Related Posts Plugin for WordPress, Blogger...

Written by မောင်စံပေါ
NT
(၁)

'မ' နိုင်ငံဆိုတာ မိန်းမတွေချည်း နေကြတဲ့ နိုင်ငံလို့ မထင်လိုက်ပါနဲ့။ ''မဖြစ်နိုင်ဘူး'' ''မလုပ်နိုင်ဘူး'' ''မလွယ်ဘူး'' ''မရဘူး'' ''မသိဘူး'' စသဖြင့် အနုတ်အမြင်၊ အမှောင်အမြင်နဲ့ ကြည့်လေ့မြင်လေ့ ပြောလေ့ရှိတဲ့ လူတွေနေတဲ့ နိုင်ငံကို ပြောတာပါ။

(၂)

အဲဒီနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်မှာ သွားရှာကြည့်မလား။ ၀မ်းနည်းပါတယ်။ ဆယ်နှစ်ရှာမလား၊ နှစ်တစ်ရာ ကြာသွားမယ်။ လုံးဝ မတွေ့စေ ရဘူး စိတ်ချ။
ဒါပေမဲ့ အဲဒီရှာမတွေ့တဲ့ နိုင်ငံက လူတွေကတော့ နေရာအနှံ့မှာ ရှိပါ့ဗျား။ ဝေးဝေးသွား ရှာစရာတောင် မလိုပေါင်ဗျာ။
(၃)
နီးနီးနားနားမှာ အလွယ်ကူဆုံး ပြစရာကတော့ ချစ်စွာသော မြေးကလေးပါပဲ။ ဒီကောင် စစ်တုရင် ကစားတဲ့အကြောင်း၊ ကွန်ပျူတာ ကိုတောင် အနိုင်ယူတဲ့ အကြောင်းတွေ ပြောပြခဲ့ဖူးပါတယ်။ ထားလိုက်ပါတော့။ အခုပြောချင်တာ ဘာသာစကားကိစ္စ၊ ဝေါဟာရ အကြောင်း၊ ၀ါကျတည်ဆောက်ပုံ နှိုင်းယှဉ်ချက်တွေ အကြောင်း၊ အားလုံးပေါင်းလိုက်တော့ 'မ' နိုင်ငံသား မဟာ လူရည်ချွန် မြေးတော်ရဲ့ ရွှေနှုတ်တော် ထွက်သမျှ မှတ်တမ်း တင်ခဲ့သမျှ သည်ကားဆိုပြီး အမြီးအမောက် တည့်တည့်နဲ့ ခရီးမရောက်တဲ့ နှုတ်ထွက် အက္ခရာတွေရဲ့ မာယာ။
(၄)
အသက်ကလေးက ရလာပြီဆိုတော့ သတိလွတ်သွားတာနဲ့ ဟိုဟာမေ့ ဒီဟာမေ့ ဖြစ်လာပါရော။ ပင်စင်မယူခင်ကတော့ သတိနဲ့ လူပေါ့ဗျာ။ ဟုတ်တယ်လေ အထက်လူကြီး အလိုကျ စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ ခဏခဏ ပြင်ရ လိမ်ရတာကလား။ အမှန်လုပ် အမှန်ရေး အမှန်တင် အမှန်အစီရင်ခံ ရတာဆိုရင် ကြောက်စရာလားဗျာ။ တစ်ရေးနိုး ထမေးရင်တောင်မှ ဒေါင်းဒေါင်းပြေးပြေးနိုင်တဲ့ ကောင်ဗျ။ အခုတော့ လိမ်ရပြီဆိုတော့ ယုတ္တိယုတ္တာရှိအောင် တွက်ရ၊ ချက်ရ၊ လူကြီး ဖြစ်စေချင်သလို ဖြစ်အောင်ပြောင်းရနဲ့ ကြာတော့ သွက်သွက်လည်ပါရော။ လိမ်စာ ကျက်ရတဲ့ ဒုက္ခက ပိုသေးရဲ့။
