တင်နိုင်တိုး)
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်ခဲ့ရသည့် န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) သည် ၁၈ စက်တင်ဘာ ၂၀၁၃ တွင် ၂၅ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါသည်။
န၀တအဖွဲ့
န၀တခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ၁၈ စက်တင်ဘာ ၁၉၈၈ တွင် အမိန့်အမှတ်(၁/၈၈)ဖြင့် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောမောင်က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များ ဖြစ်ကြသော ဗိုလ်ချုပ်မောင်မောင်ခင်၊ ဗိုလ်ချုပ်တင်ထွန်း၊ ဗိုလ်ချုပ်ဘုန်းမြင့်၊ ဗိုလ်ချုပ်စိန်အောင်၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်မှူးချုပ်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် အောင်ရဲကျော်၊ ဗိုလ်မှူးချုပ် ကျော်ဘ၊ ဗိုလ်မှူးချုပ် မောင်အေး၊ ဗိုလ်မှူးချုပ် ဉာဏ်လင်း၊ ဗိုလ်မှူးချုပ် မြင့်အောင်၊ ဗိုလ်မှူးချုပ် မြသင်း၊ ဗိုလ်မှူးချုပ် ထွန်းကြည်၊ ဗိုလ်မှူးချုပ် အေးသောင်၊ ဗိုလ်မှူးချုပ် မျိုးညွန့်၊ ဗိုလ်မှူးကြီး မောင်သင့်တို့ ပါဝင်ကြသည်။ ဗိုလ်မှူး ချုပ်ခင်ညွန့်က အတွင်းရေးမှူး(၁)၊ ဗိုလ်မှူးကြီး တင်ဦးက အတွင်းရေးမှူး (၂)အဖြစ် ပါဝင်ပါသည်။
စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း
န၀တအဖွဲ့တွင် ပါဝင်သူများကို လေ့လာကြည့်ပါက ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဒုဗိုလ်ချုပ်ကြီး တစ်ဦး၊ ဗိုလ်ချုပ်ငါးဦး၊ ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီးနှစ်ဦး စုစုပေါင်း ၁၉ ဦး ဖြစ်ပါသည်။ အဆင့်အမြင့်ဆုံးက ဗိုလ်ချုပ်ကြီး ဖြစ်ပြီး အဆင့်အနိမ့်ဆုံးက ဗိုလ်မှူးကြီး ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ အားလုံးမှာ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်း၏ တပည့်ရင်းများ ဖြစ်ကြပြီး ဦးနေ၀င်း၏ လမ်းညွှန်ချက်ဖြင့် ယင်းသို့ စစ်အာဏာ သိမ်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဦးနေ၀င်း အပါအ၀င် ယခင်နိုင်ငံ့ ခေါင်းဆောင်ဟောင်းများအား ဖမ်းဆီးထိန်းသိမ်းမှုမျိုး မရှိသဖြင့် အမှန်တကယ် စစ်အာဏာ သိမ်းခြင်းမျိုး မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
တော်လှန်ရေးကောင်စီ အာဏာသိမ်းစဉ်က
၂ မတ် ၁၉၆၂တွင် ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးသာ လိုတော့သည်ဆိုကာ အာဏာသိမ်းခဲ့သည်။ ယင်းသို့ အာဏာသိမ်းစဉ်က ယခင် ပြည်ထောင်စု အစိုးရလက်ထက် သမ္မတ မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုတို့ အပါအ၀င် အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကို ဖမ်းဆီးအကျဉ်း ချထားခဲ့သည်။ လူမျိုးစု လွှတ်တော်နာယက (သမ္မတဟောင်း) စ၀်ရွှေသိုက်ဆိုလျှင် အကျဉ်းချထား ခံရစဉ်အတွင်း ကွယ်လွန်ခဲ့သည်။ ယခု ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သော န၀တအစိုးရ အဖွဲ့ကမူ ဦးနေ၀င်း အပါအ၀င် ယခင်အစိုးရ အဖွဲ့ဝင်ဟောင်းများအား ဖမ်းဆီးထိန်းသိမ်းခြင်း မပြုရုံမျှမက အကာအကွယ်ပင် ပေးထားခဲ့သည်။
