလိုတွေ မဖြစ်လဲ ကျွန်တော်က ၁၀
လပိုင်းလောက် ပြန်ဖို့ စဉ်းစားထားပြီးသားပါ။ ခု မြန်မာပြည် ပြန်ရောက်မှပဲ
ကောင်းကောင်း အိပ်ပျော်တယ်။ ဟိုမှာ နေခဲ့တဲ့ အချိန်တွေ တစ်ရက်မှ
ကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိခဲ့ဘူး”ဟု ရသေ့တောင်မြို့နယ် ကျောက်ရန်
သာစည်ရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။
မန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အောက်လမ်းမှ သွားမည်ဆိုပါက အချိန် ၂
ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့်
ဆာလာရမ်းနှင့် ကွာလာမြို့မှာ ကားနှင့်သွားမည် ဆိုပါက ၂ နာရီခန့်သာ
ကြာမြင့်ကြောင်း သိရသည်။
From:Myanma Age
www.mmdailystar.com
0 comments