အငြိမ်းစားလည်းယူရော ပျော်လိုက်တာဗျာ။ စာဆက်သင်စရာ မလိုတော့တဲ့၊ စာကျက်စရာ မလိုတော့တဲ့ ကလေးတစ်ယောက်ရဲ့ ၀မ်းမြောက်မှုမျိုးလို့ တင်စားပြောရမယ် ထင်ရဲ့။ ဘာမှကျက်စရာ မလိုတော့ဘူး။ ဘာမှမှတ်စရာ မလိုတော့ဘူး။ ဘာမှ သတိထားနေစရာ မလိုတော့ဘူးပေါ့ဗျာ။
အမြဲတမ်း ဂရုစိုက်နေရတဲ့ သတိကို အနားပေးလိုက်သလို ဖြစ်သွားပြီး သတိပျောက်သွားတဲ့ အချိန်မှာ အမေ့ရောက်လာတယ်။ မေ့တတ်လာတယ်။
(၅)
ခဏ ခဏ မေ့တာ ပျောက်တာက မျက်မှန်။ အဲဒီတော့လည်း ချစ်စွာသော မြေးကလေးကိုပဲ အားကိုးတကြီးနဲ့ မေးရတော့တာ။ အဘွားကြီး သွားမေးမိလို့ကတော့ အမေး တစ်၊ အဆူရှစ်ဆယ်၊ အဟောက် ရှစ်ရာ ဖြစ်သွားမယ်။
မြေးတောင်မှ လွယ်သမှတ်လို့။ စိတ်ကောင်းဝင်နေရင် ဘိုးဘိုးကလည်း အားကြီး မေ့တတ်တာပဲ။ ဘာညာ ရေရွတ်ပြီး ရှာပေးတတ်တယ်။ ဒါမျိုးကလည်း ၁၀ ခါမှ တစ်ခါပါ။ များသောအားဖြင့် ကြားရသမျှကို မှတ်တမ်းတင်ရသည် ရှိသော်ဆိုပြီး ရေးချပြပါရစေ။
''ဘိုးဘိုး မျက်မှန်ကို သားက စောင့်ကြည့်နေတာမှ မဟုတ်တာ''
''ဘိုးဘိုးတောင်မှ ကိုယ့်ဘာသာ ဘယ်နားချမိမှန်း မသိရင် သားက ဘယ်လိုလုပ် သိမှာလဲ''
''သားက ဒီမှာ စာကျက်နေတာ''
''မမြင်မိလိုက်ဘူး''
''မတွေ့ဘူး''
''သတိမထားမိဘူး''
''ဘိုးဘိုး နောက်ဆုံးစာဖတ်တာ ဘယ်နားမှာလဲ''
''ဂိမ်းတန်းလန်းကြီးနဲ့ ဘယ်လိုလုပ် ကူရှာရမှာလဲ''
ဒါနမူနာ တချို့ပါ။ တစ်ခါတလေ ကျရင်တော့ ပါးစပ်ကမဖြေဘဲ ခန္ဓာကိုယ် အမူအရာနဲ့ ပြတတ်သေးရဲ့။ ခေါင်းခါမယ်။ လက်ခါမယ်၊ ပခုံးတွန့်မယ်။ လုပ်လုပ်ပြတတ်လွန်း။
(၆)
သတိမထားမိလို့ ပျောက်သွားတာကို ရှာခိုင်းရင် မြေးနဲ့အဲသလို ကြုံရတယ်။ ဘ၀တူ ပင်စင်စား အဘိုးကြီးများနဲ့ စကားလေး ဘာလေးပြောရင် ဘာလုပ်ရအောင်၊ ညာလုပ်ရအောင်ဆိုပြီး တိုင်းပြည်အကျိုး စီးပွားအတွက် ဆွေးနွေးရင် ကြားရတတ်တာ ပြောပါဦးမယ်။
''ဖြစ်မယ် မထင်ပါဘူးကွာ''
''ငါတို့ စမ်းကြည့်ခဲ့ဖူးပါပြီ''
''ငါတို့လုပ်ဖို့ အခြေအနေပေးမှာ မဟုတ်ဘူး''
''အချိန်မတန်သေးဘူး''
''နည်းနည်းတော့ အချိန်ပေးပြီး စဉ်းစားရလိမ့်မယ်''
''သိပ်စွန့်စားရ လွန်းနေပြီ''
''ငါတို့နဲ့ မဖြစ်ပါဘူးကွာ''
''အဲဒါအများကြီး လုပ်ရမှာ''