တစ်သီတစ်တန်း ပေါ်ထွက်လာသော အမိန့်များ
န၀တအစိုးရ တက်လာသည့် စက်တင်ဘာ ၁၈ ရက်တွင်ပင် ပြည်သူလူထုအား စီတန်းလှည့်လည်ခြင်း၊ သပိတ်စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ဆန္ဒပြခြင်းနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်သူများကို နှောင့်ယှက်ခြင်း မပြုရန်နှင့် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ သည်။ ယင်းနေ့၌ပင် အစိုးရဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား ၂၆ စက် တင်ဘာ ၁၉၈၈ နောက်ဆုံးထား၍ လုပ်ငန်း ခွင်သို့ပြန်လည်ဝင်ရောက်ကြရန် အမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ယခင်အဖွဲ့အစည်းများအားရပ်စဲ
၁၈ စက်တင်ဘာ ၁၉၈၈ တွင်ပင် န၀တသည် ယခင်အစိုးရ အဖွဲ့အစည်းများ ဖြစ်ကြသော ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ၀န်ကြီး အဖွဲ့၊ ပြည်သူ့တရားသူကြီး အဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်း၊ မြို့နယ် ရပ်ကွက်ကျေးရွာ ပြည်သူ့ကောင်စီ အဆင့်ဆင့်နှင့် ဒုတိယ၀န်ကြီးများကို ဖျက်သိမ်းကြောင်း ကြေညာချက် အမှတ်(၂/၈၈)ဖြင့် ထုတ်ပြန်လိုက်ပါသည်။ ယင်းနေ့၌ပင် န၀တအဖွဲ့က ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်
န၀တအဖွဲ့၏ ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး စောမောင်ဖြစ်သည်။ ဦးစောမောင်ကို ၁၉၂၈ ခုနှစ်တွင် ဦးမောင်ကလေးနှင့် ဒေါ်မှတ်တို့က မန္တလေးမြို့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မန္တလေး နေရှင်နယ်ကျောင်းခေါ် ဗဟိုအမျိုးသား အထက်တန်းကျောင်း၌ ပညာဆည်းပူးခဲ့သည်။ ထိုကျောင်း၏ ကျောင်းအုပ်ကြီးက ဆရာကြီး ဦးရာဇတ် ဖြစ်သည်။ဦးစောမောင်က ကျောင်းနေစဉ်ကပင် ကျောင်းသား ရဲညွန့်တပ်ဖွဲ့၌ တပ်စိတ်မှူးဖြစ်ခဲ့သည်။
ဂျပန်ခေတ် နောက်ပိုင်းတွင် လျှပ်စစ်ပညာ လေ့လာခဲ့ပြီး နန်းတွင်းအမှတ် (၉၂၂)နှင့် အမှတ်(၁) မြို့နယ် အင်ဂျင်နီယာတပ် တို့တွင် လျှပ်စစ်ပညာသည်အဖြစ် ၀င်ရောက် အမှုထမ်းခဲ့သည်။ မန္တလေးမြို့တွင်းရှိ ဓာတ်တိုင်အများစုက ဦးစောမောင်ကိုယ်တိုင် လျှပ်စစ်ပညာသည် (Electrician)ဘ၀က စိုက်ထူခဲ့သည့် ဓာတ်တိုင်များ ဖြစ်သည်။
စစ်မှုထမ်းဘဝ
၂၃ ဒီဇင်ဘာ ၁၉၄၉တွင် ဦးစောမောင် သာမန်တပ်သား တစ်ယောက်အဖြစ် တပ်ထဲသို့ ၀င်ခဲ့သည်။ ထို့နောက် တပ်ကြပ်၊ တပ်ကြပ်ကြီး ရာထူးများ ရရှိခဲ့သည်။ ၁၉ နိုဝင်ဘာ ၁၉၅၁ တွင် ဗိုလ်သင်တန်း အမှတ်စဉ် (၆)သို့ တက်ရောက်ခဲ့ပြီး ၃၀ ဧပြီ ၁၉၅၂ တွင် ပြန်တမ်းဝင် အရာရှိ ဖြစ်လာခဲ့သည်။ ထို့နောက် ရာထူးအဆင့်ဆင့် တက်လာခဲ့ရာ ၂၁ ဇူလိုင် ၁၉၇၆ တွင် ဗိုလ်မှူးကြီး ရာထူးဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁ ဇန်န၀ါရီ ၁၉၇၉ တွင် ဗိုလ်မှူးချုပ်၊ ၇ သြဂုတ် ၁၉၈၂ တွင် ဗိုလ်ချုပ်၊ ၂၃ ဇူလိုင် ၁၉၈၄ တွင် ဒုတိယကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သည်။ ထို့နောက် ၄ နိုဝင်ဘာ ၁၉၈၅ တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာကာ ၃၁ အောက်တိုဘာ ၁၉၈၆ တွင် ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၂၇ ဇူလိုင် ၁၉၈၈ တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ
