မြန်မာနိုင်ငံ အနေဖြင့်
လက်ရှိကြုံတွေ့နေရသော အခြေအနေသည် လွန်ခဲ့သော နှစ် ၂၀ က ချက်နိုင်ငံ
ကြုံတွေ့ခဲ့ရသည်နှင့် ဆင်တူသော်လည်း အာဏာရှင်စနစ်မှ စတင်ကူးပြောင်းရာတွင်
တိုင်းရင်းသား ပြဿနာများ ရှိနေခြင်းကြောင့် ပိုမိုခက်ခဲကြောင်း Forum 2000
ပိတ်ပွဲအဖြစ် စက်တင်ဘာ ၁၇ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"တိုင်းရင်းသား ပြဿနာတွေကို လက်ရှိအခြေခံ ဥပဒေနဲ့ ဖြေရှင်းလို့ မရပါဘူး။
လက်ရှိအခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ ထပ်တူမကျပါဘူး။
ကျွန်မတို့ ပြည်သူတွေကို လုံခြုံမှု ခံစားရအောင် အရင်ဆုံး လုပ်ဆောင်ရပါမယ်။
တရားမျှတမှုကို တန်းတူညီတူ ခံစားရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။
တစ်စုံတစ်ယောက်ဟာ အခြားအသိုင်းအ၀ိုင်း တစ်ခုကနေ ရန်မူမှာကို ကြောက်နေရရင်
အတူတူတွေ့ဆုံပြီး ဆွေးနွေးလို့ မရနိုင်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။
သို့သော် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား
ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံမှ ခွင့်ပြုရန်
လိုအပ်သဖြင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန်
ခက်ခဲသည်ဟု ၎င်းကဆိုသည်။
ထို့အပြင် ချက်နိုင်ငံသမ္မတ Milos Zeman၊
နိုင်ငံခြားရေးဝန်ကြီး Jan Kohout၊ ချက်လွှတ်တော် ကိုယ်စားလှယ်များနှင့်
တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ချက်နိုင်ငံမှ နိုင်ငံရေးသမားများ
အနေဖြင့် သူမအားထောက်ခံရန်၊ ချက်နိုင်ငံသည် ယခင်က မြန်မာနိုင်ငံ၏
ဒီမိုကရေစီ ပြောင်းလဲမှုများအား အားပေးထောက်ခံခဲ့ပြီး
ဆက်လက်ထောက်ခံသွားမည်ဟု ယုံကြည်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင်
လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းသင့်ပါက
ပြင်ဆင်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် လိုအပ်ပါက ရေးဆွဲရန်
ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Milan Stech နှင့်
တွေ့ဆုံဆွေးနွေးပြီးနောက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ပြီး
စက်တင်ဘာ ၁၈ ရက် (ယနေ့) တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီလေ့လာရေး ခရီးစဉ်အဖြစ် ပိုလန်၊
ဟန်ဂေရီနှင့် ချက်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့ကာ ချက်နိုင်ငံတွင်
ပြုလုပ်သည့် Forum 2000 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ
ခရီးစဉ်အတွင်း ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံ ခေါင်းဆောင်များအပြင်
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များဖြစ်သည့် တိဘက်ဘုန်းတော်ကြီး
ဒလိုင်းလားမားနှင့် ပိုလန်သမ္မတဟောင်း Lech Walesa တို့ကိုပါ တွေ့ဆုံခဲ့ပြီး
ချက်နိုင်ငံ သမ္မတဟောင်း Václav Havel ၏ အုတ်ဂူသို့ သွားရောက်ခဲ့သည်။
ယခုခရီးစဉ် အပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာ
၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်တွင်
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့
တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အပြောင်းအလဲ ခေါင်းစဉ်ဖြင့်
မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
RFI - Request for Inqulry
1 month ago

0 comments