''လုပ်စရာတွေ ၀ီခေါ်နေမှာကွ''
''ဘယ်သူမှ မလုပ်ကြတာ အကြောင်း တစ်ခုတော့ ရှိရမယ်''
''ဒီထက်ကောင်းတဲ့ဟာ ရှိရမယ်''
''ပိုလွယ်တဲ့လမ်းက လျှောက်ကြရအောင်''
''ငါတို့မှာ အလုပ်တွေက များလှတယ်''
''စနိုင်မှာတောင် မဟုတ်ပေါင်ကွာ''
''အဲဒါ ငါ့ကိစ္စ မဟုတ်ဘူး''
''ငါတို့ ဒီမှာ အလုပ်လုပ်နေတာ အဲဒီလို မဟုတ်ဘူးကွ''
''ဒီထက်ဦးစားပေး ရမှာတွေ အများကြီး''
''ကောင်းတော့ ကောင်းပါရဲ့။ ဘယ်သူက တာဝန်ယူ အကောင်အထည် ဖော်မှာလဲ''
''သေသေချာချာ ချိန်ဆကြည့်ရအောင်''
''ရန်ပုံငွေ မရှိဘူးဟေ့''
''အဲဒါ ငါ့အမှား မဟုတ်ဘူး''
''ငါ့စိတ်ကူး အကြံအစည်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်''
''ဒါမျိုးကို ဟိုတစ်ယောက် နောက်ဆုံးလုပ်ခဲ့တာပေါ့ကွာ။ ဘာမှလည်း ဖြစ်မလာပါဘူး''
''ငါ့အိုင်ဒီယာက ပိုကောင်းတယ်ကွ''
''နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင် ဖြစ်ကောင်း ဖြစ်မယ်ထင်ရဲ့''
''အေး ဒါပေမဲ့''
''လုံးဝကို ကန့်ကွက်တယ်ကွာ''
အများကြီးဗျာ။ အသက်ကြီး အတွေ့အကြုံ များကြသူတွေ ဖြစ်လေတော့ ခေါင်းခါခြင်း အတတ်ပညာမှာ ပါရဂူဘွဲ့ ပေးရလောက်အောင် တော်ကြသဗျာ။
(၇)
ပြောရရင် 'မလုပ် မရှုပ် မပြုတ်' တို့၊ 'တတ်ရင်လုပ်' တို့၊ 'မလုပ်လို့ ဘာမှမဖြစ်ဘူး၊ လုပ်ပြီး ဘာမှမဖြစ်ရင် နာပြီ' တို့ စတဲ့ အတွေးအခေါ် အမြင်တွေ ကိန်းအောင်း သန္ဓေတည်ခဲ့တာကလည်း ကြာခဲ့ပြီကိုး။
ကြောက်ကြတယ်။ ဘာမှန်းမသိတာတွေ ဖြစ်လာမှာကို ကြောက်ကြတယ်။ သက်သောင့်သက်သာ အနေအထား တစ်ခုကို စွန့်ခွာရမှာ ကြောက်ကြတယ်။ စွန့်စားရမှာ ကြောက်ကြတယ်။ ပြောင်းလဲမှုလုပ်ရမှာ ကြောက်ကြတယ်။ လက်ထဲမှာ ရှိနေတာလေး ပျောက်ပျက် သွားမှာ ကြောက်ကြတယ်။ အလုပ်ပြုတ်မှာ ကြောက်ကြတယ်။ အမြင်မတင့်မတယ်ဖြစ်မှာ ကြောက်ကြတယ်။ စကားပြောရမှာ ကြောက်ကြတယ်။ သိရင်ပြောနေရမှာစိုးလို့ မသိဘူးဆိုပြီး ဘူးခံတယ်။ အကြောင်းခြင်းရာ မြောက်မြားစွာကို သေချာကျန မလေ့လာ မသုံးသပ်ဘဲ ကြောက်ကြတယ်။