န၀တအစိုးရ တက်လာပြီးနောက် နောက်တစ်နေ့ဖြစ်သော ၁၉ စက်တင်ဘာ ၁၉၈၈ တွင်ပင် မြန်မာနိုင်ငံ အတွင်းရှိ ပြည်တွင်းပြည်ပ သတင်းစာဆရာများအား ဖိတ်ခေါ်ကာ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သတင်းစာ ရှင်းလင်းပွဲများကို အခါအားလျော်စွာ ကျင်းပခဲ့သည်။
ရွေးကောက်ပွဲဥပဒေ
န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် လက်ထက် ၂၁ ဒီဇင်ဘာ ၁၉၈၈ တွင် အခန်းလေးခန်းပါ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေကို ပြဋ္ဌာန်းကြေညာခဲ့သည်။ (ယင်းဥပဒေအရ ၂၇ မေ ၁၉၉၀ တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။)
စစ်တန်းလျားသို့ပြန်မည်
န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်က ၂၇ မတ် ၁၉၈၉ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြား ခဲ့ရာ၌ ''ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ က ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာ ဖြစ်တယ်။
အဲဒီအစိုးရသစ် အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင် သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွား လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေ အဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီးတို့ရဲ့ မူလအဓိက တာဝန်ကြီးဖြစ်တဲ့ အခုပြောကြားရာမှာ ပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်'' စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်သည် ၁၈ မတ် ၁၉၉၀တွင် မြန်မာ့စစ်ဘက် ဆိုင်ရာတွင် တစ်ကြိမ်တစ်ခါမျှ မရှိဖူးသေးသည့် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၂၃ ဧပြီ ၁၉၉၂ တွင် အနားယူခဲ့ရာ ဗိုလ်ချုပ်ကြီးသန်းရွှေ ဆက်လက် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် မတ် ၂၀ ရက်တွင် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ၀န်ကြီးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်အတွင်း ဗိုလ်ချုပ်ကြီးသန်းရွှေသည်လည်း ဗိုလ်ချုပ်မှူးကြီး ဖြစ်လာခဲ့သည်။
န၀တမှ နအဖသို့
၁၅ နိုဝင်ဘာ ၁၉၉၇ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)ကို ကြေညာချက်အမှတ် ၁/၉၇ ဖြင့် ဖျက်သိမ်းလိုက်ပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)ကို ဖွဲ့စည်းခဲ့သည်။ နအဖအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး မောင်အေးက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့က အတွင်းရေးမှူး(၁)(၂)(၃) များအဖြစ် ပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ခုနစ်ဦး၊ ဗိုလ်မှူးချုပ်ခုနစ်ဦး ပါဝင်ပါသည်။
ယင်းန၀တမှ အသွင်ပြောင်းလဲခဲ့သည့် နအဖအဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် ဖျက်သိမ်းလိုက်ပါသည်။
ကျမ်းကိုး
၁။ မြန်မာ့ရက်စဉ်သမိုင်း (ဒုတိယတွဲ)
၂။ နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (မင်းမင်းစိုး)၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန ကျမ်းပြုစာတမ်း

0 comments