လုပ်ခဲ့ဖူးသားပဲ။ ဘာမှဖြစ်မလာခဲ့ပါ ဘူးကွာဆိုပြီး ဘယ်လိုလုပ်ခဲ့လို့ ဘာမှမဖြစ်ခဲ့တာလဲ ဆိုတာကို သုံးသပ်ဖို့ အဖြေရှာဖို့ စိတ်မကူးဘဲ ဘာမှမလုပ်ရရေး ပထမနဲ့ နေကြတယ်။ အားလုံး အဆင်ပြေနေတာပဲဟာ ဘာလို့ပြောင်းပစ် ရမှာလဲဆိုပြီး ပစ္စက္ခခဏမှာ ပြဿနာ မရှိသေးသည့်တိုင် အနာဂတ်မှာ ဖြစ်လာနိုင်တာတွေကို ဘေးဖယ်ထားတယ်။ ခံစားမှုတွေကို ရှေ့တန်းတင်ကြ လွန်းတယ်။ ကိုယ့်ထက် ပိုမို ကောင်းမွန်သာလွန်တဲ့ အတွေးအခေါ်၊ အကြံအစည်၊ လုပ်ဆောင်ချက် ရှိတဲ့သူတွေ ပေါ်ပေါက်လာမှာကို မလိုလားဘူး။
(၈)
အသစ်တစ်ခု အစပြုပြီဆိုရင် အလုပ်ပိုလုပ်ရ စမြဲပါ။ ခါတိုင်းလို သက်သောင့်သက်သာ နေရဖို့ မျှော်လင့်မနေပါနဲ့။ လူပျင်းတွေက စိုက်ထုတ်မှုနည်းနည်းနဲ့ သက်သက်သာသာ နေချင်တယ်။ ဖြစ်နိုင်ရင် ဘာမှမလုပ်ချင်ကြဘူး။
အဲဒီတော့ အလုပ်ပိုမယ့် ကိစ္စမှန်သမျှ ဆန့်ကျင်ကြတယ်။ 'မ' ဘာသာစကား ထွန်းကားတယ်။ လွယ်လွယ်လေးငြင်းပြီး အေးအေးဆေးဆေးနေမယ်။ အကျင့်ဟောင်း အကျင့်ဆိုးတွေဟာ ဖျောက်ဖျက်ဖို့ ခက် တယ်။ ဒီလိုပဲ ငါတို့နေလာခဲ့ကြတာ ကြာပေါ့။
မလုပ်ချင်တော့ အကြောင်းပြစရာ ရှာရတာပေါ့ဗျာ။ ဒါကလည်း လွယ်ပါတယ်။ လုံလောက်တဲ့ နည်းပညာ၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်ပညာရှင်၊ အချိန်မရှိဘူး။ ပြောလိုက်လွယ်လွယ်လေး။ မလုံလောက်တာကို လုံလောက်အောင် လုပ်ဖို့နည်းလမ်း မရှာကြဘဲနဲ့တော့ မရှိခြင်းထဲမှာ သံသရာ လည်နေမှာပါပဲ။
မျက်မှန်ပျောက်လို့ ရှာတာရော၊ မရောက်သေးတဲ့ အခြေအနေကောင်း တစ်ရပ်ကို ရောက်အောင် လှမ်းရာမှာရော၊ မရှိသေးတဲ့ အကျိုးစီးပွား တစ်ခုကို ရအောင်လုပ်ရာမှာရော တူညီတာက 'မ' ဘာသာစကား အလိုမရှိဆိုတဲ့ ဆောင်ပုဒ်ပါပဲ။ ဆောင်ပုဒ်တွေနဲ့ နေသားကျခဲ့ပြီဆိုတော့ ဒီတစ်ခု ထပ်တိုးလို့ ပြဿနာ မရှိတန်ကောင်းဘူး ထင်ပါရဲ့။
(၉)
ကလေးတွေ ဖွင့်ဖွင့်နေတတ်တဲ့ သီချင်း တစ်ပိုင်းတစ်စ ပြန်သတိရမိတယ်။
''သွားစမ်းပါ''
ဟုတ်တယ် ''သွားပါ'' 'မ' နိုင်ငံသားတွေ အကုန်သွားကြစမ်းပါ။ လုံးဝ မမြင်ချင်တော့ပါ။ 'မ' ဘာသာစကားတွေ အကုန်သွားကြစမ်းပါ။ လုံးဝ မကြားချင်တော့ပါ။


မောင်စံပေါ
Eleven Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